Local News political news

ရခိုင်တွင် ဖမ်းဆီးမှုကြောင့် လူငယ်များ ပျောက်ဆုံးနေမှု ပြည်နယ်လွှတ်တော်တွင် တင်ပြမည်၊ မြောက်ဦးတွင် ရခိုင်လူငယ် ၁၆ ဦး ပျောက်ဆုံးနေ

ရန်ကုန်၊ မတ် ၁၃

ရခိုင်ပြည်နယ်တွင် အာဏာပိုင်အဖွဲ့အစည်းများ၏ ဖမ်းဆီး စစ်ဆေးမှုကြောင့် လူငယ်များ မကြာခဏ ပျောက်ဆုံးနေမှုကို ပြည်နယ်လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က ပြောသည်။

ယမန်နေ့ညက မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ ငှက်ဖျား လူနာသွားပို့သည့် ကျေးရွာသား ၆ ဦးနှင့် လူနာ ဖြစ်သူကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိရကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

“လူငယ် ၆ ယောက်က စက်လှေနဲ့ လာကြတယ်ပေ့ါနော် ၊ လာကြပြီးတော့ ဒီဖက်မြစ်ကမ်းန ဘေးကိုရောက်တာနဲ့ အဲ့ဒီလူနာရော လူငယ် ၆ ဦးပါ ကားနဲ့မြောက်ဦးဘက် ကိုထွက် လာကြတယ်။ ထွက်လာကြတဲ့အချိန်မှာ ည ၁၀ နာရီ နီးနီးလောက်မှာပေါ့နော် သူတို့ အပြောအရ တပ်ရင်း ၅၄၀ ကတားတယ်ပေါ့နော် အဲ့ဒီကားကို ၊ တားပြီးတော့ အဲ့ဒီ နာရေး ကူညီမှုအသင်းရဲ့ အဖွဲ့ဝင်လူငယ် ၆ ဦးရယ် လူနာ လှမောင်ဝင်းရယ် ပြီးတော့ ကားသမား ၃ ဦးရယ် အဲ့ဒီ ၁၀ဦးကို သူတို့ခေါ်ဆောင် သွားတယ်ပေါ့နော်။ တပ်မ ၅၄၀ ကခေါ်ဆောင်သွား တယ်ဆိုတော့ ၅၄၀ ကိုစုံစမ်းတယ် ၊ ၅၄၀ မှာလည်း မရှိဘူး ၊နောက် ၃၇၈ ဆိုတဲ့ တပ်ရင်းဘက်က ခေါ်သွားတယ်ဆိုပြီးတော့ ၃၇၈ ဖက်ကိုလည်း စုံစမ်းတယ်။ တပ်ရင်း ၃၇၈ မှာလဲ မတွေ့ဘူးဖြစ်နေတယ်” ဟု ဦးထွန်းသာစိန်က ဆိုသည်။

ထိုသို့ ဖမ်းဆီးမှုကြောင့် လူငယ်များ ပျောက်ဆုံးမှုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်ပြ ဆွေးနွေးမည်ဖြစ်ကြောင်း ဦးထွန်းသာစိန်က ဆိုသည်။

“လူငယ်တွေကို မသင်္ကာရင် စီစစ်ပါ မေးမြန်းပါ ဒါပေမယ့် ဘယ်တပ်ရင်းက ဘယ်ဌာန ကပေါ့နော် စိစစ်မေးမြန်းစရာရှိလို့ခေါ်သွားတယ် ဆိုတဲ့ကိစ္စကို ပြည်သူ တွေကိုချပြရမယ် သက်ဆိုင်ရာမိသားစုဝင်တွေကိုချပြရမယ် ၊ သက်ဆိုင်ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲဖြစ်ဖြစ် သူတို့ပွင့်ပွင့်လင်းလင်းချပြသင့်တယ်။ မသကာၤလို့ ဖမ်းသွားတယ် ခုစီစစ်နေတယ် သူတို့ကိုဘယ်နေရာမှာ ထိန်းသိမ်းထားတယ် စသည်အားဖြင့်ပေါ့နော် ဒီလိုမျိုးပွင့်ပွင့်လင်းလင်းဖြစ်စေချင်တယ်” ဟု ဦးထွန်သာစိန်က ရှင်းပြသည်။

ယမန်နေ့ညက လူငယ် ၁၀ဦး ပျောက်ဆုံးခဲ့ပြီး မကြာသေးမီက တိုက်ပွဲများအတွင်းတွင်လည်း လူငယ် ၆ ဦးပျောက်ဆုံးနေကြောင်း သိရှိရသည်။
“လွှတ်တော်ဥက္ကဌနဲ့ ကျနော် တိုင်ပင်နေတယ်။ အဲ့ဒီကိစ္စကိုဘယ်လို ဆောင်ရွက် ရမလဲ ဆိုတာကို။ မတ်လ ၁၉ ရက်နေ့၊ ၁၈ရက်နေ့ တိုက်ပွဲထဲမှာလည်းပဲ ဒေသခံ ၆ ဦးပျောက် နေတယ်ဆိုတာရှိပါတယ်။ ဆိုတော့ ဒါမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့ လွှတ်တော် အစည်းအဝေး ရှိလာရင်တော့ မေးမြန်းသင့်ရင်လည်း မေးမြန်းရမယ် အဲ့ဒါကိုဘယ်လိုအနေနဲ့သွားရမလဲ အဆိုအနေနဲ့ သွားရမလား၊ အဲ့ဒါကို လွှတ်တော်ဥပဒေ နည်းဥပဒေတွေနဲ့အညီ လွှတ်တော် ဥက္ကဌ ဒု-ဥက္ကဌတွေနဲ့တိုင်ပင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမယ်လို့ အဲဒီ လိုပဲဆုံးဖြတ်ထားပါတယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။

ဓာတ်ပုံ- မာန်ယုကျော်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com