All News Local News

ရခိုင်အရေး နိုင်ငံတကာဖိအားအပေါ် NLD ၊ USDP နဲ့ တပ်မတော်က ဘယ်လို အမြင်ရှိလဲ

ရန်ကုန်၊ မတ် ၆

ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေး ပါတီ(USDP) ဦးဉာဏ်ထွန်းက ရခိုင်အရေးနှင့် ပတ် သက်ပြီး နိုင်ငံတကာဖိအား ကို စည်းလုံးညီညွတ်စွာ တုံ့ပြန်ဆောင်ရွက်ရန် အစိုးရကို တိုက် တွန်း ကြောင်း အဆိုတစ်ရပ်ကို မတ်လ ၅ ရက်နေ့က ဆွေးနွေးခဲ့ပြီး လွှတ်တော်အမတ် ၂၉ ဦးက မိမိတို့အမြင်များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။ အဆိုပါအဆိုနှင့်ပတ်သက်၍ မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၂၁၉ ၊ ကန့်ကွက်ဆန္ဒမဲ ၃၂၆၊ ကြားနေမဲဆန္ဒမဲပေါင်း ၆ မဲ ဖြင့် အဆိုကို အတည်မပြုဘဲ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

သို့ရာတွင် ရခိုင်အရေးနိုင်ငံတကာ ဖိအားနှင့်ပတ်သက်ပြီး NLD ၊ USDP နှင့် တပ်မတော် တို့၏ အမြင်များကို သိရှိစေရန်အတွက် ဆွေးနွေးသည့် အမတ် ၂၉ ဦးအနက်မှ ၃ ဦး၏ အမြင်များ ကို ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

ဒေါ်သန္တာ
NLD အိမ်မဲ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွက် ကြိုတင်ဆောင်ရွက်ချက် ၊ ပဋိပက္ခ တွေကို လေ့လာမိသလောက် အချိန်ပြဇယားနဲ့ ဆွေးနွေးသွားပါမယ်။ အစိုးရသစ် တက်လာပြီး နောက်ပိုင်း ရက် ၆၀ အတွင်း ၂၀၁၆ ၊ မေလမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင် သော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဗဟို ကော်မတီ ကိုဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၆ ၊ သြဂုတ်လ ၂၄ ရက်နေ့မှာ ဘက်လိုက်မှု ကင်းပြီး လူအများစုက လေးစားသည့် အတွေ့အကြုံရင့်ကျက် ပြီး ထင်ပေါ်ကျော်ဇောသည့် ပြည်တွင်း ပြည်ပမှာ ပုဂ္ဂိုလ်များ ပါဝင်သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Mr. ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်ကို ဖွဲ့စည်းရန် ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ကော်မရှင် ဖွဲ့စည်းတဲ့အခါ ရည်ရွယ်ချက်အနေနဲ့ ရခိုင်ပြည်နယ်၏ သိပ်မွေ့နက်နဲသည့် အရေးကိစ္စများ ဖြေရှင်း နိုင်မည့် ရေရှည်နည်းလမ်းကောင်းများ ရှာဖွေသွားရန် လို့ ပါပါတယ်။ ဒါဟာ အဆိုရှင် တင်ပြသွားတဲ့ ဗျုဟာမြောက်လုပ်ငန်းစဉ် ချမှတ်တဲ့ ကြိုတင်မျှော်မြင် လုပ်ဆောင်ချက် ဖြစ်တယ်လို သုံးသပ်မိပါတယ်။ ဒီနေရာမှ ဘေးထွက်ဆိုးကျိုး နည်းနည်းနဲ့ ရေရှည် သွားရမယ့် လုပ်ငန်းစဉ် လုပ်ဆောင်တာကိုး ရေတိုကိုတာ ကြည့်ပြီး တစ်သံတည်း မထွက်ခဲ့ကြဘဲ ကန့်ကွက်ခဲ့တာကို စိတ်မကောင်းဖွယ် တွေမြင်ကြားသိခဲ့ရပါတယ်။ ၂၀၁၆ ၊ စက်တင်ဘာ ၂၁ ရက်နေ့မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ၊အထွေထွေ မူဝါဒရေးရ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မိန့်ခွန်းမှာ မြန်မာနိုင်ငံအတွက် လက်တွေ့ကျပြီး အရေးကြီးတဲ့ လုပ်ငန်းစဉ် အဖြစ် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို တွေ့ကြုံ ခံစားခဲ့ရသည့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တို့လောက် အရေးကြီးတဲ့ ကိစ္စ ရှိမှာ မဟုတ်ဘူးလို့ ထည့်သွင်းပြောကြားတာကိုး ကြည့်ရင် ဗျူဟာမြောက်လမ်းစဉ် ကြိုတင်ချမှတ်ခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ လူ့အခွင့်အရေး စံချိန်စံညွန်း တွေအပေါ် တန်ဖိုးထားမှုအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ဖိအားပေးမှုများကို ကြံကြံခံလျှက် အခြေခံလူ့အခွင့်အရေး ၊ လူဂုဏ်သိက္ခာနဲ့ လူသားတစ်ဦးအဖြစ် တန်ဖိုးထားမှုအပေါ် ကျမတို့ရဲ့ ယုံကြည်မှုကို ထပ်မံအတည်ပြုပြောကြားလိုတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စု လျှောက်လှမ်းတဲ့ ကြမ်းတဲ့ ခရီးလမ်း တစ်လျှောက် ကိုယ်ချင်းစာ တရား ၊ မေတ္တာတရား ၊ နားလည်မှုတို့နဲ့ ကူညီခဲ့ကြတဲ့ သူတွေကို ကျေးဇူး တင်ကြောင်းနဲ့ ယခုလို အချိန်မှာ ထိုကဲ့သို့ ကူညီမှုများ လိုအပ်လျှက် ရှိသော်လည်း ကူညီပြီး ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကမ်းလျားျမှုတွေထက် ဒေါသ ၊ အမုန်းတရား ၊ မကျေနပ်မှု၊ တောင်းဆိုမှုတွေ အများအပြား ကြုံတွေ့နေရကြောင်း သံခင်း ၊ သံတမန် နည်းလမ်း နဲ့ ဖြေရှင်းခဲ့ရကြောင်း တွေ့ရပါတယ်။ ၂၀၁၆ ၊ အောက်တိုဘာလ ၉ ရက်နေ့မှာ ရခိုက်ပြည်နယ် ၊မောင်းတော ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးက အဆိုပါဖြစ်စဉ်အတွက် သတင်း ထုတ်ပြန်ခဲ့ပါ တယ်။

သတင်းထုတ်ပြန်ချက်မှာ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ဘာသာရေး ၊ လူမျိုးရေး ၊ သွေးထိုးလှုံဆောင်မှုများ မပြု လုပ်ကြရန် ၊ အခြားဒေသများသို့ ပဋိပက္ခများ မပြန့်ပွားရန် အမျိုးသား ၊လုံခြုံရေးနှင့် ကာကွယ်ရေး အတွက် နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြရန် ၊တနည်းအားဖြင့် တစ်သံတည်း ထွက်ခဲ့ကြတယ်လို့ ပြောခဲ့ဖူးတာ သိရပါတယ်။ အဆိုရှင်ရဲ့ အစွဲကင်းကင်းနဲ့ တစ်သံတည်းထွက်ကြဖို့ အကြုံပြု ချက်က အလွန်ပင်ကောင်းပါတယ်။ စဉ်းစားစရာက ဘယ်လို့ စံချိန်စံညွန်း ၊ ဘယ်လို တန်ဖိုးထားမှုတွေ အပေါ် တစ်သံတည်း ထွက်ကြမလဲ ဆိုတာပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံခြား မီဒီယာ BBC အင်တာဗျူးတွေမှ နိုင်ငံတော်အစိုးရ ရဲ့ သဘောထားကို ပြတ်ပြတ်သားသား နဲ့ ပြောသွား ခဲ့တာ ရှိပါတယ်။

ရခိုင်ပြည်နယ်မှ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်တွေအပေါ် နိုင်ငံတကာ ဖိအားတွေအတွက် တုံ့ပြန်ဖြေရှင်းခဲ့သလို နိုင်ငံတာဝန် ယူချိန်မှာလည်း နိုင်ငံသားဖြစ်သင့်တဲ့ သူတွေကို နိုင်ငံသား စိစစ်ရေးကဒ်ပြား လုပ် ပေးတဲ့လုပ်ငန်းစဉ်နဲ့အတူ ဖွံ့ဖြိုးရေး လုပ်ငန်းတွေပါ လုပ်ကိုင်ဆဲ ၊ ရှောရှောရှုရှု ဖြစ်နေချိန် တိုက်တိုက်ဆိုင်ဆိုင် နယ်ခြားစောင့်စခန်း ရဲ့ တိုက်ခိုက်မှုတွေ ၊တနည်းပြောရရင် တမင်တာက ဖန်တီးတဲ့ အချိန်တွေ မသိကျိုးကျွံသလို မျက်ကွယ်ပြု နေသလို ဘာကြောင့် မသိကျိုးကျွံ ၊ မျက်ကွယ်ပြုနေပါသလား လို ကမ္ဘာကို မေးခွန်းထုတ် ၊ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။ အချက်အလက်ရှာဖွေရေး အဖွဲ့နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ အချက်အလက်ရှာဖွေရေးကော်မရှင် အဖြစ် လိုအပ်ပါတယ်လို့ မပြောခင်ကတည်းက Mr. ကိုဖီအာနန် ကော်မရှင်ကို ခေါ်ဖိတ်ပြီး ကော်မရှင်တစ်ခုကို ဖွဲ့ခဲ့ပါတယ်။ ကော်မရှင် ရဲ့ အကြံပြုချက်တွေ ဘယ်လောက် အကောင်အထည်ဖော်နိုင်သလဲ ၊ လာကြည့်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အစွဲကင်းကင်းနဲ့ တစ်သံတည်း ထွက်ကြမယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့ ရပ်တည်ချက် လောက် သာ လိုက်ပြီး တစ်သံတည်းထွက်ကြဖို့ ရှိတယ်လို အကြံပြုလိုပါတယ်။ အဆိုရှင်က နိုင်ငံအချို့ ပူးပေါင်းကြံစည်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံရေး ၊ သံတမန်ရေး ၊ စီးပွားရေး ဖိအားတွေ လုပ်ဆောင်တာဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကျပ်အတည်း တွေ့စေပြီး အခန့်မသင့်ရင် နိုင်ငံပြိုကွဲ မှုထောက်ချောက်ထဲ ကျသွားစေနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံ ပြိုကွဲမှု ထောက်ချောက် ဆိုတဲ့ စကားကို သတိထား သုံးသင့် တယ်လို့ အကြံပြုလိုပါတယ်။ ကျမတို့ ပြည်သူ့တွေအတွက် နိုင်ငံပြိုကွဲမှုထောက်ချောက် ၊ ချောက်ထဲ ကျရင် လက်တစ်လုံး လို ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံ ရေးအိပ်မက်ဆိုးတစ်ခု ပမာ ၊ ခြိမ်းခြောက်ခံ နေရတဲ့ စကားဖြစ်ပါတယ်။ ပြည်အင်အားသည် ပြည်တွင်း မှသာ ရှိသည်၊ ဆိုတာကို အမှန်ယုံကြည် နေကြရင် ဘယ်ပြည်ပ ဖိအား က နိုင်ငံပြိုကွဲအောင် မလုပ်နိုင်ပါဘူး ကိုယ်အချင်းချင်း စိတ်ကွဲဝမ်း မှု ၊ မညီညွတ်မှု ၊က နိုင်ငံ ပြိုကွဲနိုင်ပါကြောင်း။

ဦးသောင်းအေး

USDP ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဆိုရှင် တင်ပြတဲ့ ဘင်္ဂလီအရေးကိစ္စဟာ ဗြိတိသျကိုလိုနီ ကျရောက်စဉ်က ရရှိခဲ့တဲ့ ဒဏ်ရာ တစ်ခုဖြစ်ပါတယ်။ ဒီဒဏ်ရာဟာ ဒီနေ့ ဒီအချိန်မှာ ဘာကြောင့် ပိုမို ကြီးမား ကျယ်ပြန့်လာ ရတာလဲ။ မှန်ကန်စွာ ရှုမြင်သုံးသပ်စေချင် ပါတယ်။ အမှား ၊ အမှန်အငြင်းပွားဖို့ မသင့်ပါဘူး။ ဒီဒဏ်ရာကို သမိုင်းကြောင်း နဲ့ ကုစားလို မရနိုင်သလို လက်ရှိပကတိ အရှိတရားထဲက ကြိုးကိုင် လှုပ်ရှားနေသူတွေရဲ့ ပုံဖော်လှုပ်ရှားမှုကို မြင်အောင်ကြည့် ပြီး အဆိုရှင် တင်ပြသလို Proactive နည်းဗျူဟာ နဲ့ ကြိုတင် လုပ်ဆောင်ကြရမှာပါ။ UNHRC အစီရင်ခံစာဟာ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားကို တရားမဲ့အောင် ပုံဖော်ပြီး အစိုးရ ၊တပ်မတော်နှင့် လုံံံ့ခြုံရေးတပ်ဖွဲ့တွေဟာ လူသားမဆန်တဲ့ သူများအဖြစ် ဖန်တီးနေတာ ဖြစ်လို မြန်မာသမိုင်း ဒုတိယအကြိမ် ပြန်မရိုင်းရအောင် သတိထားဖို့ ဦးစွာ တင်ပြပါတယ်။ အခုအချိန်မှာ OIC ၊ EU ၊ UNHRC တို့ရဲ့ တရားမဲ့ စွပ်စွဲဆောင်ရွက်ချက်တွေဟာ ထိထိရောက်ရောက်တုံပြန်ဖို့ နိုင်ငံသားအားလုံး အစွဲကင်းကင်းနဲ့ စည်းရုံးညီညွတ်စွာ ဆောင်ရွက် ရန် လိုသည်ဖြစ်လို အဆိုရှင်ကတိုက်တွန်းထားခြင်း ဖြစ်ပါတယ်။ ယနေ့ ကျနော်တို့ အစွဲကင်းတွေ ရပြီလား။

လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်အချို့က တင်သွင်းတဲ့ အခါ အကြောင်းအရာရဲ့ တန်ဖိုး ၊ နိုင်ငံတော်နှင့် ပြည်သူလူထုရဲ့ အကျိုး အကောင်းအဆိုး ဖြစ် ၊မ ဖြစ် ဆန်းစစ်ခြင်း မရှိဘဲနဲ့ ဘယ်ပုဂ္ဂိုလ် ၊ ဘယ်အဖွဲ့အစည်းက တင်တာလဲ ဆိုတာကို မူတည်ပြီး ထောက်ခံခြင်း ၊ ကန့်ကွက်ခြင်း ၊ အတည်ပြုခြင်း ၊ မပြုခြင်း ဒါတွေ မရှိသင့်တော့ပါဘူူး။ ပြည်သူလွှတ်တော်မှ ရခိုင်ပြည်နယ် ၊ ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ် တင်သွင်းတဲ့ ရခိုင်ပြည်နယ် ၊ မြောက်ပိုင်းဒေသမှ ဘင်္ဂလီ အစွန်းရောက်သမားတွေရဲ့ ထိပါးနှောင့်ယှက်မှု ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူ့တွေအတွက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေး လုံခြုံရေး အစီအမံတွေ ချပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းတဲ့အခါမှ ပိုမိုကောင်းမွန်သည့် အစီအမံတွေ ဖြစ်ဖို့ဆိုရင် အစိုးရ ၊ လွှတ်တော်၊ တပ်မတော် ကတာဝန်ရှိတဲ့သူတွေ ပါတဲ့ အမျိုးသား ကာကွယ်ရေး ကောင်စီ ခေါ်ယူညှိနှိုင်း သင့်ကြောင်း တင်ပြချက်ကိုပင် သမ္မတ ရဲ့ လုပ်ပိုင်ခွင့် ဆိုပြီး ကန့်ကွက် ပယ်ဖျက်စေခဲ့ပါတယ်။ ဒီအဆိုကိုလည်း အတည်မပြုခဲ့ပါဘူး။

ဒီနောက် သြဂုတ်လ ၂၅ ရက်နေ့ မှ ရခိုင်ပြည်နယ် တပ်စခန်း ၃၀ နဲ့ တပ်ဂိတ် ကင်း တစ်ခုကို ARSA နဲ့ အကြမ်းဖက် ဘင်္ဂါလီတွေရဲ့ အင်အားများစွာ တိုက်ခိုက် မှုကို ခံခဲ့ရပါတယ်။ ဒီလို့ ထပ်ဆင့် ပြည်သူ့တွေ့ရဲ့ အသက်အိုးအိမ်စည်းစိပ်ကို ထိပါးနှောင့်ယှက်နေသည့် ဖြစ်တဲ့အတွက် လုံလောက်တဲ့ အကာအကွယ်ပေးဖို့ အရေးပေါ်အခြေအနေ ကြေညာပေးရန် ပြည်ထောင်စု လွှတ်တော် နာယကထံ အရေးကြီး အဆို တင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆိုကို ပယ်ချခံခဲ့ရတဲ့အတွက် ဒီနေ့ အဆိုရှင် ဦးဉာဏ်ထွန်း တင်ပြတဲ့အတိုင်း ဆင်ထားတဲ့ထောက်ချောက် ထဲကို အလိုက်သင့် ဝင်သွားသလို ဖြစ်ရပါတယ်။

ဦးဉာဏ်ထွန်းဟာ ရခိုင်ပြည်နယ် အရေးကို UNHRC FFM အစီရင်ခံစာနဲ့ ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံ မှ တင်သွင်းမဲခွဲ တော့မှာ မို့လို ပြည်သူ့လွှတ်တော်မှ အရေးကြီးအဆို အဖြစ် တင်ခဲ့တာပါ ။ ခွင့်မပြုတဲ့အတွက် ပြည်ထောင်စု လွှတ်တော်မှ အရေးကြီးအဆို အဖြစ် ထပ်မံတင်တာပါ။ သို့သော် ယနေ့မှ ဆွေးနွေး ခွင့် ရခြင်းဟာ လွန်စွာ စိတ်မကောင်းဖွယ် ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှ အယူအဆ မတူကြလို သုံးသပ်ချက် ၊ လုပ်ဆောင်ချက် မတူတာ ယေဘုယျလက်ခံနိုင်ပေမဲ့ ရခိုင်ပြည်နယ် အရေး ၊ စစ်ကိစ္စကို အခုလို အကြိမ်ကြိမ် ပယ်ချ ၊ ရွေ့ပြောင်းခြင်းဟာ စဉ်းစားစရာ ဖြစ်ရပါတယ်။ ကျနော်တို့အနေနဲ့ အစွဲကင်းမှာ နိုင်ငံတော်နှင့် ပြည်သူများအတွက် မှန်ကန်သော ရပ်တည်ချက် ဖြစ်ပါမယ်။ အ လို စွဲတဲ့ အစွဲဟာ ဘယ်နေရာမှ ကောင်းကျိုးမပေးတဲ့ ကျနော်တို့ဟာ အစွဲကင်းကင်း လက်ချင်းချိတ်ဖို့လိုအပ်နေပါပြီ ။

ကျနော်တို့ဟာ တစ်ဖက်နိုင်ငံသို့ ရောက်နေတဲ့ သူတွေကို ဒုက္ခသည်အဖြစ် လူသားချင်း စာနာထောက်ထားမှု ၊ လူ့အခွင့်အရေး ပေးနေချိန်မှာ အနောက်အုပ်စု တွေက ကျနော်တို့ နိုင်ငံနဲ့ အစိုးရ ၊ တပ်မတော်အပေါ် မမှန်မကန်တဲ့ လုပ်ဇာတ်တွေ ဖန်တီးပြီး ပုံဖော်နေပါပြီ။ နိုင်ငံတော် နဲ့ ပြည်သူအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ အမှန်တရားက အပြင်ထွက်ဖို့ ဖိနပ်စီးနေချိန်မှ မမှန်ကန်တဲ့ လုပ်ကြံဖန်တီးမှုတွေ ကမ္ဘာပတ်နေပြီ ဆိုတဲ့ အတိုင်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး ၊ လူသားချင်း စာနာ မှု တစ်ခုတည်းကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အမျိုးသား အကျိုးစီးပွား ပျက်စီးပြီး ၊ အချုပ်အခြာအာဏာ ထိခိုက်ခြင်း ၊ ပိုင်နက်နယ်မြေ ဆုံးရှုံးခြင်း ဖြစ်ပေါ် လာမှာကိုတော့ ဘယ်နိုင်ငံ ၊ ဘယ်အစိုးရ ၊ ဘယ်သူကမျှ လက်ခံဖို့ မသင့်ကြပါဘူး။ ဘင်္ဂါလီပြဿနာဟာ အမျိုးသားရေး ၊ နိုင်ငံတော် လုံခြုံရေး ပြဿနာ ဖြစ်တဲ့အတွက် ပါတီစွဲ ၊ ပုဂ္ဂိုလ် စွဲ ၊ ဝါဒစွဲ ၊ နိုင်ငံတကာ စွဲ မထားရန် လိုအပ်ပါတယ်။ ယနေ့အထိ ရခိုင်ဒေသ ဘင်္ဂါလီ ကိစ္စကို အကြောင်းပြပြီးတော့ အင်အားကြီးနိုင်ငံတွေက အုပ်စုတွေရဲ့ တိုက်ခိုက်မှုဟာ အကြိမ်ရေ မရေတွက်နိုင်အောင် ရှိခဲ့ပါတယ်။

နိုင်ငံတော်ဘက်ကလည်း တုံပြန် ပြောကြားမှုတွေ ရှိပါတယ်။ သို့သော်လည်း ARSA နဲ့ အကြမ်းဖက် ဘင်္ဂါလီတွေရဲ့ ရက်စက်ယုတ်မာမှုတွေ ၊ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရဲ့ မှန်ကန်တဲ့လုပ်ရပ်တွေကို ပီပြင်စွာ တင်ပြမှုနဲ့ အမှန်တရားကို ဖြေရှင်း အောင် ပြဆိုမှု အားနည်းခဲ့လို ယနေ့ ဒီအချိန်အထိ ရောက်ခဲ့တာပါ။

ဒါကို မှန်တယ်လို့ စောင့်ကြည့်နေရုံမှတစ်ပါး တခြား မရှိတော့ပါဘူး။ ဒါကြောင့်မို့ နိုင်ငံတော် အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်လိုတယ်ဆိုရင် FFM အစီရင်ခံ စာ မတရား တင်ပြချက်တွေကို ပြည်သူ့တွေသိအောင် ချပြ ပြီး အဖြစ်မှန်တွေကို တုံပြန်သွားဖို့ ၊ နိုင်ငံတကာ မျက်နှာစာမှ အဆင့်မြင့်ဆုံး ကိုယ်တိုင် တက်ရောက်ပြီး ယုံကြည် မှုတည်ဆောက်ဖို့ ၊ နိုင်ငံတကာဆက်ဆံရေး မမှန်သောကြောင်းအရာတွေ မှေးမှိန်သွားအောင် ဆောင်ရွက်ဖို့ ၊ ပြန်ကြားရေးကဏ္ဍကလည်း မီဒီယာတွေ ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်း ပွဲတွေနဲ့ ဆောင်ရွက်ဖို့ ၊ တာဝန်သိ မြန်မာနိုင်ငံသား အဖွဲ့ကဲ့သို့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်လိုတဲ့သူတွေနဲ့ ပူးပေါင်းပြီး နိုင်ငံသားများအတွက် နစ်နာဆုံးရှုံးမှုများကို ဥပဒေနဲ့ အညီ တရားစွဲဆို ဖြေရှင်းပေးဖို့ ဆောင်ရွက်သင့်ပါကြောင်း ။

ဗိုလ်မှူးကြီး ဟန်သူ
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်( ၃၄ / ၂၂ ) အရ မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့မစ်ရှင် ( FFM) ကို ဖွဲ့စည်းခဲ့ရာတွင် ယင်းမစ်ရှင်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရက အသိအမှတ်မပြုကြောင်းနဲ့ ပူးပေါင်းပြုလုပ်မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၎င်းအဖွဲ့၏ အစီရင်ခံစာအား ၁၇.၉ .၂၀၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်က မြန်မာနိုင်ငံ အစိုးရသို့ ပေးပို့ရာတွင် အများပြည်သူသို့ မထုတ်ပြန်မီ အချက်အလက်များ အပေါ် ပြင်ဆင်ချက် ပေးနိုင်ရန် FFM အဖွဲ့မှ အခွင့်အရေးပေးသော်လည်း တုံ့ပြန်မှု မလုပ်ခဲ့တဲ့အတွက် အစီရင်ခံစာ မူကြမ်းရရှိရေး မှ တစ်ဖက်သက်စွပ်စွဲချက်များ ၊ မမှန်မကန် ဖော်ပြချက်များ ၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ ထိပါးတဲ့အချက်များကို အချိန်မီ နိုင်ငံတော်အဆင့် ကန့်ကွက်ခဲ့ပါတယ်။

၂၆.၂.၂၀၁၉ လူ့အခွင့်အရေးကောင်စီ ၏ အကြိမ် ၄၀ မြောက်အစည်းအဝေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်မှ ထိုအစီရင်ခံစာကို ကန့်ကွက်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၀၉ ၊ ဧပြီလအတွင်း ဂါဇာ ပဋိပက္ခ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ဖွဲ့စည်းရာတွင် အစ္စရေး အစိုးရမှာ ၎င်းမစ်ရှင်နဲ့ ပူးပေါင်းဆောင်ရွက်မည့် မဟုတ်ကြောင်း တရားဝင် ကြေညာသော်လည်း အစီရင်ခံစာအား တရားဝင်ကန့်ကွက်ချက်များကို အချိန်နဲ့တပြေးညီ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးအစိုးရအနေနဲ့ မစ်ရှင်အဖွဲ့ မတင်ပြမီ ၎င်းအစီရင်ခံစာ အပေါ် ကနဦးတုံ့ပြန်ချက် ၃၂ ချက်ဖြင့် ၂၄.၉.၂၀၁၉ မှ ကန့်ကွက်တင်ပြရာမှ ထုတ်နုတ်တင်ပြ ရလျှင် မစ်ရှင်သည် အစ္စရေးကတင်ပြသည့် သက်သေကို မယုံကြည်ထိုက် သောသက်သေအဖြစ် သတ်မှတ်ပြီး ဟားမစ်လ် တို့၏ တုံံံ့ပြန်ချက်ကို လက်ခံလေ့ရှိခြင်း ၊ အစီရင်ခံစာတွင် တရားစီရင်နိုင်သည့် အဆင့် အတွက် သက်သေခံချက်များ မရရှိခဲ့ကြောင်း ၊ ဝန်ခံထားသော်လည်း ၎င်း တွေ့ရှိချက်သည် အပြစ်ရှိကြောင်း တရားစီရင်ရတွင် ဆုံးဖြတ်ချက်ကဲ့သို့ ကိုယ်စားပြုကြောင်း ရေးသားခြင်း ၊ အစ္စရေးနိုင်ငံ၏ စုံစမ်းစစ်ဆေးမှုကို လျစ်လျူရှုခဲ့ခြင်း ၊ ဥပဒေ ဆိုင်ရာတွေကို လွဲမှားစွာ ဖော်ပြခြင်းတို့သည် လက်ရှိ FFM နဲ့ များစွာ တူညီနေသည်ကို တွေ့ရှိရ ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် အစ္စရေး ကဲ့သို့ တုံပြန်မှု များကို အစီရင်ခံစာ မထွက်မီ နဲ့ ထွက်ရှိပြီး ကန့်ကွက်ချက်များ ပြုလုပ်၍ နောက်ထပ်ခြေလှမ်းများ ထွက်ပေါ်လာအောင် မိမိနိုင်ငံ ၊ မိမိအစိုးရ၏ ပြတ်သားတဲ့ ဆောင်ရွက်ချက်များကို ဆောင်ရွက်သင့်ပါတယ်။ FFM ဖွဲ့စည်းမှုတွင် ရခိုင်ပြည်နယ်အတွင်း မကြာသေးမီ ဖြစ်ပွားခဲ့သည့် စစ်ဖက်နှင့် လုံခြုံရေး တပ်ဖွဲ့များက လူ့အခွင့်အရေး ချိုးဖောက်မှုများ ၊ အချက်အလက် ရှာဖွေရန် ဖော်ပြမှုသည် ၎င်းတို့၏ ပစ်မှတ်ထားသည့်အတိုင်း ဆွဲယူသတ်မှတ်လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိပါသည်။

ARSA နဲ့ မြန်မာနိုင်ငံအစိုးရအကြား ဖြစ်ပွားသော ဖြစ်စဉ်မှာ အပြည်ပြည်ဆိုင်ရာ မဟုတ်သည့် လက်နက်ကိုင်ပဋိပက္ခ (ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ) ဖြစ်သည်ဟု မှတ်ယူရန် ဖော်ပြထားမှုကို ကြည့်ခြင်းအားဖြင့် ၎င်းအဖွဲ့အား အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ ( လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေ ) သိမြင်အားနည်း ကြောင်း တွေ့ရှိရပါတယ်။ ARSA နဲ့ ပတ်သက်၍ လိုအပ်သလို အဓိပ္ပာယ်ကောက်ယူခဲ့ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အဖြစ် သတ်မှတ်ခြင်းဟာ ယင်း ဖြစ်စဉ်အတွင်း ဖြစ်ပွားမှု ကို စစ် ရာဇဝတ်မှုအဖြစ် စွဲချက်တင်နိုင်သောကြောင့် ဖြစ်ပါသည်။ အစီရင်ခံစာမှာ မြန်မာသမိုင်း ဆိုင်ရာ မှန်ကန်မှု မရှိခြင်း ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ရေးသားအကြံပြုချက် ဟာမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်တာ ၊ တရားဥပဒေ ကို ထိပါးတာ ရောက်သည့်အတွက် ၎င်းတို့နဲ့ ရည်ရွယ်ချက်နဲ့ နောက်ကွယ်က အကြောင်းတရားများ ကို မေးခွန်းထုတ်စရာ ဖြစ်ပါသည်။

အပြည်ပြည် ဆိုင်ရာ ဥပဒေပညာရှင်များ လက်ခံထားရှိတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ အခြေအနေများ၏ ခက်ခဲရှုတ်ထွေးမှု ၊ အရပ်သားများ ပါဝင်မှုကြောင့် စိန်ခေါ်မှုများ ကြုံတွေ့နေရမှု တို့ကို လျစ်လျူရှုရေးသားထားတွေကို တွေ့ရှိရပါသည်။ မိမိတို့ တပ်မတော်၏ လိုက်နာ လုပ်ဆောင်ချက်များ ထဲထဲဝင်ဝင် မသိဘဲ တစ်ဖက်သားစွပ်စွဲရေးသားနေမှုဟာ ကြိုတင်ရည်ရွယ်ချက်ဖြင့် တပ်မတော်အပေါ် အဓိက ပစ်မှတ်ထားကြောင်း ထင်ရှားစွာ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်း မွတ်ဆလင်လူဦးရေး ၄ ရာခိုင်နှုန်းသာ ရှိသည့်အတွက် လက်တလော စိုးရိမ်စရာ မရှိ ဟု ရေးသားထားခြင်းဟာ ဘူးသီးတောင် မောင်းတောဒေသအတွင်း မွတ်ဆလင်လူဦးရေ တိုးတက် များပြားလာမှုကို မှေးမှိန် အောင် တစ်နိုင်ငံအတိုင်းအတာ ဖြင့် နှိုင်းယှဉ်ဖော်ပြခြင်းဖြင့် ပကတိအခြေအနေအမှန်ကို အမှားဖြစ်အောင် ဝါဒဖြန့်ရေးသား ထားပါတယ်။

FFM ၏ အစီရင်ခံစာ စာပိုဒ် ၂၅၃ တွင် တပ်မတော်အနေဖြင့် အဓမ္မ လူသစ်စုဆောင်းခြင်း ဖော်ပြရာမှ မြန်မာနိုင်ငံအစိုးရအနေဖြင့် CTFMA တို့အကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် အရွယ်မရောက်သေးသူ ကလေး သူငယ်များ စစ်မှုထမ်း ခြင်းမှ ကာကွယ်တားဆီးရေး ဆောင်ရွက်ခြင်း ၊ ILO နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း တို့ကို မျက်ကွယ်ပြုထားကြောင်း တွေ့ရှိရပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တရားမဝင်သတ်ဖြတ်ခြင်း ၊ ဖမ်းဆီးခြင်းတို့အား ယုံကြည်စိတ်ချရသော သတင်းရရှိသော်လည်း အတည်မပြုနိုင်သော သတင်းဟု ဖော်ပြ ခဲ့သည်။

၎င်းတု့ိ၏ လူ့အခွင့်အရေး ချိုးဖောက်ခြင်းကို သဘောမျှ ဖော်ပြပြီး မြန်မာတပ်မတော်နှင့် ပတ်သက်သည့် အသေးစိတ်ဖော်ပြခြင်းမှ အစီရင်ခံစာ မရေးမီ ကတည်းက မြန်မာ့တပ်မတော် အပေါ် ပစ်မှတ်ထား ကြောင်း ရည်ရွယ်ကြောင်းနဲ့ ပြည်တွင်းသောင်းကျန်းမှုကို အားပေးအား မြှောက်တဲ့ သဘောဖြစ်ပါတယ်။ မင်းကြီး ၊ ချွတ်ပြင် ၊ မောင်နု ၊ ကိုးတန်ကောက် ၊ ကျောက်ပန္တွု ၊ အလယ်သံကျော်၊ အင်းဒင်ရွာ ဖြစ်စဉ်များကို ဖော်ပြရာတွင် HRW နှင့် AI တို့၏ တစ်ဖက်သက်စွပ်စွဲရေးသားထားသည့် အစီရင်ခံစာများကို အခြေခံထား သည့်အပြင် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသူများကို မေးမြန်းထားခြင်းဖြစ်၍ တစ်ဖက်သတ် စွပ်စွဲချက်များကိုသာ ဖြစ်ကြောင်း ထင်ရှားပါသည်။

FFM အဖွဲ့သည် OIC တို့အလို ကျဆောင်ရွက်ပြီး ၎င်းတို့ဆောင်ရွက်လေ့ ရှိ ၊ ထိုးဖောက် ခြင်း ၊ စစ်ပွဲစတင်ခြင်း ၊ ဒေသတစ်ခုအတွင်း အယူဝါဒလွှမ်းမိုး၍ အစ္စလာ်မ်မစ်ဘာသာ အင်အားကြီး ထွားအောင်ဆောင်ရွက်လျှက်ရှိပါတယ်။ ယခင် ဘင်္ဂါလီအရေးနဲ့ ပတ်သက်၍ ၁၉၉၂ မှ ၁၉၉၈ အထိ ပြန်လည်လက်ခံ၍ အဆင်ပြေခဲ့သော်လည်း ၂၀၁၇ နိုဝင်ဘာလ သဘောတူညီချက် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်မှာ လက်ခံနိုင်ခြင်း မရှိဘဲ အကြောင်းမျိုးမျိုးပြ၍ ကြန့်ကြာ နေခြင်းဟာ OIC ရဲ့ လှည်ကွက် များ ဖြစ်ပါတယ်။ လက်ရှိကာလ မြန်မာနိုင်ငံ အမျိုးသား လုံခြုံရေး နှင့် အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ထိုးနှက်လျှက်ရှိသည်။ နိုင်ငံတော်၏ အဓွန်အာဏာတည် တံ့ခိုင်မြဲရေးအတွက် မျှော်တွေးလျှက် အမျိုးသား တာဝန် တစ်ရပ်အဖြစ် ထိထိရောက်ရောက် တုံံံ့ပြန်သွားရန် လိုအပ်လျှက်ရှိပါတယ်။

ဓာတ်ပုံ- ရခိုင်ပြည်နယ်မှ ၂၀၁၇ ခုနှစ်တွင် ထွက်ပြေးကြသည့် မွတ်စလင်များ။ Photo Credit – Daily sun

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts