All News Local News

သမ္မတက ဖွဲ့စည်းလိုက်သည့် ရခိုင်ကော်မတီတွင် ပါဝင်မည်မဟုတ်၊ သူငယ်နှပ်စားလို သဘောထားပြီး မလေးစားဟု အမတ်ဦးဦးလှစောပြော

ရန်ကုန်၊ မတ် ၁၅

သမ္မတဦးဝင်းမြင့် မတ်လ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီတွင် အသိခြင်းမရှိသည့်အပြင် သဘောထားရယူခြင်းမရှိသည့်အတွက် ပါဝင်မည်မဟုတ်ကြောင်း ကော်မတီဝင် ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

မတ်လ ၁၄ ရက်နေ့ တွင် သမ္မတဦးဝင်းမြင့်က ဖွဲ့စည်းလိုက်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီတွင် ဦးအေးသာအောင်က ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဦးဦးလှစောအပါအဝင် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည်။

ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ကော်မတီတွင်ပါဝင် အသိပေးခြင်း၊ သဘောထားမှတ်ချက်ရယူခြင်းမရှိ၍ သူငယ်နှပ်စားသကဲ့သို့ သဘောထားခြင်းဟု ဆိုသည်။

“အဲဒီကော်မတီက မနေ့က ဖွဲ့တယ်လို့ ကျနော်သိရတာပေါ့။ ဒီနေ့ တစ်ရက်မှ မကျော်သေးဘူး။ ပြောစရာတွေ အများကြီးဖြစ်ကုန်ပြီ။ ပထမဆုံးပြောချင်တာက ကျနော်က လွှတ်တော်က ဝေးနေတာ ၁၀ ရက်နီးပါးလောက်ရှိနေပြီ။ နေပြည်တော်မှာလည်းမရှိဘူး။ ကျနော် ရန်ကုန်မှာပဲရှိတယ်။ အဲဒီတော့ ဒီကော်မတီဖွဲ့တာနဲ့ပတ်သက်ပြီး ကျနော့်ဆီ အကြောင်းကြားတာ သဘောထားမှတ်ချက်ယူတာ။ ကော်မတီဟာ ဘာတာဝန်တွေ လုပ်ဆောင်တဲ့ ကော်မတီ Mandate ပေါ့လေ။ အဲဒါတွေကို ကျနော့်ဆီကို ပြောပြတာ တစ်ခုမှ မရှိပါဘူး။ အဲဒီကော်မတီ ဖွဲ့ပြီး စာရင်းထွက်လာတဲ့အခါကျတော့မှ ကျနော် ဖုန်းပေါ်ကနေပြီးတော့ ကျနော် သိရတာ။ သိရတော့ ကျနော်လည်း တော်တော် အံ့သြသွားတယ်။ အဲဒီတော့ ပထမဆုံး ကျနော် ပြော ချင် တာက အဲဒီလို ကော်မတီတစ်ခုဖွဲ့တဲ့အခါမှာ ကော်မတီမှာ ပါဝင်မယ့်လူကို သူရဲ့ လုပ်ငန်း တာဝန်၊ လုပ်နိုင်မလား၊ မလုပ်နိုင်လား။ သဘောထားကို မေးရပါမယ်။ အဲဒီလို မမေးဘဲနဲ့ ကျနော့်ကို ထည့်လိုက်တယ်ဆိုတာဟာ ကျနော့်ကို ကလေးစကားပြောမယ်ဆိုရင် သူငယ်နှပ်စားလို သဘောထားပြီး ထည့်လိုက်ရင် ရမယ်ထင်ပြီးတော့ လုပ်လိုက်တဲ့ သဘော ဖြစ်နေတယ်။ ဒါဟာ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒါမျိုး မလုပ်သင့် ဘူး။ ကျနော့် အပေါ်လည်း မလေးစားရာ ကျတယ်”ဟု ဦးဦးလှစောကဆိုသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ၏ လုပ်ငန်းစဉ်များသည် ၎င်းနှင့် ကိုက်ညီခြင်းမရှိဟု ဦးဦးလှစောက ဆိုသည်။

“အစိုးရရဲ့ ပေါ်လစီတွေကို ရှင်းပြရမယ်ဆိုတာ တစ်ခုပါတယ်ဗျ။ အဲဒီတော့ ကျနော်က အစိုးရ အဖွဲ့အစည်းထဲကလည်းမဟုတ်ဘူး။ အာဏာရပါတီ အမတ်လည်း မဟုတ်ဘူး။ အဲဒီတော့ ကျနော် က ဘယ်လိုလုပ် အစိုးရပေါ်လစီကို ရှင်းပြရမှာလဲ။ ကာကွယ်ပြီးတော့ ရှင်းပြရမှာလား၊ ဝေဖန်သုံးသပ်ပြရမှာလား။ ကျနော်လည်း မသိဘူး။ ရခိုင်မှာ ပြဿနာက အချက်အလက်တွေ အများကြီးရှိတယ်။ ကြီးထွားလာတယ်ဆိုတာက။ Radical လိုင်းကြီးထွားလာတယ်ဆိုတာ အချက်အလက် တွေ အများကြီးရှိတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးနဲ့ ဆိုင်တာ ရှိသလို နိုင်ငံတကာနဲ့ ပတ်သက်တာလည်းရှိသလို ဒေသဆိုင်ရာ ဒေသန္တရ ရခိုင်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ အချက်ဟာလည်း အချက်တစ်ခုပဲဖြစ်ပါတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်။ ရခိုင်ပြည်နယ်အစိုးရက အောက်ခြေ ပြည်သူတွေနဲ့ အင်မတန်ဝေးကွာတယ်။ လူတွေ အယုံ အကြည်မရှိဘူး။ ရခိုင်ပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းမရှိဘူး။ လူတွေ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကိုပါ အယုံအကြည်မဲ့လာတယ်။ အဲဒါလည်း အများကြီးပါတယ်။ ဒီလို ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ကျနော်က NLD အမာခံ အမတ်တစ်ယောက်မဟုတ်ဘဲနဲ့ ကျနော်က အဲဒီ ပေါ်လစီတွေကို သွားရှင်းပြရမှာတုန်း။ ကျနော့်အတွက် ဘယ်လိုမှမ ဖြစ်နိုင်တဲ့ Mission တစ်ခု ပဲ လုပ်ငန်းတာဝန်တစ်ခုပဲ။ အဲဒီတော့ တာဝန်ထမ်း ဆောင်နိုင်စရာ အကြောင်း မရှိဘူး” ဟု ဦးဦးလှစောက ရှင်းပြသည်။

ဦးဦးလှစောက ၎င်း၏ သဘောထားပါဝင်ခြင်းမရှိသည့်အတွက် ကော်မတီသည် တရားမဝင်ဟု ဆိုသည်။

“ ပြန်ကောက်ရရင် ဒီကော်မတီ ဖွဲ့တာနဲ့ပတ်သက်လို့ ကျနော့်ကို မလေးမစားလုပ်တယ်။ ကော်မတီ ပေးထားတဲ့ တာဝန်တွေက ကျနော် ကျေကျေ ပွန်ပွန်ထမ်းဆောင်နိုင်စရာ အကြောင်းမရှိဘူး။ နောက် တတိယအချက်က ဒီကော်မတီအနေနဲ့ ပြဿနာတက်ရခြင်း အကြောင်းအရင်းကို ဖြေရှင်းပြီးတော့ အစိုးရကနေ ဖြေရှင်းချက်အပေါ်မှာ ပြုပြင်ပြောင်းလဲပြီးတော့ အကောင်းဆုံး အဖြေရမယ်ဆိုတဲ့ ဦးတည်ချက်ကလည်း မတွေ့ရဘူး။ အဲဒီတော့ ကျနော်အနေနဲ့ အခုထက်ထိ ဆက်သွယ်လာတာ တာဝန်ပေးတာမရှိဘူး။ မရှိတာပဲ ကောင်းတယ်ဆိုတော့ ဒီအတိုင်းပဲ နေပါတယ်။ ကျနော်ပြော တဲ့အတိုင်းဆိုရင် ကော်မတီနဲ့ ဘယ်လိုမှ မပတ်သက်ချင်ပါဘူး။ ကျနော်မသိဘဲ လုပ်ထားတဲ့အတွက် သဘောထားမေးတာလည်းမရှိဘူး။ သဘောတူညီမှုလည်းရှိတဲ့အတွက် တရားလည်းမဝင်ဘူး” ဟု ဦးဦးလှစောက ပြောဆိုသည်။

Photo:DVB Debate

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com