All News Local News

YBS ကားများ ဝယ်ရန် AYA ဘဏ်မှ ငွေချေးပြီး ပြန်မဆပ်သူများတွင် အာဏာရှင်ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း ပိုင်ဆိုင်သော Omni Focus ပါဝင်

ရန်ကုန်၊ မတ် ၈

YBS ကားများ ဝယ်ယူရန် ဧရာဝတီဘဏ်မှ ငွေချေးယူပြီး ပြန်မဆပ်မှု ပြဿနာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အချိန်မဖြေရှင်းနိုင်လျှင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အခြေအနေဆိုးနိုင်ပြီး ငွေပြန်မဆပ်သူများတွင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးကိုကျော်နေဝင်း ပိုင်ဆိုင်သော Omni Focus ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်ဇေယျက ပြောဆိုလိုက်သည်။

ယနေ့တွင် ဧရာဝတီဘဏ်က YBS ကားဝယ်ယူရန် ငွေချေးခဲ့ပြီး အတိုးရော၊ အရင်းပါ ပြန်မဆပ်သည့် ကုမ္ပဏီများကို တရားဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ယင်းကိစ္စကို အချိန်မီမဖြေရှင်းနိုင်လျှင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အခြေအနေ ဆိုးဝါးနိုင်ကြောင်း ၎င်းက ဆိုသည်။

“အဓိကက ကိုကျော်နေဝင်းတို့ဟာတွေကြီးပါပဲ။ အမှန်ပဲ။ Omni Focus လည်းပါတယ်။ သူတို့ကုမ္ပဏီတစ်ခုတည်း မဟုတ်ဘူး။ ငွေချေးတာက ကုမ္ပဏီတစ်ခုတည်းမဟုတ်ဘူး။ ချေးတာက ကုမ္ပဏီ ၄၊ ၅ ၊ ၆ ခု လောက်ရှိတယ်။ အခြားကုမ္ပဏီတွေလည်းပါတယ်။ ပြန်ပေးဆပ်မှု မရှိတာက ကိုကျော်နေဝင်းတို့က မဆပ်တာ။ ကိုကျော်နေဝင်းတို့က မဆပ်တာ။ မဆပ်တဲ့အတွက်ကြောင့် ၅ လ ကျော် ၆ လဖြစ်နေတယ် အဲဒါကြောင့်မို့လို့ ပြောတာ။ အဲဒီတော့ ကိုကျော်နေဝင်းကလည်း စိန်ခေါ်တယ်။ ဒီလိုဖြစ်စေချင်တယ်။ ဒီလိုဖြစ်ဖို့ကို သူကစောင့်နေတာ။ ဒီလိုအခွင့်အရေးမျိုး ရမှ ရပါ့မလားဆိုပြီး သူက စောင့်နေတာ။ မျှော်မှန်းနေတာ။ သူကလည်း ဖြစ်တာကို ပျော်တယ်။ ဟိုကလည်း လုပ်မယ်။ ဒီကလည်း ရင်ဆိုင်မယ်။ နှစ်ဖက်စလုံးက ဆင်ဖမ်းမယ် ကျားဖမ်းမယ်ချည်းပဲ။ စွဲရင် ပြောစရာတွေရှိတယ်။ သူကလည်း ပြောစရာရှိတယ်။ YRTA မှာ သူမကျေနပ်တဲ့အချက်တွေ။ သူပထမပြောထားတာတွေ အဆင်မပြေဘူး။ အရှုံးပေါ်နေတယ်။ အဲဒါကို သူက ပြောချင်တာ။ ဖြစ်တာက အဲဒါပဲ။ အမှန်က အချိန်နဲ့ တပြေးညီ YRTA ရော အစိုးရအဖွဲ့ရော ဖြေရှင်းပေးလိုက်ရင် ဒီလောက်ကြီး ဖြစ်စရာ အကြောင်းမရှိဘူး။ အစိုးရအဖွဲ့ကို အစီရင်ခံထားတယ်။ အချိန်နဲ့တပြေးညီ ဖြေရှင်းသင့်တယ်။ အများပြည်သူသယ်ယူ့ပို့ ဆောင်ရေးက လုပ်ငန်းရှင်တစ်ဦးရပ်ဆိုင်းတာနဲ့ အခြေအနေဆိုးနိုင်တယ်လို့ အစီရင်ခံထားတယ်။ ကျန်တာက အစီး ၁၀၀ ဖိုးကျန်တယ်။ အဲဒီကားတွေကလည်း ရပ်ထားရတယ်။ လိုင်းနေရာမရှိလို့။ ဘယ်နေရာပြေးရမလဲ။ ပြေးခွင့်မရဘူး။ အဲဒါတွေလည်း သူတင်ပြချင်တာ။ ဒါကို ကပ်တာမဟုတ်ဘူး။ အချိန်နဲ့တပြေးညီ လုပ်ပေးလိုက်ရင် ပြဿနာတက်စရာမရှိဘူး” ဟု ဦးကျော်ဇေယျက ဆိုသည်။

အထူးဟစ်တိုင်လူမှုကွန်ရက်စာမျက်နှာတွင် Omni Focus ၊ Central Yangon Network ၊ Keen Support ကုမ္ပဏီတို့သည် YBS ကား အစီး ၅၀၀ ဝယ်ယူရန် ငွေကျပ် ၅၆ ဘီလီယံ ကျော် ဧရာဝတီဘဏ်က ထုတ်ချေးခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီ ၃ ခုတို့သည် အတိုးရော၊ အရင်းပါ ပေးသွင်းခြင်းမရှိဘဲ ပျက်ကွက်နေကြောင်း ဖော်ပြထားသည်။

Omni Focus ဘက်မူ AYA ဘဏ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ပေးပို့ သော အကြောင်းကြားစာနှင့်ပတ်သက်ပြီး ချေးငွေစာချုပ်တွင် သတ်မှတ်ထားသည့် အတိုး၊ အရင်း လစဉ် ပေးဆပ်ခြင်းဖြင့် လစဉ်သတ်မှတ်ကာလအတွင်း အကျေပေးဆပ်သွားမည်ဖြစ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အကြောင်းနြပ်ကြားခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ- YBS စီမံကိန်း အကြောင်း ဆွေးနွေးနေသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဦးကျော်နေဝင်း။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com