All News interview

“၂၀၂၀မှာလည်း NLD ပဲ အများစုအနိုင်ရမယ်။ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ် တာဝန်ဘယ်လောက်ပဲ ကြီးနေပါစေ ပြဿနာဖြစ်လာရင်တော့ ပါတီက တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်မှာပဲ”

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအထွေထွေအတွင်းရေးမှူး မုံရွာအောင်ရှင်နှင့် တွေ့ဆုံခြင်း

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အရေး ယူလိုက်ပြီးနောက် NLD ပါတီတွင်း ပုံရိပ်ကောင်းပြီး လူထုထောက်ခံမှု ပိုမို ရရှိလာမည်ဟု NLD ပါတီဗဟိုပြန်ကြားရေးကော်မတီ အထွေထွေအတွင်းရေးမှူး မုံရွာ အောင်ရှင်က ယုံကြည် နေသည်။ မုံရွာအောင်ရှင်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှု ကော်မရှင်ဘက်က အရေးယူ ထားပြီဆိုတော့ ပါတီဘက်က အရေးယူမှု ဘာတွေ ရှိမလဲ။

ဖြေ။ ။ ပါတီကနေ ထုတ်မယ်ဆိုတာ တိတိကျကျပြောတာမဟုတ်ဘူး။ ပါတီက ထုတ် ပယ် ပစ်နိုင်ခြေရှိတယ်။ ဘာကြောင့်လဲဆိုတော့ အရင်က အတွေ့အကြုံတွေရှိတယ်။ အရင် အတွေ့အကြုံတွေကလည်း ဒီလိုပါပဲ။ ဒီလိုဖြစ်ပြီဆိုရင်တော့ ဒီလိုပဲ လုပ်ပစ်လိုက်တာပဲ။ ထုတ်ပယ်ပစ်လိုက်တာပဲ။ အဲဒီလို အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ပြန်ဖြေ တာဖြစ် ပါတယ်။

မေး။ ။ တနင်္သာရီတိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးကိုလည်း တိုင်တဲ့အထဲမှာ ပါနေတယ်။ ဦးအောင်စိုးက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်နေတော့ သူကရော ဘယ်လို ဆက်ဖြစ်မလဲ။

ဖြေ။ ။ အဲဒီဟာလည်း သူ့ကိစ္စကတော့ အခုထက်ထိ ဘာမှ မကြားသေးဘူး။ သို့သော် လည်းပဲ ဒီကိစ္စမျိုးတွေက ဆက်နွယ်နေတာပဲ။ ဆက်ပြီးတော့လည်း မေးတာ မြန်းတာရှိနိုင်ပါတယ်။ ဒီဟာကတော့။ မေးမှာပဲ။ စုံစမ်းရေးကော်မရှင်ကတော့ မေးမှာပဲ။ စုံစမ်းရေးကော်မရှင်ဆိုတာ ဒေါက်တာမျိုးညွန့်တို့ ဦးဆောင်တဲ့အဖွဲ့ပေါ့။ အဲဒီဟာလည်း မေးနိုင်စရာရှိပါတယ်။

မေး။ ။ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်ကို အရေးယူပြီးတဲ့နောက် ပါတီတွင်းမှာ ဘယ်လို ရိုက်ခတ်မှုရှိလဲ။

ဖြေ။ ။ ပါတီတွင်းမှာ ရိုက်ခတ်မှု အများကြီးရှိတာပေါ့။ အများကြီးရှိတယ်။ ဒီဟာက ပါတီက စောစောကတည်းက ပြောထားတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောထား တာပဲ။ လာဘ်ပေးလာဘ်ယူအဂတိလိုက်စားမှု မလုပ်နဲ့။ ကိုယ်ကျင့်တရား မဖောက်ဖျက်နဲ့။ အဲဒါတွေ ပစ်ပယ်တယ်ဆိုရင် အရေးယူမှာပဲ။ မညှာဘူး ပြောထားတယ်လေ။ ပြောထားတော့ ဒီကိစ္စက သူ့ဟာသူ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်နေ ဖြစ်နေ တာဝန်ဘယ်လောက်ပဲ ကြီးနေပါစေ ပြဿနာဖြစ်လာရင်တော့ ပါတီက သူပြောထားတဲ့ အတိုင်းပဲ ပြည်သူလူထုကို အသိပေးထားတဲ့အတိုင်း တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်မှာပဲ။ ဆိုတဲ့အခါကျတော့ ဒါ ပါတီ အတွက်တော့ ပိုပြီးတော့ ကောင်းလာတယ်လို့ အဲဒီလိုပဲ မြင်ပါတယ်။ ဒါက ပြည်သူ လူထုကြားမှာ ပုံရိပ်ကောင်းဖြစ်လာတာပေါ့။

မေး။ ။ တခြားရော ဝန်ကြီးချုပ်တွေ အတိုင်ခံထားရတာရှိလား။

ဖြေ။ ။ အဲဒါတော့ ကျနော်တော့ မကြားမိသေးဘူးဗျ။ ရှိနိုင်တယ်။ ကျနော်တော့ အဲဒီလို တွက်တယ်။ ကျနော်သာ မကြားတာကိုး။ ရှိနိုင်တယ်။ ရှိနိုင်ပါတယ်။

မေး။ ။ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ပါတီအနေနဲ့ အရေးယူမှုက ဘယ်တော့ လောက် လာမလဲ။

ဖြေ။ ။ အများကြီးပြောတာပဲ။ ဗဟိုကော်မတီအစည်းအဝေးဆိုရင် တိုင်းနဲ့ပြည်နယ် တော်တော် များများက တော်တော်ပြောကြတယ်။ ဗဟိုကော်မတီအစည်းအဝေးက ၆ လတစ်ကြိမ်ဆိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လုပ်သွားတယ်။ နောက်၆ လဆိုရင် ဗဟိုကော်မတီ အစည်းအဝေး နောက်တစ်ကြိမ် ထပ်လုပ်ဦးမယ်။ ပါတီညီလာခံက ၅ နှစ်တစ်ကြိမ်လုပ်တယ်။ ဗဟိုကော်မတီအစည်းအဝေးမှာ ဒီကိစ္စတွေ ပြန်ပါလာမှာ။

မေး။ ။ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်လို့ အစိုးရပိုင်းမှာ ထင်ထင်ရှားရှား အရေးယူတာတွေ့ရပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအပိုင်းမှာကျတော့ရော။

ဖြေ။ ။ ဒါတွေလည်း တိုင်တဲ့လူရှိရင်တော့ ခေါ်ပြီးတော့ စစ်တာပါပဲ။ ကျနော်တို့ ဒီက ဒေါက်တာမျိုးညွန့်တို့ ဆိုလို့ရှိရင် တော်တော်လေး အလုပ်များတယ်။ တိုင်တာများတာကို။ ခေါ်စစ်ရတဲ့သူများတယ်။ ပုံစံအမျိုးမျိုးပါပဲ။ တိုင်ကြတာ။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်မှာ တာဝန်ရှိတဲ့သူတွေ လာအစစ်ခံကြရတာတွေရှိတယ်။

မေး။ ။ အတိုင်ခံရတဲ့ အစိုးရပိုင်းကပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဖယ်ခံရနိုင်လား။

ဖြေ။ ။ အဲဒါကတော့ ကျနော် ပြောရမှာ စောသေးတယ်။ မှန်းလို့သိပ်မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားလှယ်နဲ့ပတ်သက်ပြီး ဘယ်လို ရွေးချယ်ရမလဲဆိုတဲ့ မူတွေက နောက်ပုံစံအသစ်နဲ့ ထွက်ချင်ထွက်လာဦးမှာ။ စောစောကအတိုင်း ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ အခုဟာက ၂၀၁၅ တုန်းက လူကိုမကြည့်နဲ့ ပါတီကို ကြည့်ပါလို့ဖြစ်ခဲ့တာကိုး။ အခုကတော့ ဒီဆောင်ပုဒ်က ပြောင်းချင်ပြောင်းမယ်။ ပါတီကတော့ ပစ်ပယ်လို့တော့မရဘူးပေါ့ဗျာ။ သို့သော်လည်း ပါတီကိုရော လူကိုရော ကြည့်ရမယ့် သဘောထားတွေ တက်ချင်တက်လာဦးမှာကိုးဗျ။

မေး။ ။တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ဖြစ်သလိုမျိုး နောက်ထပ် တိုင်းဒေသကြီးအစိုးရတွေမှာရော ဖြစ်လာနိုင်သလား။

ဖြေ။ ။ ဒါကတော့ ကျနော်ကတော့ ကြိုတော့ မမှန်းတတ်ဘူး။ သို့သော်လည်းပဲ ကျနော် သဘောပေါက်တာကတော့လေ ဥပမာဗျာ ခင်ဗျား သတိထားမိလား။ ကျနော်တို့ ခေါင်းဆောင် တွေပေါ့။ သမ္မတကြီးခရီးထွက်တယ်။ သမ္မတကြီးခရီးထွက်တော့လည်း တိုင်စာတွေ အများကြီး ပို့ကြတယ်။ တင်ပြလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ဆိုတော့လည်း တိုင်စာတွေအများကြီးရလာတယ်။ အဲဒါကိုက ပြည်သူလူထုရဲ့ ခံစားချက် ဘယ်လောက် ရှိတယ်ဆိုတာ သိလာတယ်လေ။ ဒါ အဲဒီတိုင်စာတွေရဲ့ အချက်အလက် ခိုင်မာမှု ပေါ်မှာ မူ တည်ပြီးတော့ ဒီလိုဖြစ်လာနိုင်စရာရှိတာပေါ့။ အရေးယူတာတွေ ဖြစ်လာနိုင်စရာရှိတာပေါ့။

မေး။ ။ ၂၀၂၀ မှာ ဘယ်လိုမျှော်မှန်းလဲ။ ပြည်သူထောက်ခံအားပေးမှုက ဘယ်လိုမျှော်မှန်းလဲ။

ဖြေ။ ။ ၂၀၂၀ မတိုင်မီလောက်မှာ NLD ဟာ ပြုပြင်စရာရှိတာတွေ ပြည်သူလူထုအတွက် အတတ်နိုင်ဆုံး လုပ်ကိုင်ပေးစရာရှိတာတွေ အများကြီးလုပ်ပေးလိမ့်နိုင်မယ်လို့ ကျနော် ယုံကြည့်တယ်။ နောက်တစ်ခါ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ ကျနော်တို့ သဘောထားတွေ တချို့ အသစ်ပြန်ပြီးတော့ ရချင်လည်း ရလာမှာပေါ့။ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ ကိစ္စတွေ ပေါ့။ ကျနော်မြင်တာတော့ ၂၀၂၀မှာလည်း NLD ပဲ အများစုအနိုင်ရမယ်လို့ ကျနော်ကတော့ ယူဆပါတယ်။

မေး။ ။ အခုလက်ရှိမှာက ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ငြိမ်းချမ်းမှာ တပ်နဲ့ NLD သိပ်ပြီး သဟဇာတ မဖြစ်သလိုဖြစ်နေတာကရော။

ဖြေ။ ။ အဲဒီဟာကလည်း ညှိနှိုင်းရမှာဗျ။ ဆွေးနွေးရမှာ။ အပြန်အလှန်အပေး အယူလုပ်ကြ ရမှာ။ ဒီအတိုင်း မင်းဒါမလုပ်လို့ ငါ ဒါမလုပ်ဘူးဆိုတာမျိုးက တစ်လျှောက်လုံး ဖြစ်ဖို့ မသင့်ဘူး လေ။ ဘက်နှစ်ဖက်စလုံးက ကိုယ့်အကျပ်အတည်း သူ့အကျပ်အတည်း သိနေကြတာပဲ။ ဒီဟာကို သေသေချာချာ ညှိကြနှိုင်းကြရင်ကတော့ အားလုံးမဟုတ်တောင် အတော် အသင့် တော့ နားလည်မှုတွေ ရလာမယ်လို့ ယူဆပါတယ်။

မေး။ ။ ၂၀၂၀ နီးရင်ဒေါ်အောင်ဆန်းစုကြည်က ပါတီကို ပြန်လာနိုင်မယ်လို့ သုံးသပ်မှုတွေ ရှိတယ်။ ဘယ်လို မြင်ပါလဲ။

ဖြေ။ ။ အဲဒါတော့ ကျနော် ကြိုမမှန်းတတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်က ပါတီအတွက်လည်း လိုအပ်တာပဲ။ ပါတီရဲ့ Supreme Leader ပဲ။ ထို့အတူပဲ အစိုးရပိုင်း အုပ်ချုပ်ရေးပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် မရှိလို့ မဖြစ်ဘူးလေ။ အဲဒီတော့ ဒါကတော့ သူ့ဟာသူ ဆုံးဖြတ်ပါလိမ့်မယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com