All News Local News Peace

AA နှင့်တပ်မတော်တိုက်ပွဲတွင် တိုက်လေယာဉ်များ ဗုံးကြဲဟုဆို

ရန်ကုန်၊ မတ် ၁၄

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် တပ်မတော်အကြား တိုက်ပွဲတွင် တိုက်လေယာဉ်များ အသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာ အနီးဝန်းကျင်ရှိ တောင်တန်းများနှင့် တော များ ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ညနေ ၄ နာရီလောက်တည်းက ကျောက်တော် ကန်စောက်ကျေးရွာနဲ့ ပုဏ္ဏားကျွန်းဘက်မှာ ရဟတ်ယာဉ် တွေနဲ့ လာတိုက်နေတယ်။ အမြောက်တွေ ဗုံးတွေနဲ့ တောက်လျောက် ကျဲနေ တာပေါ့။ ကျနော် တို့ သိထားတာက ပုဏ္ဏားကျွန်းဘက်မှာတော့ ညဘက် လောက် ကစပြီး တိုက် လေယာဉ် တွေ သုံးပြီး တိုက်တယ်လို့ သိထားပါတယ်။ ကျောက်တော် တောင်စောက်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာဘက်မှာ တစ်ညလုံး တစ်နေ့လုံး အခုအချိန်အထိ တိုက်ပွဲ တွေဖြစ်နေတယ်။ တိုက်လေယာဉ်သုံးတာကတော့ ပထမဆုံးလို့ သိထားပါတယ်” ဟု ဗုဒ္ဓေါ ကျေးရွာ ဒေသခံ များနှင့် အဆက်အသွယ်ရှိနေသည့် ကျောက်တော်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းတွင် စစ်ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံများ ထွက်ပြေး လာကြပြီး မြို့ပေါ်ရှိ သာသနာ့ဗိမာန်ကျောင်းတိုက်တွင် စစ်ဘေးဒုက္ခသည်များ ခိုလှုံနေကြ ကြောင်း သိရှိရသည်။

ကျောက်တော်မြို့နယ်၊ ကန်ဇာက်ကျေးရွာမှ မိခင်တစ်ဦးက “ ကျမတို့လည်း တစ်ညလုံး အိပ်မရ ဘူး။ ကလေးတွေနဲ့ ကြောက်လို့ ကျမတို့ရွာက ပြေးလာကြတာ။ ရွာထဲမှာ ယောင်္ကျား သား တွေပဲ ကျန်တယ်။ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အားလုံးကတော့ ဒီမှာ လာခိုလှုံ နေကြ တယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။

တိုက်လေယာဉ်အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်သည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

ဓာတ်ပုံ- ဇန်နဝါရီလ ၃၁ ရက်နေ့ တပ်မတော် စစ်ရေးလေ့ကျင်မှုတွင် မြင်တွေ့ရသည့် တိုက်လေယာဉ်များ။ Photo Credit – MPA

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com