All News Local News

၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ကို အရေးယူမှုမျိုး နောက်ထပ် ရှိလာနိုင်၊ ၂၀၂၀ မတိုင် NLD က လူထုအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဖွယ်ရှိဟုဆို

ရန်ကုန်၊ မတ် ၁၄

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ရာထူးမှ ဖြုတ်ချပြီး အဂတိလိုက်စားမှုဖြင့် အရေးယူသည့် ဖြစ်စဉ်မျိုး အခြားသော ပြည်နယ်/တိုင်းဒေသကြီးအစိုးရများတွင်လည်း ရှိလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်း ရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် ဆက်သွယ်မေးမြန်းခန်းတွင် မုံရွာအောင်ရှင်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး တိုင်ကြားမှု အချက်အလက် ခိုင်မာပါက မည်သို့သော ပုဂ္ဂိုလ် ဖြစ်စေ အရေးယူခံရနိုင်ကြောင်း သတိပေးပြောဆိုသည်။

“ကျနော်ကတော့ ကြိုတော့ မမှန်းတတ်ဘူး။ သို့သော်လည်းပဲ ကျနော် သဘောပေါက် တာက တော့လေ ဥပမာဗျာ ခင်ဗျား သတိထားမိလား။ ကျနော်တို့ ခေါင်းဆောင် တွေပေါ့။ သမ္မတကြီး ခရီးထွက်တယ်။ သမ္မတကြီးခရီးထွက်တော့လည်း တိုင်စာတွေ အများကြီး ပို့ကြတယ်။ တင်ပြလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ဆိုတော့လည်း တိုင်စာတွေ အများကြီး ရလာတယ်။ အဲဒါကိုက ပြည်သူ လူထုရဲ့ ခံစားချက် ဘယ်လောက်ရှိတယ်ဆိုတာ သိလာတယ်လေ။ ဒါ အဲဒီတိုင်စာတွေရဲ့ အချက် အလက် ခိုင်မာမှု ပေါ်မှာ မူတည်ပြီးတော့ ဒီလိုဖြစ်လာနိုင်စရာရှိတာပေါ့။ အရေးယူတာတွေ ဖြစ်လာနိုင်စရာရှိတာပေါ့” ဟု မုံရွာအောင်ရှင်က ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ NLD ပါတီအနေဖြင့် လူထုအတွက် ပြုပြင်ပြောင်းလဲမှုများ အကြီး အကျယ် လုပ်နိုင်ခြေရှိနေကြောင်းလည်း ၎င်းက ရှင်းပြသည်။

“၂၀၂၀ မတိုင်မီလောက်မှာ NLD ဟာ ပြုပြင်စရာရှိတာတွေ ပြည်သူလူထုအတွက် အတတ် နိုင်ဆုံး လုပ်ကိုင်ပေးစရာရှိတာတွေ အများကြီးလုပ်ပေးလိမ့်နိုင်မယ်လို့ ကျနော်ယုံကြည့်တယ်။ နောက်တစ်ခါ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ ကျနော်တို့ သဘောထားတွေ တချို့ အသစ် ပြန်ပြီးတော့ ရချင်လည်း ရလာမှာပေါ့။ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ ကိစ္စတွေပေါ့။ ကျနော်မြင်တာတော့ ၂၀၂၀မှာလည်း NLD ပဲ အများစုရမယ်လို့ ကျနော်ကတော့ ယူဆ ပါတယ်” ဟု မုံရွာအောင်ရှင်က ဆိုသည်။

NLD ပါတီသည် ဗဟိုကော်မတီအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ခေါ်ယူ ခဲ့ပြီး နောက်ထပ် ၆ လအကြာ သြဂုတ်လတွင်လည်း ဗဟိုကော်မတီ အစည်းအဝေး ထပ်မံ ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးမှု မြင်ကွင်း။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com