All News interview Peace

NLD အစိုးရ ၃ နှစ်ပြည့်ချိန် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဘယ်ဦး တည်နေလဲ

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

NLD အစိုးရသည် ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် အာဏာရယူချိန် ၃ နှစ်ပြည့်ပြီဖြစ် သော် လည်း ငြိမ်းချမ်းရေးအလားအလာမှာမူ လမ်းစပျောက်နေသည့် အခြေအနေ ရှိနေသည်။ NCA လက်မှတ်ရေးထိုးသည့် လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့တိုးလာခြင်း၊ ပြည်ထောင်စု သဘော တူညီချက် ၅၁ ချက်ရရှိခြင်း ဆိုသော တိုးတက်မှုများ ရှိနေသော်လည်း ငြိမ်းချမ်းရေး ညီလာခံ မှာမူ လုံး၀ ပြန်လည် စတင်နိုင်သည့် အနေအထားမရှိသေးပေ။ ရန်ကုန်ခေတ်သစ်က နိုင်ငံရေးသမားများနှင့် ငြိမ်းချမ်းရေးတွင် အတွင်းကျကျ ပါဝင်နေသူတချို့ကို ဆက်သွယ် မေးမြန်းထားပါသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ
နာယက၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(P.N.L.O) ၊
အဖွဲ့ဝင်(P.P.S.T ၊ J.I.C.M ၊ U.P.D.J.C)

ဦးသိန်းစိန် သမ္မတ လက်ထက်တုန်းက ၅ နှစ်ဆွေးနွေးမှုတွေ လုပ်ပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးစာချုပ် ( NCA ) အုတ်မြစ်ကို ချနိုင်ခဲ့တာပေါ့ ။ အဲဒီ အုတ်မြစ်ချ လိုက်တဲ့ အပေါ် ဘာဖြစ်ဖြစ် အဖွဲ့ ၁၀ ဖွဲ့ အပစ်အခတ်ရပ်ဆဲပြီး နယ်မြေ ထိန်းသိမ်းနိုင်တဲ့ အနေထား ရောက်သွားတာပေါ့။ သို့သော်လည်း ဦးသိန်းစိန်လက်ထက်က စလိုက်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကတော့ အရှိန်အဟုန်မကောင်းဘဲနဲ့ အစိုးရသစ်လက်ထက်ကျမှ နိုင်ငံရေးဆွေးနွေးပွဲတွေက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်မချီတက်နိုင်ဘဲ နည်းနည်းလေး ၁ နှစ်ခွဲလောက်တော့ ကောင်းတယ်။

သို့သော် လည်း ၃ နှစ် တစ်ဝက်ကျော်တော့နည်းနည်းလေး အဆင်မပြေတာတွေ တွေ့ရ တယ်။ အဆင်မပြေမှုတွေက ကျနော်ထင်တယ်။ တစ်ဖက်တည်းကို အပြစ်တင်လို့ မရဘူး ။ အစိုးရက ကြိုးစားမှု အားနည်းတယ်လို့ သို့မဟုတ် တပ်မတော်က ၊ သို့တည်းမဟုတ် တိုင်းရင်းသား လက်နက်ကိုင်တွေက အမြက်ထုတ်အခွင့်ကောင်းယူတာတို့ အဲ့ဒီလို့ ဘက်စုံက စုပေါင်းတာဝန်ရှိသလို ဖြစ်နေတယ်။ အဲ့ဒီ အစိုးရသစ်လက်ထက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အရှိန်အဟုန်တွေ ကျသွားတာက အားလုံးမှ စုပေါင်း တာဝန် ရှိတယ် လို့ သုံးသပ်ရင် မမှားဘူး။

ကျနော်ထင်တာက လက်ရှိအခြေအနေမှာ ဦးသိန်းစိန်လက်ထက်တုန်းက ရတဲ့ NCA က အခြေခံ အုတ်မြစ်ဖြစ်တာလေ။ အခြေခံအုတ်မြစ်ဖြစ်တဲ့အပြင် ဒီဖောင်ဒေးရှင်း က လည်း ခိုင်သွား တယ်။ လွှတ်တော်ကလည်း အတည်ပြုပြီးပြီ။ လွှတ်တော်ကနေ တရားဝင် အတည် ပြုပြီးတဲ့ စာတမ်းဖြစ်တဲ့အတွက် NCA ကတော့ သူဘာသာ ရှိနေတာပဲ။ ဖောင်ဒေးရှင်း အနေနဲ့ ပေ့ါ။ NCA ကနေ တစ်ဆင့်တက်လာတဲ့ မူ ဘောင် လိုခေါ်တဲ့ လုပ်နည်းလုပ်ထုံးတွေ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ( ၂၁)ရာစုပင်လုံ လုပ်နည်း လုပ်ထုံးတွေကို ဆက်လက်ပြီး တော့ ပြင်ဆင်ပြီးတော့ နိုင်ငံရေး ဆွေးနွေးမှု အတွက် ဆက်ပြီးလုပ်သွားလို့ရတာပဲ။

ဒါပေမယ့် NCA ပလက်ဖောင်းပေါ်မှတော့ ရပ်နေဖို့ လိုတယ်။ NCA ထီးရိပ်အောက်မှတော့ အလုပ် လုပ်ဖို့ လိုတယ်။ ပလက်ဖောင်းအခြေခံတစ်ခုခု မရဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ညှိနှိုင်းနေမယ်ဆိုရင် ပိုပြီး အခြေအနေဆိုးမယ်။ ပိုပြီးတော့ အလှမ်းကွာတက်တယ် ။ အဲ့တာကြောင့် ဒီပလက်ဖောင်းတော့ မလွှတ်သင့်ဘူး။ ဒီပလက်ဖောင်း အပေါ်ကနေ မှာ လိုအပ်တဲ့ မွမ်းမံမှုတွေ ၊ နောက်ဆက်တွဲတွေ ၊ ဖြည့်စွက်ချက်တွေ ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထပ်မံ ထည့်ပြီးတော့ ဆက်သွားရင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှု ကို ရနိုင်မယ်လို ကျနော်ယူဆတယ်။

ဒေါက်တာ တူးဂျာ
ကချင်တိုင်းရင်းသားခေါင်းဆောင်

သမ္မတ ဦးသိန်းစိန် စတင်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ( NRPC ) အဲဒါကို NLD အစိုးရက ဆက်လက်ပြီးတော့ ဆောင်ရွက်တာပေါ့။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ ) ပထမ ၊ ဒုတိယ ၊ တတိယ အစည်းအဝေး ဆိုပြီး တတိယအကြိမ်မြောက် အထိတိုင် အောင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတယ်။ အဲ့မှာ တိုးတက်မှုတော့ ရှိသင့် သလောက် ရှိပါတယ်။ တိုးတက်မှုက ဘာလဲဆိုတော့ အခုက နောက်ဆုံးအဆင့် ဆိုရင် အချက် ၅၁ ချက်ကို ညီလာခံမှာ သဘောတူ ဆုံးဖြတ်တယ်။ ဒါက ပြည်ထောင်စု သဘော တူညီမှု စာချုပ်မှ ပါလာမယ့်ဟာ ဖြစ်တယ်။ ဒီဟာက ဖယ်ဒရယ် မူဝါဒကနေ ဖယ်ဒရယ်ဖြစ် တယ်။ ဒါကတော့ ရပြီ ။ ဒါကတော့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီးသား ဖြစ်တယ်။ ပြုပြင်လို့ မရတော့ဘူး ။

နောက်တစ်ချက်က ရှေ့တိုးဖို့ နည်းနည်းအခက်အခဲ ကြုံလာတာက စိန်ခေါ်မှုတွေ ရှိလာ တယ်။ စိန်ခေါ်မှုက ရခိုင်အရေးက စတာပေါ့။ ပိုပြီး ကြီးကြီးမားမားဖြစ်လာတာ အခါကျတော့ နိုင်ငံတကာကလည်း တော်တော်လေး စိတ်ပျက်လာတာ ရှိတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးကြတဲ့ အဖွဲ့အစည်းတွေထဲမှလည်း NCA အပေါ်အမြင်တွေ အမျိုးမျိုး ထွက်လာ တာပေါ့ ။ ဆက်လက်ညှိနှိုင်းဖို့ လိုအပ်တယ် ဆိုတာမျိုးတွေပေါ့။ တချို့က ဒါကို ညှိနှိုင်းပြီးမှ လက်ခံလိုက်တဲ့ အပိုင်းတွေရှိတယ်။

ဥပမာ- မွန် နဲ့ လားဟူ ဆိုရင် ဒါ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ NCA ကိုလက်မှတ်ထိုးကြတာ။ သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက က လက်မှတ်ထိုးတာက ၈ ဖွဲ့ ၊ ဒီ NLD အစိုးရ လက်ထက်မှာ နှစ်ဖွဲ့ တိုးလာတယ်။ အားလုံး ၁၀ ဖွဲ့ ရှိတယ်။ ဒါ တိုးတက်မှုလို့ ပြောလို့ရ တာပေါ့။ အခုက ဆက်လက်ပြီးတော့မှ အရွေ့ဖြစ်လာဖို့က တစ်ဆို့မှုတွေ ဖြေရှင်းဖို့ လိုတယ်။ တစ်ခုက ဘယ်လို့ပြောရမလဲ။ ခွဲမထွက်ရဆိုတဲ့ တစ်ချက်ပေ့ါ ။ ဒီအပေါ်မှ ဆွေးနွေးညှိနှိုင်းမှု ပြေလည်မှု မရှိသေးဘူးလေ။ ဒါဟာ တိုင်းရင်းသားတွေနဲ့ အစိုးရတပ်မတော်အကြား ညှိနှိုင်းရမှာပေါ့ ။ ဒါလည်း နောက်ဆုံးမှာ လမ်းစ တော့ တွေ့မယ်လို့ ထင်ပါတယ်။ ထပ်တက်ဖို့ လမ်းစ တွေ့မယ်လို ထင်ပါတယ်။ ဘယ်လို့ပဲ ပိတ်ဆို့ ၊ ပျက်စီးသွားဖို့တော့ မမြင်ပါဘူး။

နောက်တစ်ချက်က ပြောနိုင်တာက ဒီဇင်ဘာ ၂၁ ရက်နေ့က ကြေညာလိုက်တဲ့ တပ်မတော်ရဲ့ တစ်ဖက်သက် အပစ်အခတ်ရပ်ဆဲရေး ဒီဟာက လူတွေကို မျှော်လင့်ချက်ပေးနိုင်တဲ့ အနေ အထား တစ်ရပ် ဖြစ်လာတာပေါ့ ။ဘာကြောင့်လဲဆိုတော့ တိုက်ပွဲ မရှိတော့ဘူးလေ။ သေနတ် သံ မကြားတော့ဘူးလေ။ တိုက်ပွဲ ရပ်ထားပြီးတော့ တွေ့ဆုံဆွေးနွေးရေး ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့ ၈ ဖွဲ့လောက်ရှိတာ သူတို့ နဲ့ တွေ့ဆုံမှု လုပ်ပြီးတော့ အပြည်ပြည်ဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေး ထိုးနိုင်အောင် ဆွေးနွေးနေကြတာပေါ့ ။

အခုက နေပြည်တော်မှ ဆွေးနွေးလိုက် ၊ တရုတ်ပြည်ထဲမှာ ဆွေးနွေးလိုက် မြောက်ပိုင်းအဖွဲ့ နဲ့ ဆွေးနွေးနေတုန်းတဲ့ အခြေအနေ ရှိနေသေးတယ်။ ဆွေးနွေးနေတုန်း အခြေအနေကို ကြား သိရသလောက်တော့ တိုးတက်မှု ရှိတယ်လို့ ကျနော်က ခန့်မှန်းလို့ ရတယ်။ ဘာကြောင့်လဲ ဆိုတော့ မတူညီတဲ့ သဘောထားတွေက တစ်ခုပြီး တစ်ခု ၊ တူညီမှု ရရှိလာအောင် သူတို့ ကြိုးစားနေတာပဲလေ။ ဒါပေမယ့် ဆက်လက်ဆွေးနွေးစရာတော့ ရှိသေးတာပေါ့ ။

လိုအပ်လာရင် တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ ရက် တိုးကောင်း တိုးလာနိုင်တယ်။ တိုးပေးကြလိမ့်မယ်။ တိုက်ပွဲပြန်ပေါ်လာဖို့က သိပ်ပြီး စိုးရိမ်စရာ မရှိတဲ့ အနေအထားမျိုး ပဲ ။ ဒါပြီးရင် IDPs တွေကို ပြန်ခိုင်းတာ တပ်မတော် အစိုးရ ကော ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ကော ၊ ဆွေးနွေးတာက ဒါက ဆန္ဒတူ ဖြစ်နေကြတယ်။ ဒါကို ဒေသ အပစ်အခတ်ရပ်ဆဲရေး တည်ငြိမ်ရေးကို သေချာသဘောတူနိုင်ကြရင် ဒါကို ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်။ ဒါကို တိုးတက်မှုတစ်ရပ်လို မြင်လို့ရတာပေါ့။

အဲဒီလို အနေအထား ရှိပါတယ်။ ဒီလို့ ပင်လုံညီလာခံ ဆက်လက်ကျင်းပနိုင်ရေးကတော့ နည်းနည်းပါးပါး ဆက်လက်ဆွေးနွေး စရာ အချက်တွေ ရှိနေသေးလို့ ကြားသိရတယ်။ အဲဒါကိုး ဆက်လက်ဆွေးနွေးနိုင်ဖို့ ဖြစ်တာပေါ့။ အဲဒါကလည်း ဆွေးနွေးကြမှာပါ ။ ဒီနှစ် အတွင်းမှာ ညီလာခံ တစ်ခါ ခေါ်ယူကျင်းပနိုင်ဖို့ အစိုးရမှာလည်း ဆန္ဒ ရှိတယ်၊ ရည်ရွယ်ချက် ရှိတယ်ဆိုတာ ကြားသိရပါတယ်။ ဒါကြောင့် ဒီလိုပဲ မျှော်လင့်ရတာပဲလေ။

NCA ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သူအဓိပ္ပာယ်က တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ဖြစ်တာပေါ့။ အဲ့တာကို ထိုးနိုင်ရင်တော့ ကောင်းတာပေါ့ ။ ဒါပေမယ့် ဒါက ညိနှိုင်းဖို့ လိုအပ်တဲ့ အချက်တွေ တချို့ ရှိနေတယ်။ ဒါ ဆက်လက်ညှိနှိုင်းရမှာပဲ။ အဆင်ပြေတဲ့ နည်းနဲ့ ထိုးကြရမှာပဲ။ အခုဖြစ်နေတဲ့ ဟာ ဘာလဲဆိုရင် ဒီဒေသအသီးသီးက အပစ်အခတ် ရပ်စဲရေး ကို ဗဟို ဦးစားပေးဆောင်ရွက်မယ်။

ပြီးရင် IDPs တွေကို ပြန်ခိုင်းဖို့ ဝိုင်းဝန်းလုပ်ဆောင်မယ်။ အဲဒီနောက်ပိုင်းမှာ တချိန်တည်းမှာ NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဆက်လက်ပြီး လမ်းစရှာသွားမယ်။ ကြိုးစားဆောင်ရွက် သွားမယ်ဆိုတဲ့ဟာက အခု နှစ်ဖက် လက်ခံနိုင်တဲ့ အနေအထား မျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့ ဒါက ဒီအတိုင်းပဲ ဖြစ်လာမယ်အရာလို ယူဆပါတယ်။ တစ်ခါတည်း NCA တန်းထိုးတယ် ပုံစံမျိုးတော့ အခု ဒီမှာ မလွယ်သေးဘူးလို့ ကျနော် မြင်တွေ့ရတယ်။

ဒေါက်တာ ရန်မျိုးသိမ်း
နိုင်ငံရေးလေ့လာသုံးသပ်သူ

အမျိုးသား ဒီမိုကရေစီ အစိုးရလက်ထက်မှ ကျနော်တို့ ၂၀၁၆ ၊ ဇွန်လ တုန်းက အစိုးရနဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေ ကြားမှ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုကို လုပ်ခဲ့တယ်။ နောက်ပြီးတော့ ၂၀၁၈ အောက်တိုဘာ မှ အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှ သီးသန့် ဆွေးနွေးမှု တွေ လုပ်ခဲ့တယ်။

လက်ရှိ NLD အစိုးရ လက်ထက်မှ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ကြားမှ တွေ့ဆုံ ဆွေးနွေးမှု ၂ ကြိမ် လုပ်ခဲ့တယ်လို့ ပြောလိုရတယ်။ ဒါပေမယ့် အဲဒီ ၂ ကြိမ်လုံးက အလွတ်သဘော တွေ့ဆုံယုံ သက်သက်ပဲ ဖြစ်ခဲ့ပြီး တော့ တကယ်တမ်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ထိရောက်အကျိုးပြုတဲ့ အကြိတ် အနယ် တွေ့ဆုံမှုဆီသို့ မဦးတည် နိုင်ခဲ့ဘူး။ အဲဒီအခါကျတာ့ လက်ရှိ NLD အစိုးရအနေနဲ့ ကျန်တဲ့ အစိုးရသက်တမ်း အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒီထက်ပိုပြီးတော့ အားကောင်းဖို့ဆိုရင် အစိုးရ ၊ တပ်မတော် ၊ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင် တွေကြားမှ သီးသန့် တွေ့ဆုံဆွေးနွေးမှုမျိုးကို သဘောတူညီမှု ရတဲ့အထိ စဉ်ဆက်မပြတ် လုပ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။

အဲဒီတော့ တနည်းအားဖြင့် ပြောရရင် အဆုံးအဖြတ်ပေးနိုင်မယ့် ခေါင်းဆောင်တွေ ကြားမှာ သီးသန့် အစည်းအဝေး လုပ်ပြီးတော့ သဘောတူညီချက်တွေ ရအောင် ဆောင်ရွက်နိုင်ဖို့ လိုအပ် နေသေးတယ်လို မြင်တယ်။ နောက်တစ်ပိုင်းက NLD အစိုးရ လက်ထက် ၃ နှစ်တာ သက်တမ်း အတွင်းမှ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံ ၃ ကြိမ် လုပ်ခဲ့တာ တွေ့ရတယ်။

အဲဒီ ၃ ကြိမ်လုပ်ခဲ့တဲ့ အတွင်းမှ ပြည်ထောင်စု သဘောတူညီမှု အစိတ်အပိုင်း ၁ နှင့် ၂ ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ အချက်အားဖြင့် ၅၁ ချက်ကို လက်မှတ် ထိုးနိုင် ခဲ့ တယ်။

ဒါပေမယ့် လက်ရှိအခြေအနေမှာ ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ စတုတ္တ အစည်းအဝေး ပွဲကို မလုပ်နိုင်ဘဲ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ အနေအထား မျိုးကို ကြုံတွေ့နေရတယ်။ အဲဒီတော့ မူလက ၂၀၁၈ နှစ်ကုန်မှာ တစ်ကြိမ်လုပ်မယ်လို့ ရည်မှန်း ခဲ့တယ်။ မလုပ်နိုင်ခဲ့ဘူး။ အခု ၂၀၁၉ ထဲမှာ ၂ ကြိမ်လုပ်မယ်လို့ ရည်မှန်းချက်ထားထားတယ်။

ဒါပေမယ့် အခု ၂၀၁၉ မတ်လအထိ မလုပ်နိုင်သေးဘူး။ အဲဒီအခါကျတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပတဲ့ အပိုင်းမှာ ကြည့်မယ်ဆိုရင် မှန်းချက်နဲ့ နှမ်းထွက် က မကိုက် ဘူး ၊ လွဲချော်နေတယ်။ နောက် ရည်မှန်းချက် ထားသလောက် အကောင် အထည် ဖော်နိုင်မှု အပိုင်းမှာ လိုအပ်ချက် ၊ အားနည်းချက်တွေ ရှိနေသေးတယ်လို့ သုံးသပ်လို ရတယ်။ အဲဒီထိ အခါကျတော့ ၂၁ ရာစု ပင်လုံညီလာခံဟာ အစိုးရ ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ နောက်ပြီးတော့ တိုင်းရင်းသားပါတီ ၊ နိုင်ငံရေးပါတီ ၊ အရပ်ဘက် အဖွဲ့အစည်းတွေ ကြားမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ် တယ်ဆိုတာကို မီးမောင်းထိုးပြနေတယ်။

နောက်တစ်ချက်ကတော့ အခု ၂၀၁၉ ဒီနှစ်ပိုင်းမှာ ကျနော်တို့ NCA ကို လက်မှတ် မထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကော ၊ NCA ကို လက်မှတ် ထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပါ အစိုးရက ထိတွေ့ညှိနှိုင်း ဆွေးနွေးမှု တွေကို ပိုလုပ်လာတာ တွေ့ရတယ်။ အထူးသဖြင့် ၂၀၁၈ နိုဝင်ဘာလမှ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ထဲက KNU နဲ့ RCSS က ပါဝင်မှုတွေ ဆိုင်းငံ့လိုက်တဲ့အခါကျတော့ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက် ကိုင် ၁၀ ဖွဲ့စလုံးရဲ့ လုပ်ငန်းတွေဟာ ရပ်တန့်သွားတဲ့ သဘောမျိုး သွားတွေ့ရတယ်။

လက်ရှိအခြေအနေမှာ အစိုးရ အနေနဲ့ KNU ၊ RCSS တို့ အား တွေ့ဆုံဆွေးနွေးပြီးတော့ ဒီ NCA ကို လက်မှတ်ထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရ တပ်မတော်ကြားမှ ပုံမှန် အတိုင်း ထိတွေ့ဆက်ဆံမှုတွေ ၊ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်စ နိုင်ဖို့ ကြိုးစားနေရတဲ့ အနေအထားမျိုးတွေ ရှိတာ တွေ့ရတယ်။ အဲဒီ အချိန်တည်းမှာ NCA ကို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လည်း ပိုပြီးတော့ တွေ့ဆုံလာတာကိုး တွေ့ရတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်း မတ်လ ၂၃ ရက်တုန်းက နေပြည်တော်မှာ အစိုးရ ရဲ့NRPC ၊ လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ ၊ KNPP အားလုံးပေါင်း ၈ ဖွဲ့ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့တာ တွေ့ရတယ်။ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေကို စဉ်ဆက် မပြတ်လုပ်ဖို့ လိုအပ်တယ်လို မြင်တယ်။ စဉ်ဆက်မပြတ်ဆိုတဲ့ နေရာမှ တွေ့ဆုံဆွေးနွေးမှု တွေ လုပ်ရင် ၃၊ ၄ ၊ ၅ ရက် အချိန်ယူ လုပ်ဖို့ လိုအပ်သလို လစဉ်ပုံမှန် ဒီလို လုပ်နိုင်ဖို့လည်း မဖြစ်မနေလိုအပ်တယ်လို မြင်တယ်။ အဲ့လို အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုတွေကို များများလုပ်လာနိုင်မှာ အစိုးရ ၊ တပ်မတော် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြားမှ ယုံကြည်မှုတည်ဆောက်ရေးဟာ အတိုင်းအတာတစ်ခုအထိ ခရီးပေါက်လာမယ်လို့ မြင်ပါတယ်။

လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကြားမှ ကြည့်မယ်ဆိုရင် NCA ကို လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။ NCA ကို လက်မှတ် မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ် ။ အဲဒီတော့ NCA ကိုလက် မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ပြောတာ က လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NCA ထဲမှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း ၊ NCA ထဲမှာပါတဲ့ သဘောတူညီမှုတွေအတိုင်း ဖော်ဆောင်နေမှုမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ် ဆိုတဲ့ သဘောမျိုး ပြောတဲ့ အသံတွေကိုလည်း ကြားရတယ်။

နောက် NCA ကို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ( မြောက်ပိုင်း ၇ ဖွဲ့ နဲ့ KNPP ) ဘက်ကျတော့ လက်ရှိ NCA ကို ပြန်သုံးသပ်ဖို့ လိုအပ်တယ်။ ပြန်သုံးသပ်ပြီးတော့ NCA ကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆို ၊ ထောက်ပြနေတာတွေလည်း ကြားနေရတယ်။ လက်ရှိအခြေအနေမှ သေချာတာကတော့ NCA မှာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ သေချာသလောက် ဖြစ်နေတယ်။ အဲ့ဒီအခါ ကျတော့ အစိုးရ ၊ တပ်မတော် ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြားမှ ဒီ NCA နဲ့ ပတ်သက်ပြီးတော့ ပြန်ပြီး သုံးသပ်ဆွေးနွေးမှုတွေ မဖြစ်မနေ လိုအပ်နေတယ်လို့ မြင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts