All News Local News Peace

ကျောက်တော်တွင် AA တပ်ဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ သံဃာ ၂ ပါးနှင့် လူ ၃ ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ ဧပြီ ၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရခိုင်တပ်မတော် AA တပ်ဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ လူ ၃ ဦးနှင့် သံဃာ ၂ ပါးကိုဖမ်းဆီးထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဧပြီ ၁ ရက်နေ့ ကန်ဇောက်ကျေးရွာအနီး စစ်တွေ-ကျောက်တော်ကားလမ်း၌ ယာဉ်သွား လာမှုများ ကို စစ်ဆေးလျက်ရှိစဉ် ည ၉ နာရီခန့်တွင် စစ်တွေဘက်မှ ကျောက်တော် ဘက်သို့ မောင်းနှင်လာ သည့် CINA အမျိုးအစား ယာဉ်အမှတ်၊ YGN-3G—- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ လက်ပြန်ကြိုးတုပ်ထားခြင်းခံရသူ မသင်္ကာဖွယ်တစ်ဦးအား တွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးရာ လက်ပြန်ကြိုးတုပ်ထားခြင်းခံရသူမှာ AA အဖွဲ့ထံမှ ထွက်ပြေးလာသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောကျေးရွာနေ အမှတ်၊ AA -၄၅၇၈၊ အဆင့်(စိစစ်ဆဲ) မြထွန်းဆိုသူဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် အသေးစိတ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ယာဉ်အား ပုဏ္ဏာကျွန်း မြို့၊ သီရိမဇ္ဇူ ကျောင်းတိုက် ဆရာတော် ဦးသုဝန(၃၉ နှစ်) လူအမည် ဦးသိန်းကျော်က မောင်းနှင်လာပြီး ယာဉ်ပေါ်မှ မြောက်ဦးမြို့၊ ဂန္ဓမာတောင်ကျောင်းတိုက်နေ ဦးဉာဏ (၄၀ နှစ်) လူအမည် ဦးခိုင်လှထွန်း နှင့် AA အဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နေ အမှတ်၊ AA -၃၈၅၄၊ အဆင့်(စိစစ်ဆဲ) သိန်းဟန်( ၂၀ နှစ် ) နှင့် AA အဖွဲ့သို့ဝင်ရန် လိုက်ပါလာသည့် ပုဏ္ဏားကျွန်းမြို့နေ ကျော်ဆန်း( ၂၆ နှစ်) တို့ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများအနက် AA အဖွဲ့ဝင် သိန်းဟန်အား စစ်ဆေးမေးမြန်းချက်များအရ AA အဖွဲ့မှ ညီညီစိုးဆိုသူက ၎င်းထံဖုန်းဖြင့်ဆက်သွယ်၍ AA အဖွဲ့မှ ထွက်ပြေးသော မြထွန်းအား ခေါ်ဆောင်ကာ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်း ကျေးရွာအနီး ပိတောက်ချောင်းတံတား အကျော်တောစပ်သို့ လာရောက်ပို့ဆောင်ရန်နှင့် တောစပ်သို့ ရောက်ရှိပါက ထွန်းလင်းနိုင်ထံသို့ လွှဲပြောင်းပေးရန် စေခိုင်းခဲ့သဖြင့် မြထွန်းအား လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း၊ ပိတောက်ချောင်း တောအစပ်သို့ သွားရောက်ရန် ဦးသုဝန (လူအမည် ဦးသိန်းကျော်)က ယာဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့ အနီးသို့ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ဦးသုဝန ကိုင်ဆောင်သည့်ဖုန်းအား ဆက်လက်စစ်ဆေးခဲ့ရာ ထွန်းလင်းနိုင် ဆိုသူနှင့် ဖုန်းဆက်သွယ်ထားရှိမှုများ တွေ့ရှိရသဖြင့် အဆိုပါသံဃာ ၂ ပါး မှာလည်း AA အဖွဲ့နှင့် ဆက်သွယ်မှုများရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါဖမ်းဆီးရမိသူများအနက် သံဃာ ၂ ပါးအား စစ်တွေမြို့နယ်သံဃာ့ နာယက တောင်ရွှေရွာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဓမ္မိက ရှေ့မှောက်တွင် အပ်နှံ၍ သာသနာ့ စည်းမျဉ်း စည်းကမ်းများနှင့်အညီ သိက္ခာချ လူဝတ်လဲစေခဲ့ပြီး ကျန်သူများနှင့်အတူ တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ရခိုင်တပ်မတော် AA မှ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခထံ ဆက်သွယ်မေးမြန်းရန်သော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts