All News China Watch Peace

သဘာဝပတ်ဝန်းကျင် မပြောင်းလဲလျှင် ကမ္ဘာကြီးနှင့်မယှဉ်နိုင်ဟု မြစ်ဆုံအရေးကိစ္စ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်ဖြေကြား

ရန်ကုန်၊ မတ် ၁၅

သဘာဝပတ်ဝန်းကျင်ကို မပြောင်းလဲအောင် လုပ်မည်ဆိုလျှင် ကမ္ဘာကြီးနှင့် ယှဉ်နိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံအရေးကိစ္စ ပြည်သူတစ်ဦး၏ မေးမြန်းချက် ကို ဖြေကြားစဉ် ထည့်သွင်းပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောဆို သွားခြင်းဖြစ်ပြီး ကမ္ဘာ့ယုံကြည်မှုကို ရရန် စကားတည်ရန် လိုကြောင်း ပြောဆိုသည်။

“ကျမတို့နိုင်ငံဟာ ကမ္ဘာ့ရဲ့ ယုံကြည်မှုရဖို့အတွက် စကားတည်ဖို့လိုပါတယ်။ အခုတမျိုး အခုတမျိုး စကားပြော လို့မရပါဘူး။ တချို့စီမံကိန်းကြီးတွေဟာ အရင်တုန်းက စတင်ခဲ့တယ်ဆိုပြီးတာ့ ကျမတို့ အစိုးရတက်ပြီးမှ ဂရုမစိုက်တော့ဘူး။ လုပ်ချင်တာလုပ်မယ်ဆိုပြီး လုပ်လို့မရဘူး။ “မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ ကြီးကျယ်တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ကျမတို့ ပြည်သူတွေကို အမြင်ကျယ်ကျယ်နဲ့ အဘက်ဘက်ကနေ စဉ်းစားစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

စီမံကိန်းများကို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အမြင်များ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည့်အပြင် ဂုဏ်သိက္ခာကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ၎င်းက ဆိုသည်။
“စီးပွားရေးနဲ့ နိုင်ငံရေး ဆက်စပ်နေတာဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်။ ကျမတို့နိုင်ငံဟာ ကမ္ဘာ့ရဲ့ ယုံကြည်မှုရဖို့အတွက် စကားတည်ဖို့လိုပါတယ်။ အခုတမျိုး အခုတမျိုး စကားပြောလို့မရပါဘူး။ တချို့စီမံကိန်းကြီးတွေဟာ အရင်တုန်းက စတင်ခဲ့တယ်ဆိုပြီးတာ့ ကျမတို့အစိုးရတက်ပြီးမှ ဂရုမစိုက်တော့ဘူး။ လုပ်ချင်တာလုပ်မယ်ဆိုပြီး လုပ်လို့မရဘူး။ အဲဒီလိုလုပ်မယ်ဆိုရင် ဒီနိုင်ငံမှာ ဘယ်တော့မှ အားကိုးရတဲ့ နိုင်ငံ မဟုတ်ဘူး၊ အစိုးရသစ်တက်ရင်တမျိုး၊ ငါတို့ဒီနိုင်ငံနဲ့ ဘာမှမလုပ်တာပဲ ကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကမ္ဘာကြီးမှာ ဖြစ်သွားမယ်ဆိုရင် ကျမတို့ နိုင်ငံထိခိုက်မယ်” ဟု သူက ဆက်ပြောသည်။

သဘာဝပတ်ဝန်းကျင် မပြောင်းလဲရေးသည် သဘာဝပတ်ဝန်းကျင် မပျက်စီးရေးကိုသာ ဆိုလိုခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို လုံး၀ မပြောင်းလဲအောင် လုပ်ထားမည်ဟုဆိုက ကမ္ဘာနှင့်ယှဉ်နိုင်မည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“နောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုတဲ့နေရာမှာ ပတ်ဝန်းကျင်ကို မပြောင်းမလဲရေးကို ပြောတာ မဟုတ်ဘူး။ မပျက်စီးရေးကို ပြောနေတာ။ အဲဒါကိုလည်း သတိပြုစေချင်ပါတယ်။ ကျမတို့ ဘာလို့ ဒီခန်းမထဲမှာ မတ်တပ်ရပ်နေလဲ။ ကိုယ်ဝတ်ထားတဲ့အဝတ်တွေ တောင် သဘာဝကြီးအလျှောက် ဝတ်ထားတာမှ မဟုတ်တာ။ သဘာဝပတ်ဝန်းကျင်ကို လုံးဝမပြောင်းလဲအောင်လုပ်မယ်ဆိုလို့ ရှိရင် ကမ္ဘာနဲ့ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အစိုးရအနေနဲ့ ဆုံးဖြတ်ချက်ချလို့ရှိရင် အများပြည်သူသိအောင်လို့ ဘာကြောင့် ဘာကြောင့်ဆိုတာကို ရှင်းပြမှဖြစ်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် မြစ်ဆုံရေကာတာစီမံကိန်း တည်ဆောက်ရေးကို ကချင်ပြည်သူလူထုနှင့် မြန်မာအစိုးရကို ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှစတင်၍ ဖိအားပေးလျက်ရှိနေသည်။

ဓာတ်ပုံ- ၂၀၁၁ ခုနှစ် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com