All News Local News Peace

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် အရပ်သား ၈ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန် ၊ ဧပြီ ၅

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် ယနေ့မနက်က အရပ်သား ၈ ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာတွင် ယနေ့ နံနက် အစောပိုင်း ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့်ပစ်သတ်ခံရသည့်အထဲတွင် ကလေးငယ်အချို့ပါဝင်ကြောင်းသိရသည်။

သေနတ်သမား ၂ ဦးက အဆိုပါ အရပ်သား ၈ ဦးကို ပစ်သတ်သွားခြင်းဖြစ်ပြီး ထွက်ပြေးနေကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက “ဖြစ်စဉ်က လောလောဆယ်မှာ ပြောပြဖို့ခက်တယ်ဗျာ။ သက်သေထွက်ဆိုမယ့်သူတွေအားလုံးက သေသွားတော့။ ခန့်မှန်းနဲ့ပဲပြောနေရတယ်။ ဖြစ်စဉ်ရုပ်လုံးပေါ်မလာသေးဘူး။ ဘယ်လိုဖြစ်တယ်ဆိုတာကတော့ အတိအကျလက်တလောမှာဖြေဖို့ခက်တယ်” ဟု ပြောပြသည်။

“လောလောဆယ် သိထားသလောက်က ဆိုင်ကယ်လာငှားတာ မရလို့ဆိုပြီး ပစ်တယ်ပြောတယ်။ ဒါပေမဲ့ အားလုံးကသေဆုံးသွားကြတဲ့အတွက် ဒါကို အတည်ပြုဖို့ခက်နေတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတဲ့အဖြစ်မှန်ကိုပြောရခက်နေတယ်။ သတင်းကို ထိန်းပြီးရေးကြပါ ” ဟု အဆိုပါ ရဲအရာရှိကြီးက ထပ်လောင်းဆိုသည်။

လက်ရှိတွင် ထွက်ပြေးသွားသော ကျူးလွန်သူ ၂ ဦးအနောက်သို့ တပ်မတော်တပ်ရင်းမှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ အားလုံးလိုက်လံဖမ်းဆီးနေပြီး အမှုဖွင့်အရေးယူနိုင်ရန်စီစဉ်နေကြောင်း ၎င်းက ပြောသည်။

လက်ရှိဖြစ်စဉ်နှင့်ပတ်သက်၍ ထပ်မံရရှိသောသတင်းများကို သတင်းတမန်မှ ဆက်လက်ဖော်ပြသွားပါမည်။

သတင်းတမန်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts