All News Local News Peace

“အကုန်လုံးက ကိုယ့်အိမ်မှာကိုယ် လုံခြုံတဲ့နေရာမှာ ဗုံးခိုကျင်းတွေထဲမှာ၊ တချို့ ဆိုလည်း မြေကြီးတွေပေါ်မှာ အဲ့ဒီလိုမျိုး ဆင်းနေကြတာပါ။ ထမင်းတောင် ထွက်ပြီးတော့ မချက်ရဲတဲ့အခြေအနေ”

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

မြောက်ဦးဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လွန်ခဲ့သော နှစ်ရက်ခန့်မှစတင်၍ ညအချိန် ပစ်ခတ်မှု များဖြစ်ပွားပြီး လူထိခိုက်ဒဏ်ရာရရှိမှုများ တိုးတက်လာနေသည်။ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်သည့် မြောက်ဦးစေတီပုထိုးများမှာလည်း ကျည်သင့်မှုများရှိနေပြီး ပြည်သူများအားလုံး ကျီးလန့်စာ စားနေရသည့် အခြေ အနေ ဆိုက်ရောက်နေသည်။ ယနေ့ နံနက် မြောက်ဦး အခြေအနေများ နှင့်ပတ် သက်ပြီး ရန်ကုန်ခေတ်သစ်က မြောက်ဦးဒေသခံတစ်ဦးကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ မြောက်ဦးက အခြေအနေဘယ်လိုရှိလဲ နောက်ဆုံးလေ။

ဖြေ ။ ။ အကုန်လုံးကတော့ ဒီကနေ့မနက်မှာ ၇ ဦး ဆေးရုံရောက်သွားတယ်။ ဒီနေ့မနက်မှာပဲ အမြောက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ပါတယ်။ ၇ နာရီလောက်ကစပြီးတော့ ၈ နာရီလောက်အထိ ပစ်ပါတယ်။

မေး ။ ။ ဘယ်ကိုပစ်တာလဲ။

ဖြေ ။ ။ ကျနော်ကြားတာတော့ အတည်တော့မပြုနိုင်ဘူး၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ဆိုတဲ့ရွာအစပ်မှာရှိတဲ့ တောင်ကုန်းတွေကို မြောက်ဦးမြို့ပေါ်ကနေ ဘုရားကုန်းပေါ်ကနေ အမြောက်တွေတင်ပြီးတော့ သူတို့က ပစ်တယ်လို့ကြားပါတယ်။

မေး ။ ။ မြို့ကရော မနက်က တချို့ကတွေ့တာ ဆိုင်တွေလည်း ပိတ်နေတာတွေ့လို့လေ၊ ဘယ်လိုရှိလဲ။

ဖြေ ။ ။ ဟုတ်တယ် ဟုတ်တယ်၊ မြောက်ဦးမြို့ပေါ်မှာတော့ မြို့မဈေးလည်း ပိတ်ထားတယ်။ ပြီးရင် ဆိုင်ခန်းတွေ၊ လုပ်ငန်းတွေ ဘာလုပ်ငန်းမှမရှိဘူး။ အိမ်တွေအကုန်လုံးလည်း တံခါးပိတ်ပြီးတော့ လူတွေအကုန်လုံးကလည်း လုံခြုံတဲ့နေရာမှာ သူတို့နေကြပါတယ်။ မနက်ကတည်းက အမြောက်ကြီးတွေနဲ့ ပစ်နေကြတာကိုး။

မေး ။ ။ ဒါဆို ခြောက်ကပ်နေတာပေါ့နော်၊ မြို့ကြီးက။

ဖြေ ။ ။ ဟုတ်တယ် ဟုတ်တယ်၊ အသွားအလာမရှိဘူး။ အကုန်လုံးက ကိုယ့်အိမ်မှာကိုယ် လုံခြုံတဲ့နေရာမှာ ဗုံးခိုကျင်းတွေထဲမှာ၊ တချို့ဆိုလည်း မြေကြီးတွေပေါ်မှာ အဲ့ဒီလိုမျိုး ဆင်းနေကြတာပါ။ ထမင်းတောင် ထွက်ပြီးတော့ မချက်ရဲတဲ့အခြေအနေတစ်ခုပေါ့ သူတို့က။ အမြောက်ထုတဲ့နေရာက တစ်နေရာတည်းမဟုတ်ဘူး။

မေး ။ ။ အဲဒီတော့ ဘဏ်တွေဘာတွေကရော။

ဖြေ ။ ။ ကမ္ဘောဇဘဏ်မှာ ကျနော်တွေ့တာ တံခါးရယ်၊ အချက် ၂၀၊ ၃၀ လောက်တော့ရှိပါတယ်။ ကမ္ဘောဇဘဏ်မှာ အဲဒီလို သူတို့က စစ်တပ်ကနေပြီးတော့ ကားနဲ့ ကား ၁၃ စီးဆိုလားပဲ၊ အဲဒီလိုမျိုး မျက်မြင်တွေကတော့ ပြောပါတယ်၊ သူတို့တွေ အဲဒီလိုမျိုး ပစ်လိုက်တာပေါ့နော်။

မေး ။ ။ ဘဏ်တွေဘာတွေရော ဖွင့်လား။

ဖြေ ။ ။ ဘယ်လိုလုပ်ဖွင့်မတုန်း၊ ဘာမှမဖွင့်ဘူး။ ရုံးတွေရော၊ NGO တွေဆိုလို့ရှိရင် NGO ရုံးတွေဆိုရင် ဘာရုံးမှမရှိတော့ဘူး၊ အကုန်ပြေးပြီ။ ရုံးပိတ်တယ်ဆိုတာ အစိုးရဌာနဆိုင်ရာတွေတော့ မပိတ်ဘူး၊ ဒါပေမယ့် ဘယ်သူမှ မသွားရဲကြဘူးလေ။ တချို့ တက်ကြွလှုပ်ရှားသူတွေ၊ ကူညီပေးတဲ့လူတွေကတော့ သွားနေကြတယ်။ ကျနော်တို့ဆိုရင် ခု နယ်မှာပေါ့၊ ထွက်ပြေးလာကြတဲ့သူတွေ အစားအသောက်ကို ကျနော်တို့ လာပြီးစီစဉ်ပေးနေတာပေါ့။

မေး ။ ။ ဒါဆို တော်တော်ဆိုးဆိုးပဲပေါ့၊ ဒီနေ့က။

ဖြေ ။ ။ ဆိုးတာပေါ့၊ မနက်စောစောစီးစီးကတည်းက အဲဒီလိုဖြစ်နေတာ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts