All News China Watch interview

“အစိုးရဘက် ကနေပြီးတော့ သူတို့ကို မတော်မတရား ဖိနှိပ်အုပ်ချုပ်လာ ခဲ့တဲ့ဥစ္စာတွေကို နောက်ဆုံး တော့ သူတို့ သည်းမခံနိုင်တော့ဘူး”

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

ရခိုင်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်

လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့၏ AA အပေါ် ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်အထူးကိုယ်စားလှယ်နဲ့ တွေ့တဲ့ အခါမှာ ARSA နဲ့ AA ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီး ပြောသွားတာကို AA ဘက်က ကြေညာချက်ပြန်ထုတ်ထားတာအပေါ် အသေးစိတ်သိချင်ပါတယ်။

ဖြေ ။ ။ ဒီဟာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်အစိုးရရဲ့အထူးကိုယ်စားလှယ်နဲ့ တွေ့တဲ့အခါ အဲဒီလို မျိုး ထည့်သွင်းပြီးတော့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီဟာက အခြေ အမြစ်မရှိတဲ့ စွပ်စွဲချက် ဆိုတဲ့ဥစ္စာကို နိုင်ငံတကာနဲ့ အများ ပြည်သူ သိအောင် ထုတ်ပြန်တာပါ။

မေး ။ ။ ARSA နဲ့ မပူးပေါင်းဖို့ဆိုပြီး တရုတ်ဘက်ကနေ ကြေညာချက် ထုတ် ထားတာ လည်းရှိသေးတယ်။

ဖြေ ။ ။ ကျနော်တို့တွေက ဗမာအစိုးရနဲ့ ဗမာစစ်တပ်ဘက်က တစ်လျှောက် လုံး စွပ်စွဲ လာတဲ့ကိစ္စနော်။ သူတို့ကနေ ပြောမယ်ဆို ကျနော်တို့ကို အကြမ်းဖက် သမားတွေနဲ့နေပြီးတော့ မရ ရအောင်လို့ လိုက်ပြီးတော့ချိတ်ဆက်နေတဲ့ သဘောရှိတယ်။ အဲဒါကတော့ ပြောမယ်ဆိုလို့ရှိရင် ဒါ ရက္ခိုင်တပ်မတော်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပုံဖော်ချင်တဲ့ကိစ္စမို့လို့ သူတို့က အဲဒီလိုမျိုး လုပ်ပြီးတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ စွပ်စွဲနေတာ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကလည်း အများပြည်သူနဲ့နိုင်ငံတကာကို ပိုပြီးတော့ ရှင်းရှင်း လင်းလင်း သိအောင်လို့ ဒီကိစ္စကို ဒီလိုမျိုးထုတ်ပြန်ရတာဖြစ်ပါတယ်။

မေး ။ ။ ဘာကြောင့် AA နဲ့ ARSA ချိတ်ဆက်နေတယ်လို့ စွပ်စွဲနေတယ် လို့ထင်လဲ။

ဖြေ ။ ။ ဒါကတော့ ရှင်းရှင်းလေးဗျ။ ကျနော်တို့ရဲ့ ဒီ ရက္ခိုင့်တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်အောင်ပေါ့ဗျာ နိုင်ငံရေးအရ သူတို့ ဒါ လုပ်ကြံနေတာဗျ။ သူတို့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ မရ ရအောင် ဆက်စပ်ပြီးတော့ အဲဒီလိုမျိုးလုပ်နေတဲ့ဥစ္စာက ပြောမယ်ဆိုလို့ရှိရင် တစ်ဖက်မှာ ကျနော်တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပုံဖော်ချင်တဲ့အတွက်ကြောင့်မို့လို့ မဟုတ်မဟတ်ပြောပြီးတော့ ပုံဖော်နေတဲ့သဘောရှိတယ်ဗျ။

မေး ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ကို အဲဒီလို ပြောတဲ့အတွက် ဘယ်လိုဖိအားတွေ ရှိလာနိုင်လဲ။

ဖြေ ။ ။ ဒါကတော့ ကျနော်တို့ထင်တာ ဘာမှတော့ မဖြစ်နိုင်ပါဘူး။ ဟိုဘက် ကနိုင်ငံကြီးကလည်း ဘာကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသလဲ ဆိုတာ သူတို့လည်း သိပါတယ်။ ဟိုဘက်လူတွေကလည်း ဗမာအစိုးရပြောတိုင်း ယုံကြည်မယ့်သူတွေမဟုတ်ပါဘူး။ အခြေအမြစ် ရှိမရှိဆိုတာ သူတို့သိတဲ့ဥစ္စာပဲ။ အဲဒီဥစ္စာကြောင့် ကျနော်တို့က သိပ်ပြီးတော့ စိုးရိမ်စိတ်လည်းမရှိပါဘူး။ ဘာဖြစ်လို့ လဲဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခြေအမြစ်မရှိ ဒီလိုမျိုး မဟုတ်မဟတ်စွပ်စွဲတဲ့ဥစ္စာကို ကျနော်တို့က အများပြည်သူနဲ့ နိုင်ငံတကာသိအောင် ထုတ်ပြန်လိုက်တဲ့သဘောပါပဲ။

မေး ။ ။ AA အနေနဲ့ ရခိုင်မှာ အခြေစိုက် စခန်း ရအောင် လုပ်မယ်လို့ ပြောထားတာက အခု ဘယ်လို အခြေအနေရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့က ရက္ခိုင့်တပ်မတော်အနေနဲ့ကတော့ ရခိုင်ပြည်မှာ အခြေစိုက်ပြီးသားပဲဗျ။ သီးသန့်နေပြီးတော့ အဲဒီလိုမျိုးလုပ်နေစရာမလိုပါဘူး။ ပြောမယ်ဆိုလို့ရှိရင် ရခိုင်မြေဟာ ကျနော်တို့ရဲ့မြေပဲ။ ကျနော်တို့ရဲ့အိမ်ပဲ။ ကိုယ့်အိမ် ကိုယ်မြေ ကြိုက်တဲ့နေရာမှာ ကျနော်တို့နေလို့ရတယ်။ အခုလည်းနေနေတာပဲ၊ နောင်လည်း နေသွားမှာပဲ။

မေး ။ ။ မြောက်ဦးမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ၉၀ လောက် နုတ်ထွက်တဲ့အပေါ်မှာ ဘယ်လိုရှုမြင်လဲ။

ဖြေ ။ ။ ဒီဟာကတော့ အဖြေကတော့ ရှင်းရှင်းလေးပါ။ ဒါ သူတို့ရဲ့ မတရားတဲ့ ဖိနှိပ်အုပ်ချုပ်မှု စနစ်ကို ဒေသခံတွေက မခံနိုင်တော့ဘူး။ ပြောမယ်ဆိုလို့ရှိရင် အထူးသဖြင့် ရပ်ရွာအုပ်ချုပ်ရေးမှူးတွေပေါ့ဗျာ။ သူတို့ကနေ အစိုးရဘက် ကနေပြီးတော့ သူတို့ကို မတော်မတရား ဖိနှိပ်အုပ်ချုပ်လာ ခဲ့တဲ့ဥစ္စာတွေကို နောက်ဆုံးတော့ သူတို့ သည်းမခံနိုင်တော့ဘူး။ အဲ့ဒါကြောင့်မို့လို့ သူတို့ကနေ နုတ်ထွက်တာ။ ပြောမယ်ဆို ဒီလိုမျိုးအဖြစ်မျိုးက ဗြိတိသျှတွေအုပ်ချုပ်တဲ့ ကိုလိုနီခေတ်မှာ၊ နောက်ဆုံး ဂျပန်တွေအုပ်ချုပ်တဲ့ ဖက်ဆစ်ကာလမှာရော အဲဒီလိုအဖြစ်မျိုးတွေ မဖြစ်ခဲ့ဘူးဗျ။ ပြောမယ်ဆိုလို့ရှိရင် ဗမာစစ်တပ်ကနေပြီးတော့ အရှေ့တောင်အာရှမှာ အောက်ဆုံးကျန်ခဲ့တဲ့ ဖက်ဆစ်က မွေးထုတ်ပေးခဲ့တဲ့ နောက်ဆုံးလက်ကျန် ဖက်ဆစ်စစ်တပ်ဖြစ်တယ်။ အဲဒီဥစ္စာက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ပုံပေါ်လာတယ်။ ဖက်ဆစ်ထက်ကို သူတို့က ပိုဆိုးနေတဲ့သဘောရှိတယ်။ အဲဒါကြောင့်မို့လို့ ဘယ်ခေတ် ဘယ်တုန်းကမှ မဖြစ်ခဲ့တဲ့အဖြစ်တွေ ရခိုင်ပြည်ထဲမှာ အဲဒီလိုဖြစ်လာတာ။

မေး ။ ။ မတ်လ ၃ ရက်နေ့က မြောက်ဦး အိမ်တိုင်းအိမ်တိုင်းမှာ ရခိုင်အလံတွေ ထူထောင်ကြတာက ရခိုင်လူထုအနေနဲ့ ဒါ သူတို့ရဲ့ အမျိုးသားရေးအတွက် ပိုပြီးတက်ကြွလာတယ်လို့ ပြောလို့ရမလား။

ဖြေ ။ ။ ရခိုင်တွေ ရခိုင်အမျိုးကို ချစ်တဲ့ဥစ္စာက ဒါ အပြစ်မဟုတ်ဘူးဗျနော်။ ဗမာပြည်မှာ နေပြီးတော့ ဖွဲ့စည်းပုံမှာက အစ ထည့်ပြီးတော့ရေးထားတာ။ မျိုးချစ်စိတ် ဓာတ် ရှင်သန်ထက်မြက်ရေး ဆိုတဲ့ဥစ္စာကို စစ်အစိုးရ ခေတ် တစ်လျှောက်လုံး၊ ဘယ်အစိုးရတက်တက် ဗမာအစိုးရတွေအဆက်ဆက် တစ်လျှောက်လုံး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုတဲ့ဥစ္စာကို သူတို့ တစ်လျှောက်လုံးအော်လာတာ။ ဗမာတွေ အမျိုးကိုချစ်သလို ရခိုင်တွေ အမျိုးကိုချစ်တဲ့ဥစ္စာလည်း ဒါ အပြစ်မဟုတ်ဘူး။ ကိုယ့်အမျိုးကိုယ်ချစ်တာပဲ။ အဲဒီဥစ္စာလည်း မဖြစ်ရဘူးဆိုပြီးတော့မှ ဒါအပေါ်မှာ ဖိနှိပ်တဲ့လူက ဒါ မတရားလုပ်တာ၊ အနိုင်ကျင့်တာ။ အဲဒါကတော့ ပြောမယ်ဆိုလို့ရှိရင် ရခိုင်တွေ ရခိုင်အမျိုးကိုချစ်တာ ရခိုင်တွေရဲ့ အခွင့်အရေးပဲဗျ။ ပြောဆို နိုင်ငံတကာ မှာလည်းပဲ ဒါ ဘယ်လိုပြောမလဲ Freedom of Expression ကိုယ်ယုံကြည်ရာ ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တော့ ရှိရမယ်ဗျ။ အဲဒီဥစ္စာကို မရှိရဘူးဆိုပြီး ကန့်သတ်တဲ့လူကတော့ ဒါ လူမဆန်တဲ့လူပဲ။ နောက် လူ့အဖွဲ့အစည်းကို ဆန့်ကျင်တဲ့လူပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com