All News interview

“ကယ်ဆယ်ရေးဆိုတာက ကယ်ဆယ်ဖို့အတွက်က ဘာမှ မရှိတော့ဘူး။ သေတဲ့လူကလည်း သေပြီ ။ ပျက်ဆီးနေတဲ့ဟာပဲ”

ကချင်ပြည်နယ် အစိုးရ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့်ဆက်သွယ်မေးမြန်းချက်

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အလွန်အကျွံ ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှု ကြောင့် မြေပြိုခြင်း၊ မြေစာတောင်ပုံပြိုခြင်းအပါအဝင် ဘေးအန္တရာယ်များ မကြာခဏကြုံတွေ့ရပြီး လူပေါင်းများစွာ အသက်သေဆုံးရလေ့ရှိသည်။ ဧပြီလ ၂၃ ရက်နေ့ တစ်ရက်တည်းတွင် နွံ့ကန်ပေါက်၍ လူပေါင်း ၅၆ ဦး သေဆုံးခဲ့ရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရ၊ ဝန်ကြီး ဦးဒါရှီလဆိုင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ မနေ့က ဖားကန့်မှာ နွံ့ကန်ပြိုကျပြီး ကျောက်စိမ်းလုပ်ကွက်မှာ လုပ်ကိုင်နေသည့် လုပ်သား ၅၄ ဦး သေဆုံးတဲ့ ဖြစ်စဉ်အပေါ် သွားရောက်စစ်ဆေးခဲ့တဲ့ အခြေအနေလေး ပြောပြပေးပါ။

ဖြေ။ ။ သွားရောက်စစ်ဆေးခဲ့တာက သူတို့ ပြိုကျတဲ့ အခြေအနေကို တွေ့ရတာပေါ့။ ဒီနေ့မနက်ကျတော့ ကယ်ဆယ်ရေးဆိုတာက ကယ်ဆယ်ဖို့အတွက်က ဘာမှ မရှိတော့ဘူး။ သေတဲ့လူကလည်း သေပြီ ။ ပျက်ဆီးနေတဲ့ ဟာပဲ။ စက်ယန္တရားတွေ ဖော်ထုတ်ရေး ၊ ရုပ်အလောင်းတွေ ဖော်ထုတ်ရေး ဒါလေးတွေ လုပ်နေကြတယ်။ ဒဏ်ရာရတဲ့သူတော့ မရှိပါဘူး။ တစ်ခါတည်း အဲ့မှာရှိတဲ့လူတွေက သေတဲ့ လူတွေပဲပေါ့။

မေး ။ ဧပြီလ ၂၃ ရက်နေ့ ညပိုင်းလောက်မှာ နောက်ထပ် တွင်းတစ်တွင်း ထပ်ပြိုကျတယ်လို့ ကြားသိရသေးတယ်။ ဒီဖြစ်စဉ်အခြေအနေကော ဘာများကြားသိသေးလဲ။

ဖြေ။ ။ ဟုတ်တယ်။ အဲဒါလည်း အခုကြည့်ခဲ့တယ်။ သူတို့ ယန္တရားတွေ သုံးပြီးတော့ အဲဒီမှာ လုပ်နေတယ်။ လူက ၂ ယောက်သေတယ်။ သူတို့ အလုပ်သမားတွေ။

မေး ။ ။ ဒီဖြစ်စဉ်မျိုး ထပ်မဖြစ်ပွားရအောင် ကာကွယ်ရေးအစီအစဉ်တွေ ဘာတွေ ဆက်လုပ် သွားမလဲ။

ဖြေ။ ။ ပြိုကျလို့ ဘေးအန္တရာယ် ဖြစ်တဲ့နဲ့ ပတ်သက်လို ကျနော်တို့အနေနဲ့ အဲဒီနားမှာ သတိပေး ကြေညာသင်ပုန်းတွေ ကပ်ဖို့ အဲဒါလေးတွေ ထုတ်ပြန်ထားတယ်။ အဲဒါလေးတွေ သူတို့ လမ်းညွှန်ထားခဲ့တယ်။ နောက်ပြီး နေရာတိုင်းမှာ ၊ အဲဒီလိုဖြစ်မယ့် လုပ်ငန်းခွင်လုပ်တဲ့ ဟာတွေကို အစောင့်နဲ့ သေသေချာချာကြီးကြပ်ဖို့ ၊ ကြပ်မတ်ဖို့ လုပ်ငန်းစဉ်လေးတွေကို ဘေးအန္တရာယ်မဖြစ်ရအောင် လမ်းညွှန်ထားခဲ့ပါတယ်။

မေး။ ။ ကချင်ပြည်နယ် ၊ ဖားကန်ရဲ့ လက်ရှိအခြေအနေက ကျိန်စာသင့်နေတဲ့ အခြေအနေမျိုး ဖြစ်နေတာလား

ဖြေ။ ။ လူက အရာရာတော့ ကိုယ်စိုက်တဲ့ အတိုင်းရိတ်သိမ်းရတာပဲလေ။ သဘောပြောရရင် ၊ ဘယ်သူပြုပြု မိမိအမှု ၊ ကံ ကံ၏ အကျိုး ပေါ့။ ကံဆိုတာ လုပ်တာပဲလေ ၊ ကိုယ်ကလုပ်တာပဲ ဖြစ်တော့ ဒါကြီးကို ကျိန်စာ လို ကျနော်တို့ သွားပြောရင် ဒါကတော့ မသင့်တော်ပါဘူး။ ဘယ်သူက ကျိန်လို ဘယ်သူက ဘာဖြစ်တယ် သဘောဆိုတော့ ၊ ကျနော် ဆိုလိုချင်တာက ဒါက ဒီမြေစာပုံတွေကို စနစ်တကျ ၊ စနစ်ကျမှု မရှိလို ဖြစ်တာလေ။ ဒါကို စနစ်ကျမှု မရှိတဲ့ဟာကြီးကို ၊ ဥပမာ – ကျနော်က ငရုတ်သီးအပုတ်အနံတွေ စားတယ်။ စားလို့ ဝမ်းလျှောတာကို သူများက ကျိန်လို့လို့ သွားပြောလို့ မဖြစ်ဘူးလေ။ အဲ့သဘောပဲ ။ ကျနော်ဆိုလိုချင်တာက ၊ ကျနော်ဝမ်းလျှောတာက ကျနော်အပုတ်အစပ်တွေ စားတဲ့အတွက်ကြောင့်မို့ ဝမ်းလျှောတာလေ။ အခုလည်း အဲ့လို သဘောပဲ ။ မြေစာတွေ စွန့်ပစ်တာ စနစ်ကျမှု မရှိဘူး။ အဲဒီအရာ ဖြစ်ပေါ်လာချိန် ဖြစ်တဲ့အတွက် ၊ ကျနော်တို့က တစ်စိုက်စိုက် ၊ တမတ်မတ် ဒီမြေစာ စွန့်ပစ်တဲ့ လုပ်ငန်းတွေ ကို တောက်လျှောက် လမ်းညွှန်နေတယ်။ သူတို့ကတော့ ပူးပေါင်း ပါဝင်ပေးဖို့တော့ လိုတာပေါ့။ အားလုံး ပူးပေါင်းပေးဖို့ လိုတယ်။

လုပ်ငန်းရှင်တွေကလည်း ပူးပေါင်းပေးဖို့ လိုသလို လုပ်ငန်းခွင် လုပ်နေတဲ့ အလုပ်သမားတွေ ၊ စက်ယန္တရားသမားတွေ ၊ နောက် သက်ဆိုင်ရာ ဌာနဆိုင်ရာ အသီးသီးကလည်း ဒီကုမ္ပဏီတွေ လုပ်ငန်းခွင် လုပ်တဲ့ နေရာမှာ Safety ဖြစ်ဖို့၊ အစိုးရဌာနကတော့ Safety ဖြစ်ဖို့ တောက်လျှောက်လမ်းညွှန်နေတာပဲ။ ဒါပေမယ့် တကယ် အဲဒီမှာ လုပ်နေတဲ့ လုပ်ငန်းက လူတွေကလည်း ခုနက ပြောခဲ့သလို နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေပေါ့။ ဒါလေးတွေကော ကျနော်တို့အနေနဲ့ ရှေ့ဆိုရင် နည်းအောင် ပေါ့။ ဒီနေ့ ဆိုရင် ကျနော်တို့ မြေစာ ကင်းစင်ရေး ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ စလုပ်နေပြီလေ။ စလုပ်နေပြီဖြစ်တဲ့အတွက် လာမယ့် နှစ်တွေမှ ကျနော်တို့အနေနဲ့ ဒါလေးတွေကတော့ လျော့နည်းလာမယ်လို ထင်တာပေါ့။ ဘေးအန္တရာယ်ဆိုတာ ကျနော်တို့ မြင်ရတဲ့အရာ မဟုတ်ဘူးလေ။ ဒါကြောင့် မြင်ရတဲ့ ကဏ္ဍလေးတွေကော ကျနော်တို့ လုပ်နေကြရတာပေါ့။

မေး။ ။ ကချင်ပြည်နယ်အစိုးရ အနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြင်ဆင်ထားတာ ရှိလဲ။

ဖြေ။ ။ ကျနော်က ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီကိုလာခဲ့တယ်။ လာခဲ့တဲ့အချိန်မှာ ကျနော်တို့ ဖြစ်ပွားတဲ့ဟာတွေကို ဘယ်လို ဘယ်ပုံဆောင်ရွက်ဆိုတာ လမ်းညွှန်ခဲ့တယ်။ အခုတော့ မြစ်ကြီးနားကို ပြန်ခဲ့ပြီ ။

မေး ။ ။ လက်ရှိ ကုမ္ပဏီဘက်ကလူတွေနဲ့ကော ဘာများ ပြောဆိုထားတာ ရှိလဲ။

ဖြေ။ ။ ကုမ္ပဏီတွေကတော့ အခုလိုပဲ အကုန်လုံး လမ်း ညွှန်ထားခဲ့တယ်။ ဘေးအန္တရာယ်ကင်းရှင်းရေး ၊ အခုနစ်မြှုပ်သွားတဲ့ ဟာတွေကို ဆယ်ယူတဲ့ အချိန်မှာလည်း ကျနော်တို့ က နောက်ထပ်ပြန်ဖြစ်လာနိုင်မယ့် ဘေးအန္တရာယ်တွေကို မြင်ပြီးတော့ သတိထားပြီးဆောင်ရွက်ဖို့ ပြောဆိုထားတယ်။

ဓာတ်ပုံ- ဖားကန့် နွံ့ကန်ပြိုသည့် နေရာသို့ သွားရောက် စစ်ဆေးနေသည့် ဝန်ကြီး ဦးဒါရှီလဆိုင်း(ပင်နီဝတ်) ။ Photo Credit – NLD

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts