All News Local News Peace

“Radical ဖြစ်နေတဲ့ အချိန်မှာ ဒီလို ပြစ်မှုကြီးတွေ ချလိုက်တာက ရခိုင်ပြည်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးကို အထောက်အကူမပြုဘူး”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်ကို ထောင်ဒဏ် ၂၂ နှစ်ချမှတ်မှုအပေါ် ရခိုင်လွှတ်တော်အမတ်များ၏ တုံ့ပြန်မှုများ

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို စစ်တွေ ခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု မှုဖြင့် ထောင်ဒဏ် ၂ နှစ် ဖြင့် ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ ယင်းသို့ အမိန့်ချမှတ်မှုအပေါ် ရခိုင် လွှတ်တော်အမတ်များ၏ အမြင်များကို ရန်ကုန်ခေတ်သစ်က စုစည်းဖော်ပြလိုက်ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော

လုံး၀ အင်မတန် ရက်စက်တယ်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို တည်ဆောက်နေတဲ့ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီမဆန်တဲ့လုပ်ရပ်တစ်ခုပဲ။ လွတ်လပ်စွာ ဟောပြောခွင့် ဆိုတဲ့အပေါ်မှာ နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ ပုဒ်မနဲ့ လိုက်ချိတ်တာက တော်တော်လေး တရားမဲ့လွန်းပါတယ်နော်။ အပ်တိုလည်း မရှိဘူး။ လက်နက်ကိုင် ထားတာလည်း မဟုတ်ဘူး။ သေနတ်လည်း မပစ်၊ တပ်ဖွဲ့လည်းမရှိဘူး။ အဲဒီတော့ တစ်ချိန်တည်းမှာ သူက ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ပါ။ သူ့မှာ လွှတ်တော်ပလက်ဖောင်းရှိတယ်။ သူပြောလို့ရတယ်။ အဲဒီလို လူတစ်ဦးကို ဒီလို ပုဒ်မကြီးတပ်ပြီး လုပ်တာက လက်ခံစရာမရှိဘူး ကျနော်က ရှုံ့ချတယ်။ နောက်တစ်ခုက နိုင်ငံရေးက ရှုပ်ထွေးပါတယ်။ တော်တော်လေးကို ရှုပ်ထွေးပါတယ်။ နောက်ကွယ်မှာ OIC တို့ အမေရိကတို့ ရှိတယ်။ အီးယူတို့ အဲဒီလိုရှိနေတယ်။ အဲဒီပြဿနာကလည်း မပြီးသေးဘူး။ တရုတ်တွေရဲ့ လက်ရဲ ဇက်ရဲ လုပ်တဲ့ကိစ္စတွေကလည်း ရခိုင်မှာဖြစ်နေတယ်။ အဲဒီတော့ အင်မတန်ရှုပ်ထွေးတဲ့အချိန်မှာ ပြည်နယ်အစိုးရကလည်း ပြောလို့ မကောင်းလောက်အောင်ကို စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်။ Radical ဖြစ်နေတဲ့ အချိန်မှာ ဒီလို ပြစ်မှုကြီးတွေ ချလိုက်တာက ရခိုင်ပြည်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးကို အထောက်အကူမပြုဘူး။ ဒီလောက်လေးမှ မစဉ်းစားကြဘူးလား နိုင်ငံ့ခေါင်းဆောင်တွေ ၊ ဥပဒေပြဋ္ဌာန်းချက်နဲ့ အမိန့် ပေးတယ်ဆိုတာကလည်း အရင်တုန်းကလို လုပ်မှာပဲ။ ရခိုင်ပြည်မှာ တရားဥပဒေစိုးမိုးရေးမရှိတော့ဘူး။ အဲဒါပဲ။ ရှုတ်ချတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ

ထောင်ဒဏ်ပြစ်ဒဏ်တွေကို လျှော့ပြီးတော့ ချတာ ပိုကောင်းတယ်။ အခုက ချတာက ပြင်းထန်တယ်လေ။ အစိုးရက အမျိုးသားရင်ကြားစေ့ရေးစကားတွေ ပြောနေတာ ပြန်လည်သင့်မြတ်ရေးစကားတွေ ပြောနေတာ။ အဲဒီကိစ္စတွေမှာ ပြစ်ဒဏ်ကို လျှော့သင့်တာပေါ့လေ။ အခုက ပြင်းထန်သွားတယ်။ ပြင်းထန်သွားတော့ ပြည်သူတွေက စိတ်မကောင်းဖြစ်ကြတယ်။ မနေ့ကဆိုရင် တရားရုံးမှာ ပြည်သူတွေ တော်တော် ထိန်းထိန်းသိမ်းသိမ်း လုပ်လိုက်ရတယ်။ အဲဒါ အစိုးရကို အမြင်မကြည်ဖြစ်စေနိုင်တာပေါ့။ လုပ်ပိုင်ခွင့်ရှိတဲ့သူက ငါတို့ လုပ်ချင်ရင် လုပ်လို့ရတယ်ဆိုတဲ့ အမြင်တွေ မြင်သွားကြတာ။ အရင်စစ်အာဏာရှင်ပုံစံဖြစ်သွားပြီ။

NLD သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်

အစကတည်းက သူတို့ကို ဖမ်းကတည်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှု ဒီလိုပုဒ်မတွေနဲ့ ဖမ်းထားတာပဲ။ သူတို့စိုက်တဲ့အသီးကို သူတို့ ပြန်ရိတ်သိမ်းရတာပါပဲ။ တရားရုံးရဲ့ စီရင်ချက်ကတော့ ဥပဒေအတိုင်းအရ ဖြစ်တာပါပဲ။ ရခိုင်ပြည်တောင်ပိုင်းမှာ အေးအေးဆေးဆေးပါပဲ။

မြေပုံမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း

တရားဥပဒေစိုးမိုးမှု အားနည်းတယ်။ တရားစီရင်ရေး အပိုင်းမှာ အားနည်းနေတဲ့ အချက်တွေ ကြားရပါတယ်။ ပြည်သူတွေကလည်း စိတ်မကောင်းဖြစ်ကြတာပေါ့။ ရခိုင်ပြည်ရဲ့ တင်းမာနေတဲ့ အခြေအနေတွေကြားမှာ နိုင်ငံရေးအရ ဒါတွေကို လျှော့ပေါ့ပြီးတော့ စဉ်းစားလိမ့်မယ်လို့ ထင်ကြတာ။ ဒါပေမယ့် ပြစ်ဒဏ်ကို အပြည့်ချလိုက်တော့ ပြည်သူအနေနဲ့ စိတ်မကောင်းဖြစ်ကြတယ်။ ကျနော်တော့ ဒီလိုပဲ ခံစားရပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts