interview political news

“တပ်မတော်ကနေ ပြည်သူတစ်ယောက်ကို တရားစွဲတာပေါ့။ ကျနော်ထင်တယ် အဲဒါမျိုး ကမ္ဘာပေါ်မှာလည်း မရှိဘူးထင်တယ်”

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

တပ်မတော်၏ တရားစွဲဆိုခြင်းခံထားရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ဆက်သွယ်မေးမြန်းချက်

မေး ။ ။ တပ်မတော်က တရားစွဲမှု အပေါ် ဘယ်လိုမြင်မိလဲ။

ဖြေ။ ။ စွဲဆိုတာက နှစ်မှု ။ ၆၆ ( ဃ) နှင့် ၅၀၅ ( က )နှစ်မှုနဲ့ စွဲထားတယ်။ ၅၀၅ ( က) က တရားရုံး ကို ဦးတိုက်လျှောက်ထားတယ်။ အဲ့ဒီဟာအတွက် ရုံးချိန်းက ၁၂ ရက်နေ့ သွားရမယ်။ ကျနော်က အင်းစိန်မှနေတော့ အင်းစိန်တရားရုံးကို ဦးတည်လျှောက်တာပေါ့။

ကျနော်တင်ထားတဲ့ Post တစ်ခုက ၆၆ (ဃ) ၊ ဒီအချက်အလက်တွေကြောင့် ရဲစခန်းက ပြောလို ကျနော်သိရတာ။ ဒါပေမဲ့ ဒီ ၅၀၅ ( က) အတွက်ကတော့ ဘယ်ဟာကြောင့် ၊ဘယ်ဟာနဲ့ တရားစွဲဆိုထားတာဟာ ၁၂ ရက်နေ့ ရုံးချိန်းမှာ သိရမှာ ။ အဲဒါက ကြိုမသိရဘူးလေ။

မေး ။ ။ ။ တပ်မတော်ဘက်က သူတို့ကို ဝေဖန်တဲ့သူတွေအပေါ် ဥပဒေကြောင်းအရ ဆောင်ရွက်လာတာ ဘာကြောင့်လို့ထင်လဲ။

ဖြေ။ ။ တပ်မတော်ရဲ့ သဘောထား တင်းမာမှု ၊ အဲ့ဒီဟာကို သူတို့ ပြလိုတာ ပေါ့။ နောက်တစ်ချက်က ၂၀၂၀ ရွေးကောက်ပွဲကလည်း နီးလာပြီ ။ အဲဒီမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီဘက်က အင်အားနည်းနည်းလေး နည်းသွားအောင် ၊ လုပ်တာလည်း ဖြစ်မယ်။ နောက်တစ်ချက်က အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ထဲမှာလည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ကြိုးစားနေတယ်။ ။ လွှတ်တော်ပြင်ပမှာလည်း လူထုက တရားဥပဒေပြင်ဆင်ရေးကို အင်တိုက်အားတိုက် ထောက်ခံနေရတယ်။ အဲ့ဒီဟာလည်း အရှိန်အဟုန် တန့်သွားစေချင်တာတွေ ပါနေတယ်။ ကျနော်ထင်တာ ။

မေး ။ ။ ဘယ်လိုရင်ဆိုင်သွားမလဲ။

ဖြေ။ ။ ၆၆ (ဃ) တော့ အာမခံရထားတယ်။ ၅၀၅ (က)ကတော့ ၁၂ ရက်နေ့ တရားရုံး မှ ပထမဦးဆုံး ကြားနာခြင်း ပေါ့လေ။ အဲ့ဒီမှာ သိရမယ်။ အခု ကျနော် လောလောဆယ် အသည်းကင်ဆာ ဖြစ်လို အသည်းကို ခွဲထုတ်ထားတာလေ ။ အသည်းက အဆင်မပြေသေးဘူး။ အဲ့ဒီကော အဲ့ဒီဟာတော့ အာမခံ မရရင် မဖြစ်ဘူး။ မဟုတ်ရင် ကျနော် အချုပ်ထဲမှာ အသက်အန္တရာယ် ရှိနိုင်တာပေါ့။

၆၆ (က) နဲ့ တရားစွဲဆိုထားတာကို သတင်းတွေ Online တွေ အပေါ် ပျံနှံလာတယ်။ မတ်လ ၂၉ ရက်နေ့က သူတို့ တရားစွဲဆိုတော့ သူတို့ ရဲစခန်းမှာ အမှုဖွင့်တယ်။ ၂၉ ရက်နေမှာပဲ တရားရုံးမှာ ဦးတည်လျှောက်ထားတယ်ပေါ့။ အဲ့တာတွေက မတ်လ ၃၀ ရက်နေ့ သတင်းတွေ စပျံနှံလာတယ်။ မတ်လ ၃၁ ရက်နေ့ က နေပြည်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ ရှိတယ်။ ကျနော်က အရင်ကတည်းက ပြင်ဆင်ပြီးသား ဖြစ်တဲ့အတွက် နေပြည်တော်ကို သွားတယ်။ သွားပြီး ညပြန်ရောက်လာတယ်။ နောက်နေ့ ဧပြီ ၁ ရက်နေ့မှ ကျနော်ကိုယ်တိုင်ပဲ အင်းစိန်ရဲစခန်းကို သွားမေးတယ်။ အဲ့ဒီဟာ ဟုတ်ပါသလား ၊ အဲ့တော့ အင်းစိန်ရဲစခန်းက ဟုတ်ပါတယ် ၊ ဒီဟာ သူတို့ဆီကို လာပြီး ၆၆(က) နဲ့ အမှုဖွင့်ထားပါတယ်။ အဲ့တာကြောင့်မို့ ဧပြီ ၁ ရက်နေ့ ၊ အင်းစိန်ရဲစခန်းကို သွားပြီးတော့ အစစ်ခံရ ၊ စစ်ဆေးခံရတယ်။

ကျနော်ပြောချင်တာက အင်းစိန်ရဲစခန်းကို အစစ်ခံရတဲ့အချိန်မှာလည်း ကျနော်က အဲ့အကောင့်က ကျနော်အကောင့် ဖြစ်ပါတယ် ။ အဲ့ Post တွေကို ကျနော်ရေးပါတယ် ဆိုပြီး ထွက်ဆိုထားတယ်။ အဲ့တော့ ဆိုလိုချင်တာက ဒီအမှုကို ရင်ဆိုင်မှာပါ။ ထွက်ပြေးတာ ၊ တိမ်းရှောင်တာတွေ ကျနော်မလုပ်ပါဘူး။

မေး ။ ။ တပ်မတော်အပေါ် အမြင်သဘောထား ဘယ်လိုရှိလဲ။

ဖြေ။ ။ အခု တပ်မတော် ကနေ ကျနော်ကို တရားစွဲတယ်။ တပ်မတော်ကနေ ပြည်သူတစ်ယောက်ကို တရားစွဲတာပေါ့။ ကျနော်ထင်တယ်။ အဲ့တာမျိုး ကမ္ဘာ့ပေါ်မှာလည်း မရှိဘူးထင်တယ်။ ကျနော်သိသလောက်ပေါ့။ တပ်မတော်ဆိုတာ သူရဲ့တာဝန်က နိုင်ငံသူနိုင်ငံသားတွေကို အကာအကွယ်ပေးထားတဲ့ တာဝန် ၊ ကာကွယ်စောင့်ရှောက်တဲ့ တာဝန် ဝတ္တရား ၊ သူရဲ့ မူလတာဝန်ဝတ္တရား ၊ နောက်ပြီးတော့ နိုင်ငံသူနိုင်ငံသားတွေက တပ်မတော်ကို ဝေဖန်နေတာကလည်း မြန်မာနိုင်ငံက ၁၉၆၂ ခုနှစ်ကစပြီး အာဏာရှင်လူတစ်စု ကြောင့် အစစအရာရာ နောက်ကျကျန်ရစ်နေတဲ့ အနေအထား ( ပညာရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ) အရာရာပေါ့၊ သဃံဇာတတွေ အရမ်းပေါ ၊ ကြွယ်ဝတဲ့ မြန်မာနိုင်ငံက အဲ့ဒီအနေအထား ရှိတယ်။ အဲ့ဒီဟာတွေ အာဏာရှင်လူတစ်စုကြောင့် ဖြစ်နေတာ ။ အခုထိလည်း ပြည်သူလက်ထဲကို အာဏာမပြည့် အဝ မရောက်သေးဘူးပေါ့ ။ အဲ့ဒီဟာကြောင့် သူဆီမှာ အများစု ၊ နိုင်ငံသူနိုင်ငံသားအများစုက အဲ့ဒီဟာတွေကို ထောက်ပြ ပြောဆို ၊ ဝေဖန် ပြီး ပြည်သူလက်ထဲကို အာဏာ အပြည့်အဝရောက်တဲ့နည်း ၊ မြန်မာနိုင်ငံတည်ဆောက်ရေးမှာ အခုအချိန်မှာ စတင်ပြီး လုပ်ဆောင်ရမယ့် အချိန် ဖြစ် နေပြီးဆိုတဲ့ ဟာကို အဲ့သဘောကို ဝေဖန်ထောက်ပြနေတာပါပဲ။ ဒါပေမဲ့ တပ်မတော်က ပြည်သူ့ကို မျက်နှာမမူဘဲ အာဏာရှင်လူတစ်ဦးကိုပဲ မျက်နှာမူနေတဲ့ အနေအထား ဖြစ်နေပြီးတော့ အခုကိစ္စမှာလည်း သူတို့ သဘောထားတင်းမာမှု ၊ ပြည်သူ့ဘက်ကိုမျက်နှာမမူနိုင်သေးဘူးဆိုတဲ့ အနေအထားကို ပြဆိုတယ်လို ကျနော်ကတော့ မြင်တယ်။

မေး ။ ။ တပ်မတော်က ဦးဆောင် တရားစွဲတာ ဘယ်သူလဲ။

ဖြေ။ ။ ကျနော်ကို တရားစွဲဆိုထားတာက တပ်မတော်ကိုယ်စားပြု ပြီးတော့ ဒုတိယ- ဗိုလ်မှူးကြီး လင်းထွန်းကနေ တရားစွဲဆိုတာပါ။ ကျနော် နဲ့ ဒုတိယ – ဗိုလ်မှူးကြီး လင်းထွန်း ကြားထဲမှ ဘာအငြိုး ၊ ဘာ အာဃာတ မှ မရှိပါဘူး ။ ကျနော် သူကို သိတောင် မသိဘူး။ မြင်တောင် မမြင်ဖူးဘူး။ အခုမှ ပထမဦးဆုံး ကြားဖူးတာ ။ တပ်မတော်ဘက်ကနေ ကိုယ်စားပြုပြီး သူက ကျနော်ကို တရားစွဲဆိုတာ။ အဲ့လိုပဲ သိရတယ်။

မေး ။ ။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ ပတ်သက် လို့ တရားစွဲဆိုခံရတာကို ဘယ်လို သဘောထား ရှိလဲ။

ဖြေ ။ ။ လွတ်လပ်စွာ ဝေဖန် ထုတ်ဖော်ပြောဆိုခွင့် အဲ့တာဟာက ရှိသင့်တာပေါ့။ ဒီနိုင်ငံမှာ ဒီမိုကရေစီ အစိုးရ က အုပ်ချုပ်နေပြီ ။ ၃ နှစ် ကျော်ပြီ ။ အဲ့တာက ရှိသင့်တယ်။ ဒါပေမဲ့ အားလုံးက ပြောနေကြတယ်။ အဲ့ဒီဟာလည်း မရှိသေးဘူး။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တွေ ဆိုရင်တော့ တမျိုးလေ။ ကျနော်တို့ ပြောနေတာက ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မဟုတ်ပါဘူး။ နိုင်ငံအတွက်ပြောနေတာပါ။

မေး။ ။ နောက်ဆုံး ဖြည့်စွက် ဘာများ ပြောပြချင်တာ ရှိလဲ။

ဖြေ။ ။ တပ်မတော်နဲ့ ကျနော်ကို တရားစွဲဆိုတဲ့ ဗိုလ်မှူးကြီးအကြား ဘယ်အငြိုး ၊ အာဃာတ မရှိပါဘူး။ ဒါပေမဲ့ သူက တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ကိုယ်စားပြုပြီး နိုင်ငံသူနိုင်ငံသား ၊ ပြည်သူ့တစ်ယောက်ကို တရားစွဲဆိုတယ်။ အဲ့တာကို ထွက်ပြေးတိမ်းရှောင်ဖို့ မရှိပါဘူး။ ကျနော်တရားရုံးမှာ ရင်ဆိုင်သွားဖို့ ရှိပါတယ်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com