All News interview Peace

ညမထွက်မရ အမိန့်ထုတ်ပြန်ပြီး ၉ ရက်အကြာ ရခိုင်နောက်ဆုံးအခြေအနေ

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း နှင့်ရသေ့တောင်မြို့နယ်တို့တွင် ဧပြီလ ၂ ရက်နေ့မှစတင်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကာ ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး ၉ ရက်အကြာ အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ရခိုင်ဒေသမှ သက်ဆိုင်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးဦးလှစော
မြောက်ဦးမြို့နယ် ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်

ကျနော်တု့ိ မြင်တာက ပုဒ်မ ၁၁၄ ထုတ်တာ မလိုဘူးထင်တယ်။ အဲ့လောက်အထိ ၊ မြို့ပေါ်ရပ်ကွက်တွေက သာမန်ပုံမှန်ပါပဲ ။ အကြောက်တရား နည်းနည်း စိုးရိမ်စိတ် ၊ ကြောက်လန့်စိတ်တော့ ရှိတာပေါ့။ ဒါပေမဲ့ အဲ့လောက် အထိ ဆိုးဆိုးရွားရွား ဖြစ်တဲ့ အခြေအနေမျိုး မရှိဘူး။ ဒါမျိုးတွေက ကချင်မှာလည်း ဖြစ်တာပဲ။ ကရင်မှာလည်း ဖြစ်ဖူးတာပဲ ။ ရှမ်းမှာလည်း ဖြစ်ဖူးတာပဲ ။ ဒါပေမဲ့ ပုဒ်မ ၁၁၄ ထုတ်တာက မဖြစ်သင့်ဘူးလို့ မြင်တယ်လေ။ ဒါက နိုင်ငံရေး သဘောထား တစ်ခုလောက် ပါနေသလား ဆိုတာ သံသယ ဖြစ်မိတယ်။

အရင်က မောင်တာမှာလည်း ထုတ်တယ်လေ။ မောင်တောဆိုတာ အင်မတန် ဆိုးရွားတဲ့ ဧရိယာ ။ မောင်တောမှာက မွတ်စလင်တွေ သိန်းနဲ့ ချီ ထွက်ပြေးကြတယ်။ အာဆာ အကြမ်းဖက်တွေ လုပ်တယ်။ တပ်မတော်က နှိမ်နင်းတာတွေ ရှိတယ်။ တပ်မတော်နဲ့ အာဆာ တိုက်ပွဲတွေ ဖြစ်တယ်။ နိုင်ငံတကာလည်း အရမ်းကို ဖိအားများတယ်။ ပြဿနာက အရမ်းရှု့ပ်ထွေးတဲ့အတွက်ကြောင့် ဒါက မောင်တောက နယ်စပ်လေ။ နှစ်နိုင်ငံ နယ်စပ်ဧရိယာ ၊ ကျနော်တို့ထဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့ လုပ်တဲ့ အချိန် ထဲမှာ တရားဥပဒေ စိုးမိုးမှုအားနည်းနေပြီးတော့ ပုဒ်မ ၁၁၄ ထုတ်တာက အစိုးရအတွက်ကတော့ ကောင်းတဲ့ အမှတ်ရစရာ လုပ်ရပ်တစ်ခုတော့ မဟုတ်ဘူး။

မင်းပြားမြို့နယ် ၊ ပန်းမြောင်းဆိုတာ မြောက်ဦးမြို့နဲ့ တစ်ဖက်ကမ်း ၊ လေးမြို့မြစ် တစ်ဖက်ခြမ်း ၊ ၊ မင်းပြားမြေပုံဘက် တစ်ခြမ်းလုံး ၊ မင်းပြားနှင့် မြေပုံကြားမှ တပ်မတော် လေ့ကျင်ရေးသင်တန်းကျောင်း ရှိတယ်။ အဲ့တာလည်း ဘာမှ မဖြစ်ဘဲနဲ့ မင်းပြားကိုပါ ထည့်ပြီး လုပ်လိုက်တယ်ဆိုတာက လုံးဝမလုပ်သင့်တဲ့ လုပ်ရပ် ပဲ ။ ဒါ ကျနော်ထင်တယ်။ နိုင်ငံရေး များ ပါသလား ၊ စဉ်းစားနေတယ်။ ဘာလို့ဆိုတော့ ဒီဘက်ခြမ်းကျနော်တို့ မြောက်ဦး ၊ ကျောက်တော် ၊ မင်းပြား ၊ ဆိုတာ ရခိုင်အမျိုးသားပါတီ က နိုင်တဲ့နေရာ ၊ နိုင်ငံသြဇာ ကြီးတဲ့ နေရာဆိုတော့ ၊ NLD ကလည်း ဘာမှ သြဇာ မရှိတဲ့ နေရာဆိုတော့ နိုင်ငံရေးဂိမ်းတစ်ခု ကစား သလိုများ အဲ့တာမျိုးများ ဖြစ်နေသလား ၊ တကယ်ကော လုံခြုံရေးအတွက်ကြောင့် ဒီလောက်အထိ စိုးရိမ်စရာ လိုသလားဆိုတာ ၊ အကောင်းဆုံးကတော့ ပြည်ထောင်စုက ဝန်ကြီးတွေ ဆင်းလာဖို့ကောင်းတယ်။ အဲ့သည့်နေရာတွေကို အခုတော့ ကျနော်တု့ိ ပြည်ထောင်စုက နေပြည်တော်က တာဝန်ရှိ ဝန်ကြီးတွေ ဘယ်သူမှ ဆင်းမလာဘူး အဲ့တာက ပြဿနာ ။

အခု ပုဒ်မ ၁၁၄ က ထုတ်စရာ မလိုဘူး။ သူဘာသာ သွားနေတာပဲ။ တိုက်ပွဲတွေဆိုတာ ဖြစ်တာ လေ။ တိုက်ပွဲဆိုတာ ငြိမ်လိုက် ပျောက်လိုက်ပဲ ။ ကျနော်ပြောခဲ့သလိုပဲ ကချင်မှာ လည်း ဖြစ်ခဲ့တာပဲ ။ ရှမ်းမှာလည်း ဖြစ်ခဲ့တာပဲ။ ကရင်မှာလည်း ဖြစ်ခဲ့တာပဲ ။ တိုက်ပွဲ ဖြစ်တာနဲ့ ပုဒ်မ ၁၁၄ ထုတ်ပြီး မြို့နယ်မှ အဲလို လုပ်တာမျိုးတော့ ကျနော်တို့က အထူးသဖြင့် ဒီမိုကရေစီ အကူးအပြောင်းကာလမှာ မလုပ်သင့်ပါဘူး ။

ဦးခင်မောင်လတ်
ရသေ့တောင်မြို့နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ကျနော်အမြင်ကတော့ ပုဒ်မ ၁၁၄ က မလိုသေးဘူး ။ အခုဆိုရင် ညနေ ၆ နာရီလောက်ဆိုရင် ဘယ်သူမှ မသွားလာတော့ဘူး ။ ညနေ ၆ နာရီလောက်ဆိုရင် ကား တွေ မရှိတော့ဘူး။ ဘယ်သူမှ မသွားတော့ဘူးလေ။ ညပိုင်းဆိုရင် ၆ နာရီ ၊ ၇ နာရီဆိုရင် မြေပြင်က စစ်ဆေးနေရင် သွားလာလို့ မရတော့ဘူး ။ ကားလမ်းမှာဆိုရင် အလိုအလျောက်ကာ လူတွေက မသွားလာတော့ဘူး။ ဘာကြောင့်လဲဆိုတော့ နေရာတိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာ ။ ဟိုနားမှ ကွက်ကြား ၊ ဒီနားမှ ကွက်ကြား ၊ အမြှောက်ဆန်က တစ်ကြိမ်းကြိမ်း ၊ တိုက်နေတာ။ သေနတ်သံက ဟိုက ဒီကကြားရ ၊ ဘယ်သူမှ မသွားကြတော့ဘူးလေ။ စီးပွားရေး ၊ လူမှုရေးက ဒီမှာ နောင့်နှေး ၊ နှေးကွေးကုန်နေတာ ။

ဆိုင်တွေလည်း မရှိတော့ဘူး။ ဒီမှာက အကုန်လုံး တိတ်ဆိတ်ငြိမ်ဝပ်နေတာလေ။ ဒါကြောင့် ညမထွက်တာက လိုကို မလိုတာ။ ညပိုင်း ဘယ်သူမှ မထွက်တော့တာ ။ နေလည်ပိုင်းတောင် မသွားတာ။ လိုတဲ့နေရာတွေက ရှိတယ်။ တခြားနေရာတွေမှ တခြားတိုက်ပွဲဖြစ်တဲ့ နေရာတွေ ရှိတယ်။ လူသတ်မှုများတဲ့ နေရာတွေ ရှိတယ်။ သက်ငယ်မုဒိမ်းမှုတွေ ရှိတယ်။ အဲ့တာမျိုးတွေမှ လိုတာ။ ဒီမှာ ရခိုင်မှာ ဘာမှ မရှိဘူး။

ဒါပေမဲ့ ပြေးနေတာပဲ ရှိတယ် ၊ လူတွေ ပူပန်သောကရောက်ပြီး ပြေးနေတာ တစ်ခုပဲ ရှိတယ်။ ရောက်တဲ့နေရာမှတော့ အေးအေးဆေးဆေးနေနေကြတာ ။ အသွားအလာလည်း မရှိတော့ဘူး။ ရွာကို နေ့တိုင်း အမြှောက်တွေ ပစ်နေတာလေ။ ဒီက ကျောက်တော်က ပစ်ရင် ဟိုဘက်က ပင်လယ်ကမ်းစပ်က ဘူးသီးတောင်က ကြားရတယ်။ ဘူးသီးတောင်က ပစ်ရင် ဒီက ကြားရတယ်။ ကြားနေရတာပဲ ညပိုင်းဆိုရင် ။ ဘယ်သူမဆို နားထောင်ကြည့်ရင် သိတာပဲ။ ဖြစ် ၊ မဖြစ် ဆိုတာက ။

ကိုရွှေတူး
မင်းပြား မြို့နယ် – ဒေသခံ

ပုဒ်မ ၁၁၄ ထုတ်ပြန်တဲ့အခါ ၅ မြို့နယ်မှာ အစိုးရ ဘက်က ကြည့်ရင်တော့ မြို့နယ်တွေ အေးချမ်းသာယာရေး မတည်မငြိမ်ဖြစ်နေတာတွေက မှန်ပါတယ်။ ဒါ အစိုးရ အနေနဲ့ ထုတ်သင့်လို ထုတ်တာ ထားပါ။ ပြည်သူ့တွေ အနေနဲ့ကျတော့ နှစ်ဖက်ခံနေရတယ်။ နှစ်ဖက်ခံနေရတယ်ဆိုတာက ပုဒ်မ ၁၁၄ ထုတ်လိုက်ပြီး ဆိုရင် ပြည်သူ့တွေက ပစ်ခတ်တာ ရခိုင်ဖြစ်လို ၊ ဟိုဘက်က ဝင်ပါတာ ၊ ဒီဘက်က ဝင်ပါတာ မဟုတ်ဘူးလေ။ ပစ်တာက မြောက်ဦးဖြစ်စဉ်ကတော့ နည်းနည်းသိတာပေါ့။ ဒါ တပ်မတော်ဘက်ကပဲ ပစ်တာ တစ်ခုတည်းပဲ ရှိတယ်။ ဒါကို ကျနော်အမြင် ပြောရရင် မြို့ ပေါ်ကနေ ၁၁၄ ထုတ်လိုက်တယ်ဆိုရင်တော့ နည်းနည်းတော့ သဘာဝ မကျဘူးလို့ သုံးသပ်မိတယ်။ အခု ကျနော်က မင်းပြားမှ နေတော့ လက်ရှိမင်းပြားမှာ တိုက်ပွဲ ဖြစ်တာ တစ်ကြိမ်တစ်ခါမှ မဖြစ်သေးဘူး။ မင်းပြားမြို့နယ် ၊ ပန်းမြောင်းမှတော့ တစ်ခါပဲ ဖြစ်ဖူးတယ်။

ကိုမောင်ခင်အောင်
ကျောက်တော် မြို့နယ် – ဒေသခံ

ညမထွက်ရ အမိန့် ထုတ်ပြန်တာ ယေဘုယျပြောရရင် မကောင်းဘူးပေါ့။ အထူးသဖြင့် တခြားလက်လုပ်လက်စားတွေအတွက် ဆင်းရဲသူတွေအတွက် အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ ညကျရင် ဥပမာ- ၆ နာရီ သတ်မှတ်ထားရင် ။ ၆ နာရီ မတိုင်ခင် သူက အလုပ်ပြီး ၊ မပြီး သူက ပြန်ဝင်ရမယ်သဘောရှိတယ်။ မရောက်လာနိုင်ဘူးဆိုရင် သူအနေနဲ့ အခက်အခဲ ရှိပြီးလေ ။ သူတို့ အဖမ်းအဆီး ခံရမယ်။ မေးမြန်းခြင်း ခံရမယ်။ နှိပ်စက်ခြင်းလည်း ခံရင် ခံရနိုင်တယ်လေ ။

ဓာတ်ပုံ- လူသူနည်းပါးနေတဲ့ မြောက်ဦးမြို့မဈေး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com