Local News political news

ARSA နှင့် AA ပူးပေါင်းဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုမှု သက်သေမရှိသော လုပ်ကြံမှုဟု AA တုံ့ပြန်

ရန်ကုန်၊ မတ် ၄

တပ်မတော်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ARSA နှင့် AA တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိစေရန် ဆောင်ရွက်နေသည်ဟု ပြောဆိုမှုအပေါ် သက်သေသာဓကမရှိသော လုပ်ကြံမှုအဖြစ် ရခိုင်တပ်မတော်(AA) က ထုတ်ပြန်ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် တပ်ချုပ်က ARSA နှင့် AA တို့ ပူးပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိစေရန် လုပ်ဆောင်နေသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းပြော ဆိုချက်အပေါ် AA က ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း မတ်လ ၃ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

“ကျနော်တို့တွေက ဗမာအစိုးရနဲ့ ဗမာစစ်တပ်ဘက်က တစ်လျှောက်လုံး စွပ်စွဲလာတဲ့ကိစ္စနော်။ သူတို့ကနေ ပြောမယ်ဆို ကျနော်တို့ကို အကြမ်းဖက်သမားတွေနဲ့နေပြီးတော့ မရ ရအောင်လို့ လိုက်ပြီးတော့ချိတ်ဆက်နေတဲ့သဘော ရှိတယ်။ အဲဒါကတော့ ပြောမယ်ဆိုလို့ရှိရင် ဒါရက္ခိုင်တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပုံဖော်ချင်တဲ့ကိစ္စမို့လို့ သူတို့က အဲဒီလိုမျိုးလုပ်ပြီးတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ စွပ်စွဲနေတာ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကလည်း အများပြည်သူနဲ့နိုင်ငံတကာကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိအောင်လို့ ဒီကိစ္စကို ဒီလိုမျိုးထုတ်ပြန်ရတာဖြစ်ပါတယ်။ ဒါကတော့ ရှင်းရှင်းလေးဗျ။ ကျနော်တို့ရဲ့ ဒီ ရက္ခိုင့်တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်အောင်ပေါ့ဗျာ နိုင်ငံရေးအရ သူတို့ ဒါ လုပ်ကြံနေတာဗျ။” ဟု ရခိုင်တပ်မတော်AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

AA တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရခိုင်တပ်မတော်သည် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းများနှင့်မှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း၊ AA ကို အကြမ်းဖက် အဖွဲ့နှင့် ပူးပေါင်းသည်ဟု ပြောဆိုနေခြင်းသည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ARSA နှင့် AA ပူးပေါင်းဆောင်ရွက်သည်ဆိုသော သက်သေသာဓကများကို စိစစ်နေကြောင်း ပြောဆိုခဲ့သည်။

“အွန်လိုင်းမှာတောင်မှ တွေ့ရှိမယ် ထင်ပါတယ်။ ဒီမြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နယ်စပ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေတယ် ဆိုပြီးတော့မှ ဗီဒီယိုတွေတက်နေတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ သေချာလေး စိစစ်နေပါတယ်။ အလားတူပဲ သူတို့အခြေပြုတဲ့နေရာတွေရှိတယ်။ စခန်းတွေ ဆောက်နေတာရှိတယ်။ ပြီးရင် တခြားဆောင်ရွက်မှုတွေ တခြားအစွန်းရောက် အဖွဲ့အစည်းတွေကမှ ညီအစ်ကိုတော်အဖွဲ့တွေဖြစ်နေတယ် ဆိုတာကတော့ ကျနော်တို့ သေချာစိစစ်နေပါတယ်။ ကျနော်တို့ ခိုင်လုံတဲ့အထောက်အထားတွေ အချက်အလက်တွေ ရရှိပြီဆိုတာနဲ့ ကျနော်တို့ချပြပါမယ်၊ ပြီးတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားပါ့မယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်ညီက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ပုံစာ – ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံစဉ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com