All News Local News

သတင်းမီဒီယာသဘောတရား နားမလည်သေးတဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီ

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ဖေဖော်ဝါရီ ၂၃ ရက်နေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဦးဆောင်ပြီး ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မီဒီယာတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်မှု တွေ လုပ်ဆောင်သွားပြီး မီဒီယာအပေါ်မှာလည်း သူရဲ့သဘောထား ကောက်ချက်တွေကို ဖော်ပြခဲ့ ပါတယ်။ ဗိုလ်ချုပ်ထွန်းထွန်းညီရဲ့ မီဒီယာအပေါ် မေးခွန်းထုတ်မှုနဲ့ ကောက်ချက်တွေ ဟာ လွဲမှားနေပြီး မီဒီယာတွေရဲ့ သဘောတရား နားလည်မှု လိုအပ်နေတာ၊ မီဒီယာသဘော တရားကို သေချာသဘောမပေါက်မှုတွေ မြင်တွေ့ရပါတယ်။

ဗိုလ်ချုပ်ထွန်းထွန်းညီ ဘာပြောလဲ


အကုန်သိသတင်းဌာနရဲ့ မေးမြန်းမှုတွေကို ပြန်လည် ဖြေကြားရင်း ဗိုလ်ချုပ်ထွန်းထွန်းညီက မီဒီယာမဏ္ဍိုင်ဘာလုပ်မှာလဲ၊ ဘာလုပ်ဖို့တာဝန်ရှိလဲ လို့ မေးခွန်းထုတ်ပါတယ်။
ဗိုလ်ချုပ်ထွန်းထွန်းညီပြောကြားချက်တွေထဲက မီဒီယာနဲ့ပတ်သက်တာတွေကို ပြန်လည် ရွေးနုတ် ဖော်ပြလိုပါတယ်။

ဗိုလ်ချုပ်ထွန်းထွန်းညီက မီဒီယာတွေအနေနဲ့ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအတွက် မီဒီယာက ဘယ်လောက်ပံ့ပိုးနိုင်ခဲ့လဲဆိုတာ ပြန်လည် သုံးသပ်စေချင်တယ်လို့ ဆိုပါတယ်။

“မီဒီယာ မဏ္ဍိုင်ကို အသိအမှတ်ပြုတဲ့အကြောင်း၊ အလေးအနက်ထားတဲ့အကြောင်း မကြာခဏ ပြောဖူး ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်တွေမှာလည်း ပြောခဲ့ဖူးပါတယ်။ အဲ့ဒါ ဆိုရင် ကျနော်တို့ မီဒီယာမဏ္ဍိုင်က ဘာလုပ်မှာလဲ၊ ဘာလုပ်နေကြသလဲ၊ ဘာလုပ်ဖို့ တာဝန်ရှိ သလဲ၊ တစ်ခါ ကျနော်တို့မီဒီယာ အဖွဲ့ကလည်း မီဒီယာမဏ္ဍိုင် ရှိတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ မီဒီယာ မဏ္ဍိုင် ကျနော်တို့ ဆွေးနွေးပွဲတွေမှာ သတင်းမီဒီယာကောင်စီနဲ့ ဆွေးနွေးပွဲတွေမှာ အကြိမ် ကြိမ်ပြောပါတယ်။ ကျနော်တို့ မီဒီယာမဏ္ဍိုင် ဘယ်လောက်ထိ နိုင်ငံတော် ကာကွယ်ရေး အတွက်၊ နိုင်ငံတော် လုံခြုံရေးအတွက်၊ ကျနော်နိုင်ငံအတွက် အချုပ်အခြာ အာဏာကို ထိပါးနှောင့်ယှက်မှုတွေအတွက် မီဒီယာမဏ္ဍိုင် ကနေပြီးတော့ ဘယ်လောက်ထိ အထောက်အ ကူပေးနိုင်မလဲ၊ ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မလဲ၊ ငြိမ်းချမ်းရေးတွေ ဆောင်ရွက်နိုင်အောင် အတွက် ကျနော်တို့ မီဒီယာက ဝင်ရောက် ဆောင် ရွက် ပေးနိုင်ခဲ့သလဲ ကျနော်ပြန်လည် သုံးသပ်စေချင်ပါတယ်” လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုပါတယ်။

နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထင်မှား အမြင်မှား ဖြစ်ပေမယ့် သတင်းတွေကို လက်ဦးမှု တစ်ခုတည်းနဲ့ မစဉ်းစားဖို့ တိုက်တွန်းစေချင်တယ်လို့ သူက ဆိုပါတယ်။


“ဒီမဏ္ဍိုင်သုံးရပ်က အထောက်အကူ ပြုနေရမယ့်အစား အပြန်အလှန် အထောက်အကူ မဖြစ်စေဘူး။ ကျနော်တို့ မီဒီယာမဏ္ဍိုင်ကလည်း ဒီအပေါ်ကို အပြစ်တင်တာတွေ၊ အပုပ်ချ တာတွေ နိုင်ငံအတွက် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အနှောင့် အယှက် ဖြစ်စေမယ့်သတင်း တွေ၊ တစ်ယောက်နဲ့တစ်ယောက် အထင်မှားအမြင်မှား ဖြစ်စေ မယ့် သတင်းတွေကို မီဒီယာ တွေကလက်ဦးမှု ဆိုတာတစ်ခုတည်းနဲ့ မစဉ်းစားဖို့လည်း တိုက်တွန်းချင်ပါတယ်” လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုပါတယ်။

နိုင်ငံတော်ရဲ့အမျိုးသားအကျိုးစီးပွား၊ ငြိမ်းချမ်းရေးအတွက် မီဒီယာတွေအနေနဲ့ ဘယ်ဘက်က ရပ်တည်ဆောင်ရွက်ပေးနိုင်မလဲဆိုပြီးတော့လည်း ဗိုလ်ချုပ်ထွန်းထွန်းညီက မေးခွန်းထုတ် သွားခဲ့ပါတယ်။


“နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွား နဲ့ ထိခိုက်မယ့် ကိစ္စတွေ ၊ဥပဒေနဲ့အညီ လုပ်ဆောင် ရမယ့် အဖွဲ့တွေက ဥပဒေနဲ့အညီ မလုပ် ဆောင်ဘူးဆိုရင်တော့ ကျနော်အနေနဲ့ မထင် ပါဘူး ကျနော်မီဒီယာတွေက ဘယ်လိုထိန်း ကျောင်းပေးနိုင်မလဲလို့ ကျနော်လည်း မေးခွန်း ထုတ်ချင်ပါတယ်။ မီဒီယာမဏ္ဍိုင်က နိုင်ငံ တော်ရဲ့ကာကွယ်ရေး၊ ပြည်သူတို့ရဲ့ အသက် အိုးအိမ် ကာကွယ်ရေး ခင်ဗျားတို့ပြောနေတဲ့ စစ်ပွဲတွေရပ်ပါရပ်ပါ။ မီဒီယာတွေက ဘယ်ဘက် ကနေပြီးတော့ ရပ်တည်ဆောင်ရွက်ပေးနိုင် မလဲဆိုတာကို ဒါလေးကျနော် မေးခွန်း ထုတ်ချင် ပါတယ်။လက်နက်ကိုင် အဖွဲ့အစည်းတွေ ပိုများလာမယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ပါ။ ဒါထက်ပိုများလာရင် ဘယ်လိုလုပ်မလဲ၊ အဲ့ဒါကိုလည်း မီဒီယာ မဏ္ဍိုင်ကနေ ပြီးတော့ ဘယ်လိုထိန်းကျောင်းပေးမလဲ” လို့ သူက ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ထွန်းထွန်းညီထံသို့ ပြန်ကြားချက် (သို့မဟုတ်) မီဒီယာဆိုသည်မှာ

တကယ့် မီဒီယာရဲ့ တာဝန်ဟာ ပြည်သူလူထုကို အမှန်ကို အမှန်အတိုင်း တစ်နည်းအားဖြင့် လူသားအားလုံးကို ဖြစ်ပျက်နေတဲ့ အမှန်တရားတွေကို ဘက်မျှတဲ့ ရှုထောင့်ပေါင်းစုံက တင်ပြဖို့ တာဝန်ရှိပါတယ်။ မီဒီယာရဲ့သဘောဟာ နိုင်ငံနယ်နမိတ်တစ်ခုတည်းဆိုတဲ့ ရှုထောင့်က ကွဲ ထွက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကြားခံ နယ်ပယ်တစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။ မီဒီယာဟာ ဝါဒဖြန့်တဲ့ ယန္တရားတစ်ခုလို နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာ ကာကွယ် ဖို့ ဆိုတာတွေ အတွက် တာဝန်မရှိပါဘူး။


ပြည်တွင်းစစ်ပွဲတစ်ခုမှာ တပ်မတော်ရဲ့ အသံကို မေးမြန်းရသလို တစ်ဖက်က တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အသံကို မေးမြန်းဖော်ပြရပါတယ်။ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်ကို သူပုန် သောင်းကျန်းသူ အကြမ်းဖက်လို့ ခေါ်နေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က လည်း တပ်မတော်ကို သူတို့နယ်မြေ ကျူးကျော်သူ အဖြစ် ပြန်လည် သုံးနှုန်း သတ်မှတ်ကြတာမို့ ဒီအမြင်နှစ်ခုကြားမှာ ဘက်မျှအောင် တင်ပြဖို့က မီဒီယာရဲ့ တာဝန်ဖြစ်ပါတယ်။


စစ်ပွဲဟာ တရားသလား၊ မတရားဘူးလား၊ ဘယ်သူက ကျူးကျော်ပြီး ဘယ်သူက အချုပ်အခြာ အာဏာကို ထိပါးနေသလဲဆိုတာ မီဒီယာက ဆုံးဖြတ်ရမှာမဟုတ်ဘဲ စာဖတ်သူ တစ်နည်း အားဖြင့် သတင်းစားသုံးသူ လူထုက ဆုံးဖြတ်တာဖြစ်ပါတယ်။


မီဒီယာဟာ လက်နက်ကိုင် အဖွဲ့အစည်းမဟုတ်သလို သတင်းစာပညာဆိုတာဟာလည်း ငါ့နိုင်ငံ ဆိုတဲ့ အမြင်ထက်ကျော်လွန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာ ဆိုတဲ့ စကားရပ်တွေကို ကာကွယ်ဖို့ မီဒီယာမှာ တာဝန်မရှိပါဘူး။ ဖြစ်ပျက်နေတဲ့ အမှန်တရားကို ရှုထောင့်ပေါင်းစုံ ဘက်ညီမျှစွာ ဖော်ပြဖို့သာ တာဝန်ရှိပါတယ်။

ငြိမ်းချမ်းရေးအတွက်လည်း မီဒီယာတွေမှာ တာဝန်မရှိပါဘူး။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ကြရင်း နှစ်ဖက်စလုံးမှာ ဘယ်လို အခက်အခဲတွေရှိနေလဲ။ နှစ်ဖက်သဘောထားက ဘယ်လို ရှိကြလဲ။ ဘယ်သူက သဘောထား မလျှော့ပေးနိုင်ဘဲ တင်းမာနေသလဲ။ ဘယ်သူ့ကြောင့် ငြိမ်းချမ်းရေး ရှေ့ဆက်မတိုးလဲ စတဲ့ သတင်းအချက်အလက်တွေကို လူထုထံ မီဒီယာက ပေးပို့ပေးပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကြီး ရှေ့ဆက်တိုးဖို့ ၊ ငြိမ်းချမ်းရေးကြီး အောင်မြင်ဖို့က မီဒီယာမှာ တာဝန်မရှိဘဲ တကယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးမှာသာ တာဝန်ရှိပါတယ်။

အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားရပ်ဟာလည်း မီဒီယာတွေနဲ့ သိပ်ပြီး မသက်ဆိုင်လှပါဘူး။ ကမ္ဘာလုံးဆိုင်ရာ သတင်းစာပညာဖြစ်တာကြောင့် ဝါဒဖြန့် မီဒီယာတွေလို အမျိုးသား အကျိုး စီးပွား ဆိုတဲ့ စကားလုံးအသုံးအနှုန်းမျိုး အမှန်တကယ် ကျင့်ဝတ်လိုက်နာတဲ့ မီဒီယာတွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။


ခေတ်အဆက်ဆက် အဖွဲ့အစည်းတစ်ခု၊ အာဏာရ ယန္တရားတခုအတွက် ဝါဒဖြန့်တဲ့ မီဒီယာတွေဟာ လူထုရဲ့ ယုံကြည်မှု မရနိုင်ပါဘူး။

လွတ်လပ်တဲ့ ကျင့်ဝတ်နဲ့ညီတဲ့ မီဒီယာတွေဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံ မျှတစွာ ဖော်ပြ ကြရတာမို့ ဝါဒဖြန့် မီဒီယာတွေလို ဝါဒဖြန့် စကားလုံးတွေ တွင်တွင်ကျယ်ကျယ်သုံးပြီး ဘက် လိုက်တဲ့ မမျှတတဲ့ သတင်းအချက်အလက် ပေးတာမျိုး ဘယ်သောအခါမှ မလုပ်ကြပါဘူး။ ဒါဟာ လွတ်လပ်ပြီး ကျင့်ဝတ်နဲ့ညီတဲ့ မီဒီယာရဲ့ အခြေခံသဘောတရားဖြစ်သလို သတင်းစာ ပညာရဲ့ အခြေခံ ကျင့်ဝတ် စည်းမျည်း စည်းကမ်းတွေဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts