All News Peace

စစ်သား ၂ ဦးက မိသားစုဝင် ၈ ဦးကို ပစ်သတ်မှု ဆိုင်ကယ်ငှားစီးရာမှ အချင်းများခြင်းမဟုတ် ဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခြင်းဟု ကျန်ရစ်သူ မိသားစုပြော

ရန်ကုန်၊ ဧပြီ ၁၁

ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကျေးရွာတွင် ပြည်သူ ၈ ဦးကို စစ်သား ၂ ဦးက ပစ်သတ်မှုသည် ဆိုင်ကယ်ငှားစီးရာမှ အချင်းများခြင်းမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခြင်းဖြစ်ကြောင်း သေဆုံးသူများ၏ဖခင် ဦးသန်းရွှေက ပြောသည်။

ရန်ကုန်မြို့၊ မြန်မာ့သတင်းလွတ်လပ်ခွင့် စင်တာတွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သေဆုံးသူများ၏ ဖခင်ဖြစ်သူ ဦးသန်းရွှေက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒါက ဆိုင်ကယ်ငှားစီးလို့ အချင်းများတာမျိုးမဟုတ်ဘူး။ တမင် ရည်ရွယ်ချက်ရှိရှိလာပြီးတော့ ပစ်သတ်သွားတယ်ဆိုတာ လွတ်လာတဲ့ ကျနော့်သားနဲ့ မြေးတွေဆီက သိနိုင်ပါတယ်” ဟု ဦးသန်းရွှေက ပြောသည်။

သေဆုံးသူများနှင့် စစ်သား ၂ ဦးအကြား ရန်ငြိုးရန်စမရှိကြောင်း၊ မည်သည့်အတွက်ကြောင့် ပစ်သတ်သွားသည်ဆိုသည်ကိုလည်း မသိရှိကြောင်း ၎င်းက ဆိုသည်။

သေဆုံးသူများအတွက် သက်ဆိုင်ရာ တပ်မတော် ဗျူဟားမှူး ဗိုလ်မှူးကြီးကျော်စိုးမိုးက ငွေကျပ် သိန်း ၅၀ ပေးမည်ဟု ကမ်းလှမ်းထားပြီး ဆေးရုံတက်နေသူ အတွက် ငွေကျပ် ၁၀ သိန်းပေးအပ်ခဲ့ကြောင်း၊ သို့ရာတွင် ကျန်ရစ်သူ မိသားစုအနေဖြင့် နိုင်ငံတော်၏ စောင့်ရှောက်မှု လိုချင်ပြီး သေဆုံးသူတစ်ဦးအတွက် ငွေကျပ် သိန်း ၁၀၀ စီ လူမှုရေးအရ လိုချင်ပါကြောင်း၊ သေဆုံးသူများတွင် ကလေးငယ်များ ကျန်ရစ်ကြောင်း ဦးသန်းရွှေက ဆိုသည်။

တပ်မတော်က မိသားစုဝင်များကို ပစ်သတ်သော စစ်သား ၂ ဦးကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ကျန်ရစ်သူ မိသားစု၏ သတင်းစာရှင်းလင်းပွဲ ဗီဒီယိုဖိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် တင်ထားပြီး ယင်းဗီဒီယိုဖိုင်ကို အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။(https://www.facebook.com/khitthitnews/videos/440674266474369/)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com