All News interview Peace

“အပ်နဲ့ထွင်းရမယ့်ဟာကို ပုဆိန်နဲ့ ထွင်းရသလိုဖြစ်တာ၊ အရင်က အဖြူရောင် နယ်မြေ ရခိုင်ပြည်နယ်ဟာ ယနေ့ စစ်ဘေး စစ်ဒဏ်သင့်တဲ့ ဒေသကြီးဖြစ်လာ”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ၊ အငြိမ်းစားဗိုလ်ချုပ်ဦးမောင်မောင်အုန်းနှင့် ဆက်သွယ်မေးမြန်းချက်

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

သမ္မတဦးဝင်းမြင့်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကော်မတီတစ်ရပ်ကို မကြာသေးမီက ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီတွင် ယခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးမောင်မောင်အုန်းကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ရခိုင်တည်ငြိမ်အေးချမ်းရေးကော်မတီထဲမှာ ဦးမောင်မောင်အုန်း နာမည်လည်းထည့်ထားတော့ အဲဒါ နောက်ဆုံး ဘာတွေများ သိထား လဲ၊ ဘာတွေများ စလုပ်နေပြီလဲ ဆရာ။

ဖြေ ။ ။ လောလောဆယ်တော့ ဘာမှမလုပ်သေးပါဘူး။ ကျနော့်ဆီကိုလည်း ဘာမှဆက်သွယ်မှု မရှိသေးပါဘူး။ အမိန့်ထုတ်ပြန်ထား တဲ့အနေအထား ပဲရှိပါတယ်။

မေး ။ ။ ရခိုင်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီမှာ ပါဝင် ရမှာကို ကြိုတင်အသိပေးခဲ့လား ၊ အမိန့်ထုတ်ပြီးတော့မှ သိရတာ လားဆရာ။

ဖြေ ။ ။ ကြိုပြီးတော့မေးတာလေးတော့ ရှိပါတယ်။ အဲဒီတုန်းကလည်း ကိုယ်တိုင်က လည်း ပြည်နယ်လွှတ်တော် အမတ်ဖြစ်တယ်၊ ရခိုင်ပြည်နယ် လွှတ်တော် တိုင်းရင်းသား ရေးရာကောမတီဥက္ကဋ္ဌဖြစ်တယ်။ နောက် ဝန်ကြီးချုပ် ဟောင်း လည်း ဖြစ်တဲ့အခါကျတော့ ဒီအလုပ်တွေကတော့ လက်ရှိလည်း လုပ်နေရတဲ့သဘောပေါ့လေ။ အခုလက်ရှိ ရခိုင်ဒေသက တော်တော်လေးလည်း ဆိုးဝါးနေတဲ့အခါကျတော့ ဘာပဲပြောပြော ရခိုင်ပြည်နယ် ကိုလည်း သံယောဇဉ်ရှိပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်အတတ်နိုင်ဆုံး ပါတီနိုင်ငံရေးမပါ ကိုယ်တိုင်နိုင်လေးကို သန့်သန့်လေးနဲ့ ဝင်ရောက်ပြီးတော့မှ အကြံပြု ဆောင်ရွက်မယ် ဆိုတဲ့သဘောမျိုးနဲ့ အဲ့ဒီလိုလေး စဉ်းစား ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်။ ခုလက်ရှိတော့ ဘာမှထူးခြား လာတာ မရှိသေးဘူးပေါ့နော်။

မေး ။ ။ ရခိုင်ကလေ ပြဿနာတွေကလည်း တအားဆိုးနေတော့ ရခိုင်ပြည်နယ် အောက်ခြေမှာ တချို့ဟာတွေက နိုင်ငံတော်အဆင့်ကမဟုတ်ဘဲနဲ့ အောက် ခြေမှာ တင် ပြန်ပြီး ပြုပြင်ပြီး အမြန်ဆုံးလုပ်လို့ရတာမရှိနိုင်ဘူးလား။

ဖြေ ။ ။ ပြောရရင်တော့လေ ရခိုင်က အပ်နဲ့ထွင်းရမယ့်ဟာကို ပုဆိန်နဲ့ ထွင်းရသလိုဖြစ်တာပေါ့နော်။ အဲဒီတော့ နိုင်ငံတော်ကိစ္စပဲဖြစ်ဖြစ်၊ သာမန် ကုမ္ပဏီ ကိစ္စပဲဖြစ်ဖြစ်၊ သာမန်အိမ်တွင်းရေးကိစ္စပဲဖြစ်ဖြစ်ပေါ့။ တချို့ဟာ တွေဆိုရင် အိမ်တွင်းရေးဆိုရင် မိဘတွေမသိဘဲ ဖြေရှင်းလို့ရတဲ့ ကိစ္စအသေး အမွှားလေးတွေ ရှိပါတယ်ခင်ဗျ။ တချို့ဟာလေးတွေ မသိချင်ယောင်ဆောင် ရတဲ့ကိစ္စလေးတွေရှိတယ်။ ဒါကတော့ ရိုးရိုးတန်းတန်းပြောတာပေါ့။ ဒီလိုပဲ ကော်မတီမှာလည်း ဘာပဲပြောပြော သူ့အဆင့်နဲ့သူ အာဏာပေးပြီးတော့ လုပ်ပိုင်ခွင့် ပေးထား ရင် သိပ်ပြီးတော့ ခေါင်းမကြိမ်းဘူးပေါ့။ နိုင်ငံတော်လည်း ဒီလိုပါပဲ။ ခုဟာက နိုင်ငံတော်ရဲ့မူဝါဒအတိုင်း အပေါ်ကနေပြီးတော့မှ တိုက်ရိုက် ကိုင်တွယ်တဲ့ အခါကျတော့ အောက်ခြေမှာဖြေရှင်းလို့ရတဲ့ဟာတွေကလည်း မဖြေရှင်းနိုင်တဲ့ အခါကျတော့ တဖြည်းဖြည်း ကြီးထွားလာပြီးတော့ မနိုင်မနင်းဖြစ်လာတဲ့သဘောတော့ တွေ့ရတာ ပေါ့နော်။ ဘာပဲပြောပြော ရခိုင်ပြည်နယ်မှာတော့ ကိုယ့်တုန်းက မေတ္တာတွေငတ်လို့ မေတ္တာတွေပေးတယ် ဆိုတဲ့စကားကို ပြောခဲ့ပါတယ်။

ယုံကြည်မှုတွေ တည်ဆောက်ရမှာပေါ့နော်။ ခုတော့ ယုံကြည်မှုတွေ တည်ဆောက် ရမယ့်အစား ယုံကြည်မှုတွေကို လျော့ပါးအောင်လုပ်သလို ဖြစ်ပြီးတော့မှ ခုချိန်မှာ တော်တော်လေး ယုံကြည်မှု လျော့နေတာပေါ့။ ဒါတွေဟာ နောက်ဆုံး ပြန်ဆက်ဖို့ဆိုရင် တော်တော့်ကို ဆုံးဖြတ်ရမယ့် ကိစ္စတွေ ဖြစ်တဲ့ အတွက် နောက်ဆုံး ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဘာမှမလုပ်ဘဲ ထားတာ နဲ့စာရင်တော့ လုပ်တာကတော့ ဘာပဲပြောပြော တိုးတက်မှုများ ရှိမလားဆိုတဲ့ အနေအထားမျိုးနဲ့ပဲ ဒီလိုစဉ်းစားမိတာပါ။

ဖြေ ။ ။ ရခိုင်မှာ AA ကိစ္စကလည်းရှိတယ်။ တခြားဘက်မှာ ရွှေ့ပြောင်း မွတ်စလင် ကိစ္စ ကလည်း ရှိတယ်။ အဲ့ဒီနှစ်ခုလုံးကို လုံးထွေးပြီးကိုင်မလား၊ ဒါမှမဟုတ် တစ်ခုပြီးမှ တစ်ခုရှင်းရမလား၊ ဘယ်လိုလုပ်မလဲ။

ဖြေ ။ ။ အင်း … ခက်ပါတယ်လေ။ သူတို့ကော်မတီရဲ့ အနေအထားကလည်း အဲ့ဒီမှာ သူ့ရဲ့တာဝန်တွေ အကြမ်းဖျင်းကြည့်ပြန်တော့လည်း ဒါ တွေ့သင့် တွေ့ထိုက်တဲ့သူတွေကို တွေ့ပါဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့တာဖြစ်တဲ့အတွက် ပြည်သူနဲ့ပါတီနဲ့ ရခိုင်ပြည်နယ်အစိုးရနဲ့ ရခိုင်ပြည်နယ် လွှတ်တော် ဒီလိုပဲသွားရမယ့်သဘောပေါ့။ AAတို့ဘာတို့ကျတော့ နက်ရှိုင်းလွန်းတယ်လေ။ ဒါကတော့ ကိုယ်ထင်တယ်လေ၊ အစိုးရကပဲ ဆောင်ရွက်နိုင်မယ့် အနေအထားမျိုး တပ်မတော် ကလည်းရှိတဲ့အခါကျတော့လေ။ သူတို့အနေနဲ့ကတော့ ပြည်သူ တွေနဲ့ပဲ ပေါင်းစပ်ညှိနှိုင်း၊ ပြည်သူရယ် ပါတီရယ် အဲဒါတွေ အဓိကလုပ်ရမယ်လို့ ကိုယ်က အဲ့ဒီလိုပဲ ထင်မိပါတယ်။

မေး ။ ။ ရခိုင်မှာ အခုက အုပ်ချုပ်ရေးကလည်း တော်တော်ကြီးကို ပျက်ယွင်းတဲ့ ပုံစံမျိုးပေါ့လေ။ ရပ်ကျေး အုပ်ချုပ်ရေးမှူး တွေကလည်း ထွက်နေတယ်။ အခြားတစ်ဖက်မှာလည်းပဲ တိုက်ပွဲတွေကလည်း ဖြစ်နေတယ်ဆိုတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကော်မတီ နဲ့ကျတော့ရော တကယ်ရော အဲဒီလိုမျိုး ထိထိရောက်ရောက်အနေနဲ့ ဝင်ပြီးတော့ အကြံပြုတာတို့၊ လုပ်ပေးနိုင်ပါ့မလား။စိုးရိမ်စရာရှိလား။

ဖြေ ။ ။ ရှိတာပေါ့၊ တကယ်တော့ ဒီ အစိုးရဘက်မှာလည်း ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဆိုတာ သီးခြား ရှိပြီးသားပါ။ ဒုသမ္မတက ဥက္ကဋ္ဌနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ အဖွဲ့ဝင်တွေနဲ့ အဲဒီလိုလုပ်ထားတဲ့ နော်။ ဒုဥက္ကဋ္ဌလားမသိဘူး နယ်စပ်ရေးရာဝန်ကြီးက။ ကျန်တဲ့ ဝန်ကြီးတွေ ဒုတိယဝန်ကြီးတွေနဲ့ အဲဒီလိုကော်မတီက ရှိပြီးသားပါ။ ဒါပေမယ့် ဒီလိုတွေ့ရတဲ့အခါကျတော့ အဲဒီကော်မတီတွေကို အထောက်အကူပြုဖို့ အစိုးရအဖွဲ့မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များဖွဲ့စည်းတဲ့၊ ပြည်သူတွေနဲ့ ထိတွေ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လို့ပဲ ပြောရမှာပေါ့။ အဲဒီအဖွဲ့တွေနဲ့ ထပ်ပြီးတော့မှ ဝိုင်းရံတဲ့သဘောမျိုးလို့ ထင်ပါတယ်။

အဲဒီတော့ ဒီကိစ္စကြီးကတော့ ပြောရရင်တော့ အစိုးရအဖွဲ့က လုပ်ရခက်ခဲတယ်၊ နောက်ပြီးတော့ လုပ်ပိုင်ခွင့်တွေရှိတယ်၊ အဲဒါတောင်မှ ကိုယ့်ကို လွှတ်တော် ကိုယ်စားလှယ် တွေ ဖွဲ့စည်းတဲ့ အဖွဲ့ဖြစ်တော့ ပိုပြီးတော့ လုပ်ပိုင်ခွင့်တို့ ဘာတို့က ဟိုဘက် လောက်တော့ သိပ်ထိရောက်မယ်မထင်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ အစိုးရဝန်ကြီး ဌာန တွေ၊ အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ပြီးတော့ ချိတ်ဆက် တင်ပြလို့ရပေမယ့် ကိုယ်တို့ကတော့ အကြံပြုပြီး တော့မှ ဟိုကနေပြီးတော့မှ နိုင်ငံတော်က လုပ်တော့ သဘောမျိုးဆို တဲ့အခါ ကျတော့ ဟိုအဖွဲ့လောက်တော့ အားရစရာ သိပ်မကောင်းဘူးပေါ့နော်။ ဘယ်လိုပဲပြောပြော ခုချိန်မှာတော့ အကြံဉာဏ်တွေ၊ ပေါင်းစပ်ညှိနှိုင်းမှုတွေ လုပ်နေတယ်၊ ဘာပဲပြောပြော မလုပ်တာထက်စာရင် လုပ်တာ ပိုကောင်း တဲ့သဘောမျိုး ယူဆရမှာပေါ့ ကျနော့်အမြင်မှာ။

မေး ။ ။ လက်ရှိအခြေအနေက ဦးသိန်းစိန်အစိုးရလက်ထက်က ရခိုင် အခြေအနေထက် ပိုဆိုးတာပေါ့နော်။

ဖြေ ။ ။ မှန်ပါတယ် မှန်ပါတယ်။ အဲဒါကတော့လေ နိုင်ငံရေး နည်းလမ်းနဲ့ ပဲရှင်းခဲ့တယ်။ စည်းမျဉ်းစည်းကမ်းနဲ့ပဲရှင်းခဲ့တယ်။ နောက်ပိုင်းတော့ ပြည်တွင်း ကိစ္စမဟုတ်ဘဲ နိုင်ငံတကာကိစ္စကြီး ဖြစ်သွားတယ်။ အကြမ်း ဖက်တွေပါ လာတယ်၊ အာဆာ၊ နောက်တစ်ခါ ဘင်္ဂါလီတွေ ဟိုဘက်ကိုထွက်ပြေးကုန်တယ်။ နောက်ဆုံးတော့လည်း အရင်တုန်းက အဖြူရောင်နယ်မြေလို့သတ်မှတ်တဲ့ ရခိုင်ပြည်နယ်ဟာ ယနေ့ စစ်ဘေးစစ်ဒဏ်သင့်တဲ့ ဒေသကြီး ဖြစ်လာတဲ့အနေအထားမျိုး ပြောင်းလဲသွားတယ်ပေါ့နော်။

အဲဒီတော့ ခုကတော့ ဒါတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငါတို့လက်ထက်မှာတော့ အတတ်နိုင်ဆုံး ပြည်သူနဲ့ အစိုးရကြားထဲမှာ ကြားခံပြီးတော့ ညှိနှိုင်း ဆောင်ရွက် ခဲ့တဲ့အတွက် ပိုပြီးတော့ တည်ငြိမ်မှုရှိတယ်လို့ ပိုပြီးခံစားမှုရှိတာပေါ့လေ။ ဒါလေးကို ကိုယ်တို့ကို ဆက်ထိန်း သွားမယ်ဆိုလို့တဲ့အခါကျမှ လုပ်နည်း လုပ်ဟန်တွေ၊ အယူအဆတွေ မတူညီတဲ့အခါကျတော့ အခြေအနေအတွေ ပြောင်းပြန်ဖြစ်ကုန်တာ။

ကိုယ်ထင်ပါတယ်လေ။ တက်လာတဲ့အစိုးရတိုင်းကတော့ နိုင်ငံကောင်းအောင်၊ ရခိုင်ပြည်နယ်ကောင်းအောင်၊တကယ်စဉ်းစားလုပ်ကြတာချည်းပဲ။ စေတနာ မှန်ကြပါတယ်။ သို့သော်လည်း စေတနာမှန်ကောင်းမှန်သော်လည်း လုပ်နည်းလုပ်ဟန်တွေ လွဲတယ်၊ ဒီလိုပဲ အဆက်အစပ်မရှိရင်တောင် ဒီလူပဲ စေတနာ ဝေဒနာဖြစ်ပြီးတော့မှ ယုံကြည်မှုတွေလျော့ပြီး အပ်နဲ့ထွင်းရမယ့်နေရာ ပုဆိန်နဲ့ထွင်းရသလို ဖြစ်တတ်တယ်။ ကိုယ်တို့နိုင်ငံမှာ သင်ခန်းစာယူစရာ အများကြီး ပါပဲလေ။ သင်ခန်းစာတွေကို တွေ့နေတယ် မယူကြဘူးဖြစ်တာပေါ့။

ကိုယ်ကတော့ ဘာပဲပြောပြော ယနေ့တော့ တပ်မတော်က အငြိမ်းစား တပ်မတော် က ဗိုလ်ချုပ်ကြီးဖြစ်တဲ့အတွက်၊ သာမန်ပြည်သူပါပဲ။ သုညလို့ပဲ ပြော ချင် တယ်။ ယနေ့ နိုင်တော်ကြီး တိုးတက်ဖို့၊ တည်ငြိမ်ဖို့ ကိုယ့်ရဲ့ တိုင်းရင်း သား တွေ အစစအရာရာ အဆင်ပြေဖို့ ဆိုတဲ့အနေအထားမှာ ကိုယ်က နိုင်ငံသား တစ်ယောက်အနေနဲ့ တစ်တပ် တစ်အားပါဝင်ဖို့ပဲ ဒီလိုပဲ စဉ်းစားပါတယ်။ ဒီလို အမြင်နဲ့ပဲ ဆွေးနွေးတာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com