All News Local News

ရိုက်တာသတင်းထောက် ၂ ဦးအမှုမှာ တရားလိုပြသက်သေ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း ဘယ်ရောက်သွားလဲ

ရန်ကုန်၊ မတ် ၉

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲရာတွင် တရားလိုပြ သက်သေ တစ်ဦး အဖြစ် ရဲတပ်ဖွဲ့က တင်သွင်းခဲ့သူ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကို ရဲတပ်ဖွဲ့က ထုတ်ပယ် လိုက်သည်ဟု သိရှိထားကြောင်း ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ပြောသည်။

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က မြောက်ပိုင်းခရိုင်တရားရုံးတွင် ရဲမှူးချုပ်တင်ကိုကိုက သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် ဖမ်းခိုင်းခဲ့ကြောင်း ထွက်ဆိုလိုက်ပြီးနောက် တရားလို သက်သေ ဖြစ်သည့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကို လိုပြသက်သေ စာရင်းမှ ရဲတပ်ဖွဲ့ က ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

“အချုပ်ထဲမှာ နေတုန်းကလည်း အတူတူဆိုတော့ သူနဲ့ပတ်သက်တာ နောက်ဆုံးကြားတာက ရဲတပ်ဖွဲ့ ထုတ်ပစ်လိုက်တယ်ကြားတယ်။ ကျနော် သိတာကတော့ အမေ မုဆိုးမကြီး တစ်ယောက် ရှိတယ်။ သူ့ညီအရင်းတစ်ယောက်ရှိတယ်။ ညီအစ်ကို နှစ်ဦးစလုံးက လူပျို တွေ။ နေတာက တနင်္သာရီတိုင်း မြိတ်ဘက်လို့ပဲ ကျနော်က သိထားတယ်။ အဲဒါ နောက်ဆုံးပါပဲ” ဟု ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ပြောသည်။

ရဲမှူးချုပ်တင်ကိုကိုက သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် ဖမ်းခိုင်းသည်ဆိုသော ဒုရဲမှူး ဟောင်း ဦးမိုးရန်နိုင်၏ တရားရုံးထွက်ဆိုချက်စကားမှာ ရိုက်တာသတင်းထောက် ၂ ဦးအမှုတွင် တရားမျှတမှု မရှိကြောင်း ပြသသည့် ကမ္ဘာကျော် သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်မှာလည်း ယင်းထွက်ဆိုချက်ကြောင့် ရာထူးမှ အနားပေးခံရသည့် အပြင် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရသည်။

ရိုက်တာသတင်းထောက် ၂ ဦးမှာလည်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com