All News interview

“ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ရိုက်တာသတင်းထောက် ၂ ဦးအမှု ဦးမိုးရန်နိုင်ဘာပြောလဲ”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ဒုရဲမှူးဟောင်းဦးမိုးရန်နိုင်ဘဝခရီးလမ်း အပိုင်း ၂

“ရိုက်တာသတင်းထောက် ၂ ဦးကို ရဲမှူးချုပ် တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းခိုင်း ခဲ့ တယ်”၊ “အမှန်တရားကို ထုတ်ဖော်ရတာက ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဘယ်အဆင့် အတန်း မဆို သူ့ဂုဏ်သိက္ခာနဲ့ သူရှိပါတယ်” ဆိုတဲ့ စကားတွေ မြောက်ပိုင်းခရိုင်တရားရုံးနဲ့ ပြည်သူများ ကို ချပြပြီး ရာထူးဖြုတ်ခံရ၊ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချခံ ခဲ့ရတဲ့ ဒုရဲမှူး ဟောင်း ဦးမိုးရန်နိုင်ဟာ ထောင်က ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ထွက်ဆိုချက် တွေကြောင့် မှားယွင်းနေတဲ့ မြန်မာ့တရားစီရင်ရေး၊လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုနဲ့ သတင်းလွတ်ခွင့်ကို အာဏာနဲ့ ဖိနှိပ်နေမှုတွေကို ကမ္ဘာက သတိထား မိခဲ့ပါတယ်။ ရန်ကုန်ခေတ်သစ်က သူ့ဘ၀ အကြောင်း တစေ့တစောင်းကို တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။ ။ နိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှု လက်ရှိ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုပေါ့။ ရဲတပ်ဖွဲ့မှာ လည်း တာဝန်ထမ်းဆောင်ခဲ့တယ်၊ ရဲတပ်ဖွဲ့ကို တကယ်ကို ပြည်သူလူထုကလည်း ယုံကြည် ကိုးစားတဲ့ ရဲတပ်ဖွဲ့ကြီး၊ နောက်ပြီးတော့ တိုင်းပြည်အတွက်ကို အင်မတန်မှ ဒီမိုကရေစီ လမ်း ကြောင်း အပေါ် အထောက်အကူပြုပေးတဲ့ ရဲတပ်ဖွဲ့အဖြစ် ပြင်မယ်ဆိုရင်ဘာလုပ်ရမလဲ၊ ဘာပြင်ရမလဲ။

ဖြေ ။ ။ ကျနော့်မူနဲ့ ကျနော်ဆောင်ရွက်ခဲ့တဲ့မူနဲ့ ပြောပြမယ်။ ကျနော်က ဘယ်လူကြီး ဘယ် လောက် လုပ်လုပ် ကျနော်က လက်ဖက်ရည်ဆိုင်ပဲရောက်နေနေ၊ ဘယ်နေရာပဲရောက်နေနေ၊ တစ်နေရာမှာ အမှုတစ်ခုခုဖြစ်နေနေ၊ အဲ့ဒီတစ်နေရာမှာ အမှုတစ်ခုခုဖြစ်တယ်ဆိုရင် ကျနော်က အဲ့ဒီဟာ ကိုယ်နဲ့ဆိုင်တယ် မဆိုင်တယ်၊ ဟာ ဒီနေ့ ငါတာဝန်မှူးကျတာမဟုတ်ဘူး၊ နားတဲ့ ရက်ပဲ ဆိုတဲ့ စိတ်ဓာတ်မျိုး ကျနော့်မှာ မထားဘူး။ အဲ့ဒီတော့ ကျနော်က ရောက်တဲ့ နေရာ ကနေ ထသွားတာ။ ကျနော်စိတ်ကိုက အဲ့ဒီလိုရှိတာ။ အဲ့ဒီလိုရှိတဲ့နေရာမှာလည်း မှားသွားရင် တစ်ချို့လူကြီးတွေက မကြိုက်ဘူးပေါ့။

ဒါမင်းအလုပ်လည်းမဟုတ်ဘူး။ ဒါမျိုးအပြစ် ပြောတဲ့ အရာရှိကြီးတွေလည်း ဆုံပါတယ်။ ဒါပေမယ့် ကျနော် ဘာလုပ်တုန်း ဆိုတော့ အဓိကကတော့ ပြည်သူရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နဲ့ပတ်သတ်လို့ တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သတ်လို့ အဓိက ငါ့မှာတာဝန်ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ လူကြီးပြောမှာကို ကြောက်တဲ့ရဲ မဟုတ်ဘူးပေါ့နော်။

ဒါတွေကို ဒီလူကြီးတွေကလည်း ဒီလိုမျိုး အဲ့လိုမျိုးရှိတဲ့ ရဲအရာရှိတွေကို အားပေးရမှာပဲလေ။ အားမပေးဘဲနဲ့ အပြစ်တင်တာကို ပြင်ရမယ်။ ပြီးတော့ ရဲရဲ့ လုပ်ပိုင်ခွင့်ကိုလည်း အများကြီး ပြည်သူလူထု ယုံကြည်ကိုးစားအောင် အများကြီးမြှင့်တင်ရမယ်။ ပြီးတော့ လက်ရှိရဲတပ်ဖွဲ့မှာ ကိုင်ဆောင်နေတဲ့ သေနတ် လက်နက်ခဲယမ်း ဆိုလို့ရှိရင် ဒီလွတ်လပ်ရေးမရခင်လောက်က သေနတ်တွေ ဆိုတော့ ခေတ်မမီတော့ဘူး။ သေနတ်အမျိုးအစားတွေကတော့ နောက်ထက် ပေါ်နေတဲ့ ခြောက်လုံးပြူဆိုရင်လည်း ခြောက်လုံးပြူး Latest Model မျိုးပေါ့နော်။

ကမ္ဘာ့နိုင်ငံတွေနဲ့ အညီပြောင်းလဲတာမျိုးပေါ့။ ပစ်စတိုဆိုလည်း ပစ္စတိုပေါ့ ။ ပြောင်းလဲပြီးတော့ တပ်ဆင်ပေးရမယ်။ ရိုင်ဖယ်တွေပေါ့။ အခု လူဆိုး သူခိုးသွားဖမ်းမယ်ဆိုရင် ရိုင်ဖယ်ဆိုရင် အင်္ဂလိပ်ခေတ်က ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီးတော့ရဲတပ်ဖွဲ့ကို အထင်သေးစေတယ်ပေ့ါ။ ဟန်ကို့ဖို့ မာန်ကို့ဖို့ဆိုရင်တော့ စကားမျိုးနဲ့အညီပေါ့ အသွင်သဏ္ဍာန်အနေနဲ့ပြောင်းရမယ်။ ရဲတပ်ဖွဲ့ကို ပြောင်းလိုက်တာနဲ့တင် ရလားဆိုရင် မရဘူး။

ရဲရဲဝံ့ဝံ့ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကို လေ့ကျင့်ပေးရမယ်။ ရဲတပ်ဖွဲ့မှာလည်း ဒီ Mindsets တွေက ပျက်စီးနေတာပေါ့နော်။ တအားကြီး ရဲရဲဝံ့ဝံ့ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေက နည်း တယ်ပေါ့။ ကျနော်ဆိုရင် ဒုရဲအုပ်ဘဝနဲ့ သေနတ်ပစ်မှုကို ကျွန်းလှမြို့နယ်မှာ သုံးမှု ရှိတာ။ ကျနော် ရဲတပ်ဖွဲ့မှာဆိုရင် မင်နီ တစ်စက်မှမရှိဘူး။ ဥပဒေနဲ့အညီ ကိုယ်တိုင်ပစ်ခတ်ပြီးတော့ ဖမ်းဆီးခဲ့တာ။ ကျနော့်ကို ဓါးနဲ့ခုတ်တဲ့သူတွေကိုလည်း ကြုံခဲ့ဖူးတယ်။ ကျနော်ပစ်သင့်ရင် ကျနော်ကပစ်တာ၊ ဂရုလည်းမစိုက်ဘူး။

လူတစ်ယောက်က တခြားတစ်ယောက်ကို ဓားနဲ့ခုတ်နေတယ်၊ ကျနော် ရဲယူနီဖောင်း ဝတ် သည်၊ မဝတ်သည်ဖြစ်စေ ကျနော်ကတော့ အရပ်ဝတ်နဲ့ သေနတ်ပါရင် အဲ့ကောင်ကို ရပ်ခိုင်း တယ်။ ပြောမရရင် ကျနော်က ပစ်တာပဲ။ ကျနော်တို့က အဲ့ဒီစိတ်ဓာတ်နဲ့ ဆောင်ရွက်ခဲ့တာ။ အဲ့ဒါကြောင့်မလို့ ဒီလိုဆောင်ရွက်ဖို့ကို ရဲတပ်ဖွဲ့ဝင်တွေ များများ လေ့ကျင့်ပေးရမယ်။ နောက်ပြီး တော့ ဒီဟာကိုလည်း သင်တန်းတွေကိုလည်း ပို့ချပေးရမယ်။ ဒါမျိုးတွေ အများကြီး လုပ်မှပဲ ဒီဟာကလည်း ပြောင်းလဲမှာဖြစ်ပါတယ်။

မေး ။ ။ တချို့ပြောကြတယ်။ စိတ်ဓာတ်တွေ ပျက်စီးနေတယ်ဆိုတာက ဘာကြောင့်လဲ။ လစာ မလောက်လို့ပေါ့။ လစာ လုံလောက်အောင်ပေးလိုက်ရင် ရဲတွေက ကောင်းလာမလား။ စိတ် ဓာတ် မကောင်းတာတွေကို ကာကွယ်နိုင်မလား။

ဖြေ ။ ။ အပြည့်အဝတော့ မကာကွယ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါတွေက နှစ်များစွာ ကြာမြင့်နေတော့ စိတ်ဓာတ်ပျက်စီးမှုတွေကလည်း အများကြီးရှိပါတယ်။ သု့ိသော် အဲ့လိုမျိုး ပြည့်ပြည့်စုံစုံ ထားလိုက်ခြင်းအားဖြင့် ရာနှုန်းပြည့်မဟုတ်တောင်မှ အများကြီး ပြောင်းလဲ လာပါလိမ့်မယ်။ အဲ့ဒီအတွက်ကတော့ လုပ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။ အဲဒီလို ပြောင်းလဲလာရင်းနဲ့ ခုနက ပြောတဲ့ အနှစ်သာရပြောင်းလဲလာအောင် ဟန်ချက်ညီညီ လေ့ကျင့် ပေးနိုင်မယ်ဆိုရင်တော့ ရဲတပ်ဖွဲ့ကြီးက အမြန်ဆုံး တိုးတက်ပြီးတော့ ပြည်သူလူထု ယုံကြည် တဲ့ တပ်ဖွဲ့တစ်ခုဖြစ်လာမယ်လို့ ကျနော် ယုံကြည်ယူဆပါတယ်။

မေး ။ ။နယ်တွေ လှည့် တာဝန်ထမ်းဆောင်ပြီး အမှတ် ၈ ရဲတပ်ရင်းရောက်တယ်။ အဲဒီနောက် ရခိုင်ရောက်ပြီးနောက် အဖမ်းခံရပြီး တရားရုံးရောက်သွားတဲ့ ဖြစ်စဉ်ကိုရော ပြန်ပြောပါလား။

ဖြေ။ ။ ။ ကျနော်က ဒီလိုမျိုး အမှတ် (၈) လုံခြုံရေးရပ်တပ်ဖွဲ့ရောက်တော့ ကျနော့်တပ်ရင်းက နောက်ချန်တပ်ဖွဲ့ကလွဲရင် ကျန်တဲ့ အကုန်လုံးက ရခိုင်မှာ ရှေ့တန်းရောက်နေတော့ အောက် ခြေ မှာလည်း ကျနော်တို့ တပ်ခွဲမှူးအဆင့်ရှိတဲ့ ဒုရဲမှူးတွေက ရှေ့တန်းမှာ အင်အား လိုနေတော့ ကျနော်နဲ့ ဒုရဲမှူးတစ်ယောက်နဲ့ ချက်ချင်းတက်ရတယ်ပေါ့။

ချက်ချင်းရှေ့တန်းရောက်တယ်။ ရှေ့တန်းမှာရှိနေတဲ့ တပ်ရင်းမှူးနဲ့ သွားပူးပေါင်းပြီး သတင်းပို့တယ်ပေါ့။ သတင်းပို့အခါမှာ ကျနော်က တပ်ရင်းမှူးက အင်းပြင် ကင်းစခန်းကို အထိုင်အနေနဲ့လည်း ချထားတယ်။ နောက်ပြီးတော့ စစ်ကြောင်း (၁) (၂) ခွဲတာပေါ့။ တစ်ကတော့ တပ်ရင်းမှူးရဲ့ စစ်ကြောင်းပေါ့။ နှစ်ကတော့ ဒုတပ်ရင်းမှူးရဲ့စစ်ကြောင်းပေါ့။ ကျနော်ကတော့ တပ်ရင်း တစ်ရဲ့စစ်ကြောင်းရဲ့ လှုပ်ရှားတပ်စုမှူးတာဝန်ပါယူပြီး ညစဉ်ည စဉ်ဆိုရင် ရွာစဉ်တွေအကုန်လုံးကို ကင်းလှည့်တယ်။ ကင်းပုန်းပေးရတယ်။ ကျေးရွာတွေအားလုံးကို ဆောင်ရွက်ရတယ်။ ညတွေဆိုရင် ကျနော်တို့ သိပ်အိပ်ရတဲ့ရက်တွေ မရှိဘူး။ ကျနော် ရှေ့တန်းတစ်လျှောက်လုံးမှာ အဲ့ဒီလိုဆောင်ရွက်ခဲ့တာပါ။

ကျနော်တို့ရောက်တော့ တရားရုံးရောက်တဲ့ အကြောင်းအရင်းက ကျနော် ရှေ့တန်းကနေ ပြန်လာပြီး တာဝန်မှူးကြီးကျတာပေါ့။ ကျနော့်ဆီက တပည့်တစ်ယောက်က သူ့ဆီကို သတင်းထောက်တွေ ဖုန်းဆက်တယ်။ ရိုက်တာကလို့ပြောတယ်တဲ့။ အဲ့ဒါနဲ့ သူကလည်း ကျနော့်တပ်ခွဲက တပည့်ဆိုတာနဲ့ ကျနော်က အရာရှိငယ်ဆိုတော့ မင်းဘာဖြေလိုက် သေးတုန်းလို့ မေးတော့ ကျနော် ဘာမှမဖြေလိုက်ဘူး၊ ဗိုလ်ကြီးနဲ့ တွေ့ချင်တယ်ဆိုလို့ ကျနော် ဗိုလ်ကြီးဖုန်းနံပါတ်ကို ပေးလိုက်တယ်လို့ ပြောတော့၊ အေးအေး အဲ့ဒါဆိုရင်လည်း ကိစ္စမရှိဘူးပေါ့။ ပြီးတော့ ကျနော့်ကို ရိုက်တာသတင်းဌာနက ဝလုံး ဆိုတာက ဖုန်းချိတ်တယ်ပေ့ါ။

ဖုန်းချိတ်ပြီးတော့ တွေ့ခွင့်တောင်းတယ်ပေါ့။ အပြင်မှာ တောင်းတာပါ။ ကျနော်ကတော့ အပြင်မှာမတွေ့နိုင်ဘူးလို့။ အပြင်မှာတွေ့ဖို့ဆိုတာ ခွင့်ပြုချက်တွေ ကျနော့်မှာရှိတယ်။ တောင်းရမှာ၊ ခင်ဗျားတွေ့ချင်ရင် တရားဝင် ကျနော့်တပ်ရင်းလာခဲ့ဆိုပြီးတော့ ကျနော် ပြောလိုက်တယ်။ ပြောလိုက်တော့ တကယ် သူရောက်တဲ့အချိန်မှာ ကျနော့် တပ်ရင်းမှူး ကလည်း ခရိုင်တပ်ဖွဲ့မှူး၊ ခရိုင်မှူးသင်တန်း သွားတက်မှာတို့၊ ဒုတပ်ရင်းမှူးကလည်း အပြင်သွားနေတာတို့ဆိုတော့ ကိုယ်ကလည်း တာဝန်မှူးကြီးကျနေတော့ အမြင့်ဆုံး တာဝန်နဲ့ သြော် ငါ့မှာတာဝန်ရှိတာပဲဆိုပြီးတော့ လက်ခံတွေ့ပြီးတော့ မေးတာတွေကို ဖြေပါတယ်။ ဖြေလိုက်တာပေါ့။ ဖြေတဲ့အခါမှာလည်း ကျနော်က နိုင်ငံတော်ကို သစ္စာဖောက်တဲ့ စကားမျိုး အဖြစ်ပျက်မျိုး တစ်ခုမှ အစွန်းလွတ်တဲ့ဟာ တစ်ခုမှမပါပါဘူး။ ဥပဒေနဲ့အညီ ဒီမီဒီယာအဖွဲ့ အနေနဲ့ ဒီအချက်အလက်ကတော့ ဘယ်အချက်အလက်လေးကတော့ သိသင့်တယ် သိထိုက်တယ်၊ အချက်အလက်မျိုးကလွဲရင် တခြားမဖြေပါဘူး။

အဲ့လိုဖြေပြီးနောက် ပြီးသွားပြီလို့ ထင်တာပေါ့နော်။ အဲ့လို ဖြေပြီးတော့ ၂ ပတ်လောက် ထင်တာပဲ။ သူတို့ သတင်းထောက်တွေ ဘယ်သူတုန်း ကျနော်တိ့ုကို တွေ့သွားတဲ့သူတွေ သတင်းထောက်တွေ တွေ့သွားတဲ့သူတွေ ဘယ်သူတွေ၊ ဘယ်သူတွေ ခေါ်လိုက်တော့မှ ကျနော်အပါအဝင် ခြောက်ယောက် ထွက်လာတယ်။ ထွက်လာတော့မှ စစ်လိုက်တော့မှ ငါးယောက်ကတော့ ကျနော် လူတွေ့ပြီးပြီပေါ့။

တစ်ယောက်ကတော့ မတွေ့ရသေးဘူး။ အဓိကကတော့ သတင်းထောင်တွေ ဘယ်သူတုန်း နာမည်သိချင်တယ်။ ဘယ်သတင်းဌာန ကတုန်း၊ သူတို့ကို တွေ့ချင်တယ်ပေါ့ ဆိုပြီေးတာ့ အကြီးအကဲကိုယ်တိုင် အဲ့လိုပြောတော့ ကိုယ်တွေ့ဆုံခဲ့တဲ့ အကြောင်းအရင်း ဘာတွေပြောခဲ့တယ်ဆိုတဲ့ အကြောင်းအရင်း ကို ထုတ်ဖောက်ပြောပြရင်းနဲ့ပြောလိုက်တယ်။ အဲ့လိုပြောရင်းနဲ့ အဲ့တုန်းက ခြောက်ယောက်မှာ တစ်ယောက်က မတွေ့ရသေးဘူး။ ဒါပေမယ့် ကျနော်တို့ ခြောက်ယောက်လုံးကို စစ်တဲ့အချိန်မှာလည်း တိုက်တိုက်ဆိုင်ဆိုင် မတွေ့ရသေးတဲ့ တစ်ယောက်ကလည်း ဒီရိုက်တာ သတင်းထောက်က ဝလုံးနဲ့ ချိန်းတဲ့နေ့ဖြစ်နေတာနဲ့ သွားတိုက်ဆိုင်တာ။ တရားရုံးမှာ ကျနော်လည်း ထွက်ခဲ့ပြီးပါပြီ။ ရဲမှူးချုပ် တင်ကိုကိုက အဲ့ဒီ သတင်းထောက်တွေ မိဖို့လိုတယ်ဆိုပြီးတော့ အဲ့ဒီတွေ့ဖို့ကျန်တဲ့သူနဲ့ပဲ စည်းရုန်းပြီး တပ်ဖွဲ့ဝင်ကို စာရွက်စာတမ်းပေးပြီး ရအောင်ဖမ်းလိုက်တာပါ။

မေး ။ ။ ရဲ ယူနီဖောင်းအပြည့်အစုံနဲ့ တရားရုံးမှာ လာထွက်ဆိုတဲ့အချိန် ရဲမှူးချုပ်တင်ကိုကိုက သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် ဖမ်းပါတယ်လို့ ဆိုတဲ့ ထွက်ဆိုချက် စကားကို ပြောခဲ့တယ်။ အဲဒီစကားကြောင့် တစ်ကမ္ဘာလုံးပွတ်လောရိုက်ပြီး ဒီအမှုကြီးက မတရားဘူး ဆိုတာ ပေါ်လွင်သွားတယ်။ အဲဒီလို ထွက်ဆိုလို့ ကိုယ့်ဘ၀ တစ်ခုလုံး ထိခိုက်နိုင်တယ်ဆိုတာ သိလျက်နဲ့ ဘယ်လို သတ္တိမျိုးနဲ့ ပြောခဲ့တာလဲ။ ကိုယ့်အပေါ်မှာ ကျေျရာက်မယ့် အန္တရာယ်ကို မစဉ်းစားခဲ့ဘူးလား။

ဖြေ ။ ။ ဒီတရားရုံးမှာ ကျနော် ရဲမှူးချုပ်တင်ကိုကိုက ထောင်ခြောက်ဆင်ဖမ်းတာကို ဒီထွက်ဆိုလိုက်ရင် ကျနော်မှာ အန္တရာယ်တွေရှိတယ်ဆိုတာကို တွက်မိပါတယ်။ ဒါပေမယ့် ကျနော့်ဗီဇကိုက မကြောက်တတ်တဲ့၊ ကြောက်တတ်တဲ့ ဗီဇ မရှိဘူးဗျ။ ဒါကလည်း ငယ်ငယ်လေးကတည်းက ဖခင်ကြီးက လေ့ကျင့်ပေးခဲ့တာလည်း ပါတာပေါ့။ ဖခင်ကြီးက အမှောင်အမည်းထဲ မသွားရဲဘူး၊ အမေ သား အပေါ့သွားချင်လို့ လိုက်ပို့ဦးဆိုရင် အမေကလက်မခံဘူး။ သွား မင်းတစ်ယောက်တည်းသွား အိမ်သာသွား၊ သေးပေါက်ခဲ့။ ပြီးရင်မင်း မီးသွေးခဲနဲ့ ကကြီးရေးခဲ့၊ ဝလုံးရေးခဲ့ ဒါမျိုးပေါ့။ အဖေက ငယ်ငယ်လေးကတည်းက၊ ဟိုးကလေးဘဝကတည်းက လေ့ကျင့်ပေးခဲ့တော့ သိပ်ကြောက်တတ်တာလည်း မရှိဘူး။ နောက်ပြီးတော့ ကျနော်က ဒီတရားရုံးကို ဝလုံးတို့ကိစ္စကျမှ မှန်မှန်ကန်ကန် ထွက်တာမဟုတ်ပါဘူး။

ဟိုးအမှုစစ်ဘဝမှာတောင် အမှုပေါင်း အများကြီး စစ်ခဲ့ပါတယ်။ အဲ့ဒီကတည်းကပဲ ကျနော် တရားရုံးမှာ ကျမ်းကျိန်ပြီး မှန်မှန်ကန်ကန်ပဲ ထွက်ခဲ့တာပါ။ ဒီလိုထွက်ခြင်းကတော့ ကျနော့်အတွက် ပြဿနာမရှိဘူး။ ဒါပေမယ့် ကျနော် ဒီအတိုင်းပဲထွက်မှာပါ။ ကျနော် မထွက်ဖို့တောင် ကြိုပြီးတော့ လာပြီးတော့ သင်ပေးတာတောင် ကျနော်လက်မခံခဲ့ပါဘူး။ ဒါက ကျနော့်ရဲ့ ကျနော့်အနေနဲ့ အလိုလိုရှိတဲ့ သတ္တိပေါ့။

မေး ။ ။ သူတို့သင်ပေးတဲ့အတိုင်း ထွက်ဆိုမယ်ဆိုရင် ကိုယ့်ရဲ့ ရာထူးနဲ့ ဘ၀ တည်ငြိမ်မယ့် အနေအထား မျိုး ရှိခဲ့တာကို လက်မခံခဲ့တာပေါ့။

ဖြေ ။ ။ ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်မခံခဲ့ပါဘူး။ ဒါပေမယ့် အဲ့တုန်းက သူတိ့ုကို လက်မခံဘူး တော့ မပြောဘူးပေါ့။ ဒါပေမယ့် သူတို့ရှေ့မှာတော့ ဖာသိဖာသာပဲ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး တော့ တရားရုံးရောက်တော့ သူတို့ပြောတဲ့အတိုင်း မထွက်ဆိုခဲ့ပါဘူး။ မိခင်ကြီးပြောတဲ့စကား လည်း သတိရတာပေါ့နော်။ ကိုယ်ချင်းစာ တရားဆိုတာ ဒီနေရာမှာ ဒီသတင်းထောက် ၂ ယောက်က ကျနော် သတင်းထောက် ၂ ယောက်လို့မမြင်ပါဘူး။ မောင်ဖြူ မောင်မဲလို့တောင် မမြင်ပါဘူး။ အဲ့ဒီတုန်းက နာမည်အရင်းတောင် မမှတ်မိပါဘူး။ မောင်ဖြူ မောင်မဲလို့လည်း မတွက်ပါဘူး။ လူသားချင်းစာနာတဲ့ သြော် ငါ့မှာလည်း မိသားစုရှိသလို သူ့မှာလည်းရှိမှာပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ထွက်ဖြစ်တာပါ။

မေး ။ ။ နောက်ထပ် ရိုက်ခတ်သွားတဲ့ စကားတစ်ခွန်းရှိတယ်။ အမှန်တရားကို ထုတ်ပြောရ တာက ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာနဲ့ သူရှိပါတယ်ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ဗာယ်က ဘာလဲ။

ဖြေ ။ ။ ဆိုလိုချင်တဲ့သဘောက တစ်ခါတလေကျတော့ ရဲတပ်ဖွဲ့ဝင်တွေ တာဝန် ထမ်းဆောင် တဲ့အခါမှာ ကြုံတာက အကြီးအကဲတွေ ကျနော်တို့ လက်အောက် တပ်ဖွဲ့တွေက အစည်း အဝေးတွေဘာတွေ လုပ်တဲ့အခါမှာ လက်အောက် အဖွဲ့ဝင်တွေက ရဲဘော်ကပဲဖြစ်ဖြစ်၊ အရာရှိကပဲဖြစ်ဖြစ်၊ အကြပ်ကပဲဖြစ်ဖြစ် တစ်ခုခုတင်ပြတယ်ဆိုရင် လက်မခံတာများတယ်။ ဟာ မင်းတို့ ငါခိုင်းတာလုပ်၊ ဒါမျိုးပဲ ဘာမှတင်ပြစရာမလိုတဲ့ပုံစံမျိုးပဲ ကျနော်တို့ရဲမှာ အများဆုံး ဆုံခဲ့တဲ့ ဒါကို ကျနော်က မကြိုက်ဘူးပေါ့။ အဲ့ဒီမကြိုက်တာလည်း ကျနော် ထင်တော့ထင်ပါတယ်၊ ကျနော့်ရင်ထဲမှာ ထုထည်ကြီးကြီးမားမားရှိနေတာနဲ့ တူပါတယ်။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် မမြင်ဘဲနဲ့ အဲ့ဒီအချိန်က ကိုယ်က ကိုယ်ကျတဲ့ နယ်မြေပိုင်းမှာ စခန်းမှူးပဲတာဝန်ကျကျ၊ ရဲကင်းမှူးပဲ တာဝန်ကျကျ၊ ဘယ်နေရာပဲ ကျကျ ခေါင်းဆောင်တယောက်အနေနဲ့ ကျတိုင်းကျတိုင်း ကိုယ့်လက်အောက်တပ်ဖွဲ့ဝင်တွေရဲ့ စကားကို တလေးစားစား နားထောင်တယ်။

သူတို့ပြောတဲ့ဟာက ကောင်းရင်လည်း လက်ခံတယ်။ လိုက်နာတယ်။ ကိုယ်က ငါ့ထက်ငယ်တဲ့သူစကားဖြစ်ဦးတော့ ငါ့ထက် ပညာမတတ်တဲ့သူစကားဖြစ်ဦးတော့ အဲ့လိုစိတ်ဓာတ်မရှိဘူး။ အဲ့လိုဆောင်ရွက်ခဲ့တဲ့ ဒီလိုဖြစ်တော့လည်း ဒီလက်အောက် တပ်ဖွဲ့ဝင်တွေမှာလည်း သူတို့အဆင့်အတန်းနဲ့ သူတို့၊ သူတို့ အတွေ့အကြုံနဲ့သူတို့ ဒီစကားကိုပြောခြင်းဖြစ်ပါတယ်။

မေး ။ ။ အဲဒီ စကားနှစ်ခွန်းကြောင့် ရင်းနှီးလိုက်ရတဲ့ ရာထူးတွေ၊ ဘဝတွေ ၊ မိသားစုလည်း အတော်ဒုက္ခရောက်ခဲ့တယ်။ အဲဒီစကားနှစ်ခွန်းအတွက် ထောင်ထဲမှာ နေရတာတွေ အတွက် အနာဂတ်ကလည်း မရေရာ မသေချာတော့ ဘူးဆိုတော့ ကိုယ်ပြောလိုက်တာအတွက် ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ ရဲတပ်ဖွဲ့မှာလည်း နှစ် ၂၀ လောက် တာဝန်ထမ်းဆောင်တော့ အများကြီး သံယောဇဉ်ဖြစ်တာပေါ့။ ပြောရမယ်ဆိုရင် ကျနော့်အနေနဲ့ ပုထုဇဉ်ပီပီ ပြောရမယ်ဆိုရင်တော့ အများကြီး နှမျောပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒါပေမယ့် နောင်တတော့မရဘူး။ မရဘူးဆိုတဲ့ အကြောင်းအရင်းကလည်း ကျနော် ဒီလိုမပြောဘဲ ဘာမှမဖြစ်ဦးတော့ ဖြစ်ဦးတော့ ကျနော် အဓိက ကျနော် နောင်အနာဂါတ်မှာ ကျနော့်မျိုးဆက်တွေပေါ့။ ကျနော့် Generation နဲ့ ပတ်သတ်ရင် ဂုဏ်သိက္ခာရှိစွာနဲ့ သူတို့ဘဝကို ချီတက်သွားစေချင်တာပေါ့။ ကိုယ်က ကောင်းတာ ဆိုးတာထက် ဒီလိုမျိုးလေး စိတ်ဆန္ဒရှိလို့ ပြောချင်လို့ ဆောင်ရွက်လိုက်တာပါ။

မေး ။ ။ အမှုမှာ တရားလိုပြသက်သေ အဖြစ်ပါတဲ့ ရဲတပ်ကြပ်ကြီးခင်မောင်လင်းက ရော ဘယ်ရောက်သွားလဲ။

ဖြေ ။ ။ ကျနော်ကတော့ သူနဲ့ပတ်သတ်တာတော့ အချုပ်ထဲမှာ နေတုန်းက အတူတူဆိုတော့ သူနဲ့ပတ်သတ်တာ နောက်ဆုံးကြားတာကတော့ ရဲတပ်ဖွဲ့က ထုတ်ပစ်လိုက်တယ် ကြားတာပေါ့နော်။ နောက်ဆုံး ကျနော်သိတာကတော့ သူ့ဆီမှာ အမေမုဆိုးမကြီးတစ်ယောက်ရှိတယ်။ သူ့ညီအရင်းတစ်ယောက်ရှိတယ်။ အားလုံး သူတို့ ညီအစ်ကို ၂ ယောက်စလုံးက လူပျိုတွေပဲ။ အဲ့လိုပဲ သိတာ။ နေတာကတော့ တနင်္သာရီတိုင်း မြိတ်ဘက်မှာပဲ သိခဲ့လိုက်တာ။ အဲ့ဒါတောင် ဘယ်မှာနေတယ်ဆိုတာ တိတိကျကျ မသိဘူး။ ဒီလောက်ပဲ သိလိုက်တာ။ အဲ့ဒါ နောက်ဆုံးပါပဲ။

မေး ။ ။ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ရဲတရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရတယ်။ အခြေခံဥပဒေမှာ စစ်ဘက်တရားရုံးနဲ့ အရပ်ဘက်တရားရုံး နှစ်ခုပဲ အသိအမှတ်ပြုထားတယ်။ ရဲတရားရုံးက ဘယ်လို အမိန့်ချလိုက်တာလဲ။ ရဲတရားရုံးက ဘယ်လိုပုံစံ စစ်ဆေးတာလဲ။

ဖြေ ။ ။ ရှိပါတယ်။ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေနဲ့ ပတ်သတ်ပြီးတော့ ဒီအများကြီးပြုပြင်ရမယ့် ဥပဒေလို့မြင်ပါတယ်။ ဒီအကျဉ်းထောင်က လွတ်လွတ်ချင်း ဒီဥပဒေကို ဝေဖန်တာပေါ့နော်။ ဝေဖန်တယ်ဆိုတဲ့ အကြောင်းအရင်းကလည်း ဒီလိုပြုပြင်နိုင်မှ လာမယ့်ရဲတပ်ဖွဲ့ဝင်တွေအတွက် ကောင်းသွားမယ်လို့ ကျနော်က ယူဆလို့ပါ။ အဓိကကတော့ ကျနော်က ဘာကြောင့်လဲဆိုရင် ကျနော့်ကို ရဲစည်းကမ်းဥပဒေက စစ်ဆေးတာဆိုရင်၊ အမိန့်ချတာဆိုရင် ပြောရမယ်ဆိုရင် ကျနော်တို့ ချုပ်ထားတာကနေ ကားပေါ်ခေါ်တင်ပြီးတော့ ထောင်ပေါက်နားရောက်မှ မင်းကို ထောင်တစ်နှစ်ချတယ်ဆိုပြီး ပြောပြီး ထောင်ထဲ ဝင်ရမယ်ဆိုပြီးတော့ ဝင်ရတာဆိုတော့ ကိုယ့်ကို နှုတ်နဲ့ပဲပြောတာ၊ အမိန့်စာလည်း ဖတ်ရတာလည်း မဟုတ်ဘူး။ ထောင်ထဲ ချလိုက်တာ။ ဒါမျိုးဆိုရင် ဥပဒေနဲ့ သူတို့သတ်မှတ်ထားတဲ့ ရဲစည်းကမ်းဥပဒေနဲ့ မညီဘူးလို့ပဲ ကျနော်က ပြောရမှာပေါ့။ ဒီအတွက်ကလည်း ခိုင်ခိုင်မာမာ အထောက်အထားရှိရမှာပေါ့။ ကျနော့်ကို ချမှတ်တဲ့ အမိန့်ကို တရားဝင်တောင်းတာ ၃ လလောက်ကြာတာဆိုတော့ သူတို့ဥပဒေ ဆောင်ရွက်နေတဲ့ဟာ တော်တော် မှားယွင်းနေတာပေါ့။

မေး ။ ။ ထောင်ဒဏ်ထဲမှာ ၁ နှစ်ကို ဘယ်လို ဖြတ်သန်းခဲ့ရလဲ။ နေ့စဉ် ဘယ်လို ခံယူချက်နဲ့ ဖြတ်သန်းခဲ့လဲ။

ဖြေ ။ ။ အဓိကကတော့ ကိုယ်အဲ့ဒီအထဲမှာ ထောင်ထဲမှာဖြတ်သန်းရတာကတော့ ဖြေသိမ့်တဲ့ နည်းနဲ့ပဲ ဖြတ်သန်းခဲ့ရတာ။ အဓိကကတော့ ထောင်ထဲမှာ အပြင်ထွက်လို့ အခန်းထဲကနေ အပြင်ထွက်ရမယ့် အချိန်ဆိုရင် တခြား ကိုယ်လို အကျဉ်းကျနေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကားပြောတယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် မိသားစုအခြေအနေကို မေးမြန်းတယ်။ သူတို့မှာလည်း ကိုယ့်ထက် ကြေကွဲစရာ အဖြစ်အပျက် အခြေအနေ ရှိတဲ့ အကျဉ်းသားတွေရှိရင်လည်း ကိုယ်က နှစ်သိမ့်ပေးတယ်။ ကိုယ်က တစ်ယောက်တစ်ယောက် အပြန်အလှန် နှစ်သိမ့်ပေးကြရင်းနဲ့ပဲ ချီတက်ကျတယ်။ အဲ့ဒါမျိုးပေါ့။ အထဲထဲမှာဆိုရင် ကျနော်တို့က စစ်တုရင်တွေဘာတွေ ကစားတယ်။ အကျဉ်းသားတွေအချင်းချင်း Scribble တို့ဘာတို့ ကစားတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်ရှိတယ်ဆိုရင်လည်း ဝေစားတယ်ပေါ့နော်။ ကိုယ့်မှာ ပိုနေလို့ရှိရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဝေစားပြီး အစားအသောက်က အစ တစ်ယောက်နဲ့တစ်ယောက် မျှဝေခြင်းနဲ့ ဖြတ်သန်းခဲ့ကြတာပေါ့။

မေး ။ ။ ထောင်ထဲမှာ ဘာတွေ ပြုပြင်ပြောင်းလဲရမလဲ။ ဘာပြင်စရာရှိလဲ။

ဖြေ ။ ။ ထောင်မှာကတော့ အဓိကကတော့ လူမိုက်ကြီးတွေကို အထဲမှာ သူတို့ ခု ဘယ်ခေတ် ဘယ်ကာလမှာ တီထွင်သွားလည်းမသိဘူး။ ဟိုထဲမှာတော့ အကျဉ်းသားအရာရှိဆိုပြီးတော့ ဒါတွေက ကျနော် သိသလောက်ဆိုရင် တချို့ဆိုရင် နှစ်ပေါင်းများစွာ လူသတ်မှှုကို ၂ ခါပြန်သတ်တဲ့သူတို့၊ နှစ်ကြီးသမားတွေ တကယ့် လူဆိုးလူမိုက်ကြီးတွေကိုပဲ ထားတယ်။ အဲ့ဒီတစ်ခါ အဲ့လူဆိုးလူမိုက်တွေကပဲ တခြား ဘေးကနေ လူမိုက်တွေကို ရံပြီးတော့ အဆောင်တစ်ဆောင်ပြီးတစ်ဆောင်ကို သူများတကာ ဘယ်မှမထွက်ရပေမယ့် သူတို့က တံခါးမရှိ ဓားမရှိလို ဝင်ထွက်၊ အဲ့သဘောမျိုးတွေ တွေ့ရတယ်ပေါ့။ ဒီလိုမျိုး လူမိုက်အားပေးတဲ့ ပုံစံမျိုးတွေ အကျဉ်းထောင်တွေ ပြုပြင်ဖို့အများကြီးလိုတယ်ပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com