All News Local News Peace

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီး အစည်းအဝေး မေလတွင် ကျင်းပမည်

ရန်ကုန်၊ မတ် ၇

ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်(PPST) ၏ ဦးဆောင်အဖွဲ့ဝင် ကိုယ်စားလှယ်လွှဲပြောင်းမှုကို PPST အစည်းအဝေးက လက်ခံခဲ့ပြီး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလတွင် ကျင်းပမည်ဖြစ်ကြောင်း PPST က ယနေ့ ကြေညာချက် တစ်ရပ်ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၅ ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပပြုလုပ်သော PPST အစည်းအဝေး အပြီးတွင် အချက် ၈ ချက်ပါ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် PPST ဦးဆောင် အဖွဲ့ဝင်ကိုယ်စားလှယ်လွှဲပြောင်းမှုကို အစည်းအဝေးက လက်ခံသည်ဆိုသော အချက်ပါဝင်ကြောင်း သိရှိရသည်။

PPST အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ NCA အကောင် အထည် ဖော်ဖက်ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ နှင့် နည်းပညာထောက်အကူပြုများ စုစုပေါင်း (၅၆) ဦး တက်ရောက်ခဲ့ကြကြောင်း၊ ၂၀၁၉ခုနှစ်၊ မေလတွင် NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့တိုး ဆောင်ရွက်သွား မည်ဖြစ် ကြောင်း၊ NCA စာချုပ်ကို တည့်မတ်စွာ အကောင်အထည်ဖော်နိုင်ရေး ဆိုင်ရာ အဆိုပြုချက်များကိုဆွေးနွေးဆောင်ရွက်ရန်အတွက် အလုပ်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ပါရှိသည်။

ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း ကြိုးပမ်းဆောင်ရွက်မှုကို ကြိုဆိုပြီး ၎င်းဆောင်ရွက်ချက်သည် လွှတ်တော်ပြင်ပတွင်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့်လည်း ဟန်ချက်ညီရန်လိုအပ်ကြောင်း၊ မိမိတို့ EAOများအနေဖြင့်လည်း ပြည်ထောင်စုသဘော တူစာချုပ်မှတဆင့် ၂၀၀၈ ဖွ့ဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ NCA ကိုအခြေခံသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာအခြေခံမူများနှင့် ဆန့်ကျင်မှုဖြစ်စေသည့် လွှတ်တော်မှ ရေးဆွဲပြဌာန်းခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ကဲ့သို့သော ဥပဒေများအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သဟဇာတဖြစ်စေရန်အတွက် ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရေးကိုလည်း တိုက်တွန်းကြောင်း၊ နောင်တွင်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာအခြေခံမူများနှင့် ဆန့်ကျင်သည့် အလားတူ ဥပဒေများကို ပြဌာန်းဆောင်ရွက်ခြင်းမပြုပါရန် အလေးအနက် တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။

ယင်းအပြင် NCA-S EAO အဖွဲ့အစည်းများအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါဝင်ရေးနှင့် ပတ်သက်ပြီး မည့်သည့် သက်ဆိုင်သူများကိုမျှ ချန်လှပ်မထားသည့်အခြေခံမူ (Non-Exclusive Principle) ကို တစိုက်မတ်မတ် ကိုင်စွဲကြိုးပမ်းသွားမည်ဖြစ်ပြီး ယနေ့ဖြစ်ပေါ်နေသောမြန်မာ့နိုင်ငံရေး အခြေအနေတွင် အနာဂါတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အဓိက လိုအပ်နေသည့် ဖက်ဒရယ်ပြည်ထောင်စု လမ်းပြမြေပုံ ချမှတ်နိုင်ရေးအတွက် မိမိတို့ NCA-S EAO အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာအစိုးရ၊ တပ်မတော် တာဝန်ရှိသူများနှင့် လည်းကောင်း၊ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် အခြားသော EAO အဖွဲ့အစည်းများနှင့်လည်းကောင်း အတူတကွ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com