All News China Watch Local News

ငမ်းငမ်းတက်နေသော တရုတ်နှင့် နိုးကြားနေသော လူထုအကြား မြစ်ဆုံကြောင့် ထိပ်တိုက်တွေ့တော့မလား

By စိုးစံထိုက်

တရုတ် CPI ကုမ္ပဏီက ရပ်နားထားသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို နည်းလမ်းမျိုးစုံနှင့် ပြန်လည်စတင်ရန် ကြိုးပမ်းနေသော်လည်း ကချင်လူထုအပါအဝင် နိုင်ငံတစ်ဝန်းလူထုများက ဆန့်ကျင်ကန့်ကွက်နေကြသည်။

“ကျမတို့ ကချင်လူထုတွေက ရေကာတာမလုပ်ဖို့ တောင်းဆိုနေကြပါတယ်။ ကျမတို့ကို မူလနေရာတွေကို မပေးဘူးဆိုရင် တစ်ခုခုတော့ လုပ်ရမှာပဲ။ မြစ်ကြီးနားက ကချင်ဒေသခံတွေသာမကဘဲ မြန်မာနိုင်ငံသားတွေ အားလုံးက ဧရာဝတီမြစ်ကို ကာကွယ်ရမှာပဲ” ကချင်ပြည်နယ်က ဒေသခံတစ်ဦးဖြစ်သူ အခြေခံလူထုဖွံဖြိုးရေးအဖွဲ့က ဒေါ်ဂျာခေါန်က ပြောသည်။

ထိုသို့ကန်ကွက်သူတွေ၊ သတင်းမီဒီယာတွေမှာ ပြောကြားသူတွေကို စီမံကိန်းလုပ်ဆောင်နေသော တရုတ်ကုမ္ပဏီက စောင့်ကြည့်ပြီး ထောက်ပံ့နေသောစားနပ်ရိက္ခာ(ဆန်)ကို ဖြတ်တောက်လိုက်သဖြင့် ဒေသခံအများစုက မပြောရဲကြပေ။

“ဆန်တွေကို ဖြတ်လိုက်ပြီဆိုရင် သူတိုရဲ့မိသားစု စားဝတ်နေရေးက ခက်ခဲနေတယ်။ ကျမတိုက မြစ်ဆုံမှာ ရေကာတာ မလိုချင်ဘူး။ စားဝတ်နေရေး ခက်ခဲနေလို့သာ သူတိုပေးတဲ့ဆန်ကို ယူရတာပါ”ဟု ဒေါ်ဂျာခေါန်က ဆက်ပြီးပြောသည်။

မြစ်ဆုံစီမံကိန်းအနီးတွင် နေထိုင်သော ဒေသခံ ၂၀၀၀ ဝန်းကျင်ခန့်မှာ မူလနေထိုင်ရာနေရာက ဖယ်ရှားပေးခဲ့ရပြီး တရုတ်ကုမ္ပဏီက နေရာချထားပေးသော ပြောင်းရွှေ့စခန်းတွင် ရွှေ့ပြောင်းနေထိုင်နေကြရသည်။

ဒေသခံများက အလုပ်အကိုင်ရှားပါးမူပြဿနာကြောင့် တရုတ်နိုင်ငံသို့လည်းကောင်း၊ ဖားကန့်မြို့သို့ လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းအတွက် သွားရောက်နေကြရသည်။

မြစ်ဆုံဆည်စီမံကိန်းကို ပြည်သူတစ်ဦးအနေဖြင့် မကြိုက်ကြောင်း စာရေးဆရာမဂျူးက ပြောဆိုပြီး သူက “အခုက ဆောက်လုပ်ရေးတောင် မလုပ်ရသေးဘူး၊ မူလနေရာမှာ နေထိုင်တဲ့ ပြည်သူတွေကို ဖယ်ခိုင်းနေပြီ။ သူတို့တွေက သဘာဝဂေဟစနစ်နဲ့ လုပ်ကိုင်စားသောက်တဲ့ လူတွေလေ၊ သူတို့တွေက ပြည်တွင်းမှာ နေရာရွှေ့ပြောင်းခံရတဲ့လူတွေဖြစ်သွားပြီလေ”ဟု ပြောသည်။

ထိုစီမံကိန်းနှင့် သက်ဆိုင်သော တရုတ်ကုမ္ပဏီက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်လမ်းများ ဖော်ဆောင်ပေးမူများ ရှိနေသော်လည်း လုံလောက်မူမရှိဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။
အချို့ မိသားစုများက တစ်ပိုင်တစ်နိုင် ဝါးတူလုပ်ငန်းလေးများ လုပ်ကိုင်နေကြကြောင်းသိရသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းတည်ရှိရာနေရာသည် ငလျင်ပြတ်ရွေ့ကြော ရှိသောကြောင့် မြစ်ဆုံရေကာတာ ကျိုးပေါက်ပါက စီးဝင်လာမည့် ရေအမြန်နှုန်းသည် ကီလိုမီတာ ၄၀ အကွာမှ မြစ်ကြီးနားမြို့သို့ ရောက်ရှိ တိုက်စားရန် ကြာမြင့်ချိန် စက္ကန့် ၂၀ သာရှိကြောင်း ပညာရှင်တချို့က ထောက်ပြသည်။

မြစ်ဆုံစီမံကိန်းသည် လျှပ်စစ်ထုတ်သည့်နေရာတွင် ဦးစားပေးဖြစ်ပြီး မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်းကြောင့် ပျက်စီးမှုများရှိနိုင်ကြောင်း၊ ၂၀၁၈ ခုနှစ်က မိုးရာသီအတွင်း ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးကျမှုကြောင့် လယ်မြေ၊ အိုးအိမ်များ ရေနစ်မြုပ်ခြင်း၊ လူထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ယင်းဖြစ်စဉ်က မြစ်ဆုံဆည်စီမံကိန်းအပေါ် လူထု၏ပူပန်မှုကို အရှိန်တက်စေသည်။

“သူတို့(တရုတ်ကုမ္ပဏီ)က လိုအပ်ရင် ရေထုတ်မယ်၊ မလိုရင် မထုတ်ဘူး ဆိုတော့ လျှပ်စစ်ထုတ်လုပ် ရေးအတွက် မထိခိုက်အောင်လုပ်မှာ စိုက်ပျိုးရေးလုပ်နေတဲ့ တောင်သူတွေအများကြီး ထိခိုက်နိုင်ပါတယ်”ဟု မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောသည်။

မြစ်ဆုံတာ ဆောက်လုပ်ပါက တာတမံအတွင်း နုန်းပို့ချတတ်သည့် သဘောသဘာဝကြောင့် သဘာဝ ဂေဟစနစ်ကြီး တစ်ခုလုံး ပျက်စီးသွားမည်ဖြစ်ပြီး ဒေသခံများ၏ လူမှုဘဝ ထိခိုက်မှုများပြားလာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောဆိုသည်။

“ဒီလောက်အဖိုးတန်တဲ့မြစ်ကို လက်လွတ်စပယ် မလုပ်သင့်ဘူး။ အဆိုးအကောင်းကို သေချာမဆန်းစစ်ခဲ့ဘဲနဲ လုပ်ခဲ့တယ်၊ မြစ်ဝကျွန်းပေါ်ဒေသတွေ ပျက်စီးသွားမယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရေရရှိဖို့ ခက်ခဲ့လာမယ်၊ ဧရာဝတီမြစ်က တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်တယ်”ဟု မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောသည်။

“မြစ်ဆုံဆည်ဆောက်လုပ်တာကြောင့် လျှပ်စစ်ဓါတ်အားရလာမယ်၊ စီးပွားရေး ဖွံဖြိုးတိုးတတ်လာမယ်လို့ ပြောတာက ဘာအထောက်အထားမှ မရှိပါဘူး၊ လူထူထောက်ခံမူရထားတဲ့ ခေါင်းဆောင်တွေကို ပြောချင်ပါတယ်၊ တစ်နိုင်ငံလုံးအရေးကိစ္စ နောက်မျိုးဆက်တွေပိုင်တဲ့ ဧရာဝတီကို တခြားနိုင်ငံကို ပေးလိုက်တယ်ဆိုရင် ပညာရှင်တွေပြောသလို သမိုင်းမှာ အကြီးမားဆုံးအမှားတစ်ခုကို လုပ်သလို ဖြစ်သွားပါလိမ့်မယ်။ အစိုးရအနေနဲ့ ဘယ်လောက် အကျပ်အတည်းတွေ့တွေ့ ပညာရှင်တွေရဲ့အသံတွေကို နားထောင်လိမ့်မယ်လို ကျမတို့ မျော်လင့်ပါတယ်”ဟု မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကို စီစဉ်သူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်းက ပြောသည်။

ထိုအစည်းအဝေးကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ နာရေးကူညီမူအသင်း(ရန်ကုန်)ရုံး၌ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်က ပြုလုပ်ခဲ့ပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဖွဲ့စည်းခြင်းကို အရပ်ဘက်လူမှုအဖွဲ့အစည်းများစွာ တက်ရောက်ခဲ့ကြသည်။

မြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့ ဧရာတီ မြစ်ဘေးရှိ ပြည်မြို့တွင် ကျင်းပသည့် လူထူတွေ့ဆုံပွဲတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူတွေကို အမြင်ကျယ်ကျယ်နဲ့ စဉ်းစားစေချင်ကြောင်း၊ စီးပွားရေး၊ လူမူရေး၊ နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင်များကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် စီးပွားရေးနှင့် နိုင်ငံရေးက ဆက်စပ်နေသောကြောင့် နိုင်ငံ၏ ဂုဏ်သိက္ခာ ၊ နိုင်ငံအပေါ် နိုင်ငံတကာ၏ ယုံကြည်မှု ရရှိစေရေးအတွက် စကားတည်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုခဲ့သည်။

သို့ရာတွင် သူ၏ပြောဆိုချက်မှာ ယခင် အစိုးရမဖြစ်ခင်က ပြောဆိုချက်များနှင့် လုံးဝကွဲလွဲနေပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့သော မြစ်ဆုံစီမံကိန်းဆန့်ကျင်ရေး လှုပ်ရှားမှုအချို့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် ပန်ကြားချက်တစ်စောင် လူထုသို့ ထုတ်ပြန်ခဲ့ဖူးသည်။

မြစ်ဆုံရေကာတာဆောက်လုပ်သည်ကို ကန့်ကွက်ကြောင်း စာရေးဆရာ ကိုတာက ပြောဆိုပြီး “လက်ရှိ အစိုးရကို အရင်အစိုးရတွေလုပ်သလို လိုက်လုပ်မယ်မဟုတ်ဘူးလို့ တွက်ပြီး ကျနော်တို့ မဲပေးခဲ့တာပါ။ အရင်အစိုးရလုပ်ခဲ့တဲ့ အမှားအယွင်းတွေကို ပြင်ဆင်တဲ့ အစိုးရကိုပဲ ကျနော်တို့အလိုရှိပါတယ်။ မလွှဲသာရင် အလဲအလှယ်အနေနဲ့ အခြားနေရာတစ်ခုခုစဉ်းစားပေါ့ဗျာ” ဟု ပြောဆိုသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းသည် စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့သော်လည်း မြန်မာ ပြည်သူများ ကန့်ကွက်ခဲ့မှုကြောင့် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ခေတ္တရပ်ဆိုင်းခဲ့သည်။

ထိုစီမံကိန်းစာချုပ်ပါ အချက်အလက်များကို အများပြည်သူများက စိတ်ဝင်စားလျက်ရှိသော်လည်း ယခုတိုင် ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသေးပါ။

မြစ်ဆုံစီမံကိန်း၏ တန်ကြေး စုစုပေါင်း ဒေါ်လာသန်း ၃၆၀၀ ခန့်ရှိကာ တရုတ်အစိုးရ၏ တရုတ်လျှပ်စစ်စွမ်းအား ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း (CPI) က ရင်းနှီးမြုပ်နှံမှု ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနှင့် အေးရှားဝေါလ်ကုမ္ပဏီက ၅ ရာခိုင်နှုန်း ရှယ်ယာပါဝင်ထားကြောင်း သိရသည်။

စီမံကိန်း တည်ဆောက်ပြီးစီးပါက ခန့်မှန်းခြေထွက်ရှိမည့် လျှပ်စစ်၏ ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိမည်ဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ရရှိမည်ဟု သဘောတူညီထားသည်။

တကျော့ပြန်လာနေသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းသည် တရုတ်နှင့် ပြည်သူလူထုအကြား ထိပ်တိုက်တွေ့နိုင်ပြီး မြန်မာ့ဒီမိုကရေစီခရီးလမ်းကို ထိခိုက်ပျက်စီးစေမည့် အခြေအနေများရှိနေကြောင်း မြစ်ဆုံအရေး တက်ကြွလှုပ်ရှားသူများက သတိပေးထားပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကလည်း သဘောထားကြေညာချက် ၇ ချက်ထုတ်ပြန်၍ မြစ်ဆုံစီမံကိန်း မလုပ်ဆောင်ရန် အစိုးရကို သတိပေးမှုများ လုပ်ဆောင်နေသည်။

(စိုးစံထိုက်သည် အလွတ်တန်းသတင်းစာဆရာမတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ချီးမြှင့်သည့် အပြောင်းအလဲအတွက်အမျိုးသမီးများဆု ရရှိခဲ့သူလည်းဖြစ်သည်။)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts