All News Local News Peace

ရခိုင်တွင် ဖြစ်ခဲ့သော မုဒိမ်းမှုများကို အခြေအမြစ်မရှိဟု အစိုးရတုံ့ပြန်မှုသည် ဖြေရှင်းလိုစိတ် မရှိမှုကို ပြသဟု ICJ ဝေဖန်

ရန်ကုန်၊ မတ် ၁၃

မြန်မာအစိုးရက ဖွဲ့စည်းထားသော ရခိုင်အရေး လွတ်လပ်သော စုံစမ်းရေး ကော်မရှင် ထိရောက်သော အကျိုးဖြစ်ရန် အလားအလာမရှိကြောင်း၊ ရခိုင်တွင်ဖြစ်ပွားခဲ့သော မုဒိမ်းမှုများကို အခြေ အမြစ် မရှိဟု အစိုးရတုံ့ပြန်မှုသည် ပြဿနာဖြေရှင်းလိုစိတ်မရှိမှုကို ပြသဟု အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာရှင် များ ကော်မရှင် ICJ က မတ်လ ၁၂ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန် ဝေဖန်လိုက်သည်။

၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးကော်မရှင် (IOEC) သည် လွတ်လပ်မှုနှင့် ဖြောင့်မတ်မှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို ပြည့်မီရန် သို့မဟုတ် နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှုများ မြောက်သော လူ့အခွင့်အရေးချိုးဖောက်မှု များ အတွက် တရားမျှတမှု သို့မဟုတ် တာဝန်ခံမှု ဖြစ်ပေါ်လာအောင် ထိရောက်စွာ အကျိုးပြု ရန် ထိုက်သင့်သော အလားအလာမရှိကြောင်း၊ ICOE အနေဖြင့် ၎င်းနှင့်ထိတွေ့ ဆက်ဆံသော ပုဂ္ဂိုလ်များကို အကာ အကွယ်ပေးလျက် ၎င်း၏ သတင်းအချက် အလက်ကောက်ယူမှုသည် အမှန် တရားကို မည်သို့ဖော်ထုတ် မည်ကို ပွင့်လင်းမြင်သာမှု မရှိကြောင်း ဖော်ပြထားသည်။

ရခိုင်အရေး စုံစမ်းရေး ကော်မရှင် သည် ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ ၏ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ဆုံးဖြတ်ချက် ၃၉/၂ အရ သတ်မှတ်ထားသော လိုအပ် ချက်များကိုလည်း မဖြည့်ဆည်းရသေးကြောင်း၊ လက်ရှိဆွေးနွေးနေ သော ကောင်စီ ၏ ဆုံးဖြတ်ချက်တွင် ICOE အပေါ် ပို၍အပြုသဘောဆောင်သော အသိ အမှတ်ပြုမှုမျိုးပါဝင်လာအောင် ပြောင်းလဲရန် မည်သည့်ဆောင်ရွက်ချက်မဆို ကျိုးကြောင်းခိုင်လုံမှု မရှိကြောင်း၊ထို့ပြင် မြန်မာအစိုးရ အနေဖြင့် မုဒိမ်းမှုကျူးလွန်ကြောင်းစွပ်စွဲချက်များအား “wild claims” (အခြေအမြစ်မရှိသော ပြောဆိုချက်များ) အဖြစ်ပယ်ချက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် CEDAW ကော်မတီထံပေးပို့ခဲ့သည့် အစိုးရ၏ အစီရင်ခံစာအပါအဝင် နိုင်ငံတကာ ဥပဒေအောက်ရှိ ရာဇဝတ်မှု များနှင့် ပတ်သက်၍ ခိုင်လုံသော စွပ်စွဲချက်များကို ဖြေရှင်းပေးလိုစိတ် မရှိသည့် အခြေအနေ ဆက်လက် ဖြစ်ပေါ်နေကြောင်း ICJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၂ရက်နေ့တွင် “တစ်ဦးချင်းလူပုဂ္ဂိုလ်များ၊ အုပ်စုများ၊ မျက်မြင်သက်သေများနှင့် ကျူးလွန်ခံခဲ့ရသည်ဟုယူဆရသူများအား ၎င်း၏ တိုင်ကြားမှုများ သို့မဟုတ် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက် များကို အထောက်အကူပြုအချက်အလက်များနှင့်သက်သေနှင့်တကွတင်ပြရန်” ဖိတ်ခေါ်ခဲ့သော“တင်ပြမှုများ ခေါ်ယူခြင်း” အပေါ် International Commission of Jurists (ICJ) အနေဖြင့် ICOEဥက္ကဋ္ဌက အစိုးရရခိုင်ကော်မရှင်ထံ မေးခွန်း ၄ ခုမေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိခဲ့ကြောင်း ICJ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ICJ က မေးမြန်းသော မေးခွန်း ၄ ခုမှာ အစိုးရ ရခိုင်ကော်မရှင်(ICOE) ထံ သတင်းအချက် အလက်များပေးခြင်းအတွက် အကြမ်းဖက်ရန်ခြိမ်းခြောက်မှုများ၊ ဥပဒေ ကြောင်းအရအရေးယူမှု သို့မဟုတ် အခြားလက်တုံ့ပြန်မှုပုံစံများမှ တိုင်ကြားသူများနှင့် မျက်မြင်သက်သေ များ အား အကာအကွယ်ပေးရန် အစီအမံများထားရှိထားခြင်း ရှိပါသလား၊ တင်ပြလာသော မည့်သည့်အရာများကိုမဆို လျှို့ဝှက်ထားရှိရန်နှင့် မျက်မြင်သက်သေများ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ပေးရန်နှင့် ၎င်းတို့၏ ကောင်းမွန်စွာရပ်တည်နေထိုင်နိုင်မှုကို အကာအကွယ်ပေးရန် မည်သည့် တိကျသောအစီအမံများ ကို ဆောင်ရွက်ထားရှိခဲ့ပါသနည်း၊ ကော်မရှင်တွင်ပါဝင်သူ များက တာဝန်ခံမှုသည် ၎င်းတို့၏ ရည်ရွယ်ချက်မဟုတ်ကြောင်း ကြေညာချက်များပြုလုပ်ခဲ့ပါသဖြင့် ICOE သည် ကျူးလွန်ခံရသူများနှင့် မျက်မြင်သက်သေများထံမှ အချက်အလက်များနှင့်သက်သေ အထောက်အထားများ တင်ပြမှုများ ကို ရယူနေခြင်းနှင့် စပ်လျဉ်း ပြီး အဆို ပါ တင်ပြမှုများကို ICOE ၏ ရပ်တည်မှုအရ မည်သို့အသုံးပြုမည်ကို ရှင်းလင်းပြေကြားရန် တို့ ပါဝင်ကြောင်း သိရှိရသည်။

အစိုးရရခိုင်စုံစမ်းရေးကော်မရှင် (ICOE) သည် အစိုးရက ကျောထောက်နောက်ခံပြုသော ယခင် စုံစမ်းစစ်ဆေးမှု များကဲ့သို့ပင် တရားမျှတမှု သို့မဟုတ် တာဝန်ခံမှု ဖြစ်ပေါ်လာအောင် ထိရောက်စွာ အကျိုးပြု နိုင်မည်မဟုတ်ကြောင်း ICJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com