All News Local News Peace

ရခိုင်တပ်မတော်သည် ရခိုင်ပြည်နယ်တွင် တည်ရှိရမည်ဖြစ်ပြီး လက်ရှိတွင် ပြည်နယ်တွင် တာဝန်ယူနေပြီဟုဆို

ရန်ကုန်၊ မတ် ၂၁

ရခိုင်တပ်မတော် အေအေ သည် ရခိုင်ပြည်နယ်တွင် တည်ရရှိရမည်ဖြစ်ပြီး လက်ရှိ တွင် ရခိုင်ပြည်နယ်တွင် တာဝန်ယူနေပြီဖြစ်ကြောင်း AA အဖွဲ့ မှ ဗိုလ်မှူးကြီး ကျော်ဟန်က မီဒီယာများသို့ပြောဆိုသည်။

နေပြည်တော်တွင် မတ်လ ၂၁ ရက်နေ့ ကျင်းပသည့် NCA လက်မှတ်ရေးထိုးရခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့အကြား တွေ့ဆုံ ဆွေးနွေးမှုအပြီးတွင် သတင်းမီဒီယာများသို့ ၎င်းက ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့ ရက္ခိုင့်တပ်မတော်ကို ရခိုင်ပြည်မှာ တည်ရှိနေမှုကို တပ်မတော်ဘက်က လက်မခံတဲ့သဘောပေါ့ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်တွေအဖို့ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော် တည်ရှိရေးဟာ UNA ရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်။ ရခိုင်ပြည်သူတွေကို ရက္ခိုင့်တပ်မတော်ကပဲ လုံခြုံအေးချမ်းဖို့ ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူနိုင်မှာဖြစ်တယ်လို့ ကျနော်တို့ ခံယူထားတဲ့အတွက် ကျနော်တို့ဟာ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို လုပ်နေတာဖြစ်တယ်။ အခုလည်း ကျနော်တို့ ရခိုင်ပြည်နယ်မှာ တာဝန်ယူနေပြီဖြစ်တယ်” ဟု ဗိုလ်မှူးကြီးကျော်ဟန်က ပြောသည်။

ယနေ့ဆွေးနွေးပွဲတွင် နှစ်ဖက်ညှိနှိုင်းမှု တိုးတက်မှုရှိပြီး စေတနာမှန်မှန်ဖြင့် ညှိနှိုင်းပါက တိုက်ပွဲများ လျော့ကျသွားမည်ဟု ၎င်းက ပြောသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရင်းခံအကြောင်းတရားဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန်ဆိုတဲ့ အချက်တွေပါတယ်ဆိုတဲ့အတွက် ဒီအချက်တွေကို နှစ်ဦးနှစ်ဖက်က မှန်မှန်ကန်ကန် အကောင်အထည်ဖော်ကြမယ်ဆိုလို့ရှိရင်၊ စေတနာမှန်မှန်နဲ့ အကောင်အထည်ဖော်ကြမယ်ဆိုရင်တော့ ကျနော်တို့ တိုက်ပွဲတွေက လျော့ကျဖို့ အလားအလာရှိတယ်၊ ဒါပေမယ့် အဲဒါကို ဒီကနေ့ဆွေးနွေးပွဲရလဒ်အရ အကောင်အထည်မဖော်ဘူးဆိုရင်တော့ အရင်အတိုင်းပဲရှိမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်တပ်မတော်အနေဖြင့် ရခိုင်နိုင်ငံထူထောင်ရေး ဆိုသော ထုတ်ပြန်ချက် ထုတ်ပြန်ခြင်းမရှိကြောင်း အစိုးရဘက်သို့ရှင်းပြခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

“ဒီနေ့ အစိုးရဘက်ကပြောတာကတော့ ကျနော်တို့ Statement တစ်စောင် အတုထိုးထားတာ ထွက်လာတာရှိတယ်။ ကျနော်တို့ဘက်က အတုထိုးထားတာလား မေးတယ်ပေါ့နော်။ ဒါ ကျနော်တို့ဘက်က ထုတ်ထားတာမဟုတ်ဘူး။ အကြောင်းအရာကတော့ ရခိုင်နိုင်ငံထူထောင်ရေး၊ ဘယ်နေ့ ဘယ်ရက်မှာ ရခိုင်တွေအားလုံး စုပြီး ရခိုင်နိုင်ငံတော်ဆိုတဲ့အနေအထားနဲ့ ရပ်တည်မယ်ဆိုတဲ့အနေအထားမျိုး စာအရေးအသားပါတဲ့ Statement တစ်စောင်ပေါ့နော်။ အဲ့ဒါ ကျနော်တို့ဘက်က ထုတ်တာမဟုတ်ဘူးဆိုတာတော့ ကျနော်တို့ ပြောခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ ယနေ့တွေ့ဆုံမှုသည် ထူးခြားပြီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း၊ အချက် ၅ ချက်သဘောတူညီခဲ့ကြောင်း ရှင်းပြသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ ၈ ဖွဲ့ပေါ့နော် ပထမဆုံးအကြိမ် မျက်နှာစုံညီတွေ့တာဖြစ်ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးနွေးပွဲသမိုင်းမှာလည်း ပထမဆုံးဖြစ်ပါတယ်။ အဲဒါ ထူးခြားတဲ့တွေ့ဆုံမှုဖြစ်ပါတယ်။ ထူးခြားတဲ့တွေ့ဆုံမှုမှာ အထူးသဖြင့် ကျနော်တို့ အဖွဲ့တိုင်းအဖွဲ့တိုင်းမှာ ကိုယ်စီကိုယ်စီပြဿနာလေးတွေရှိတယ်။ အဲဒါလေးတွေကို ကျနော်တို့ ဒီနေ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ယနေ့ ဆွေးနွေးပွဲတွင် အချက် ၅ ချက်သဘောတူညီခဲ့ကြပြီး ယင်းအချက် ၅ ချက်မှာ (က) လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းကြရန်။

(ခ) တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက် ညှိနှိုင်းကြိုးပမ်းကြရန်။

(ဂ) ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများအရေးအတွက် နှစ်ဖက်လုံးက အလေးထားဆောင်ရွက်ကြရန်။

(ဃ) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် အရင်းခံအကြောင်းတရားဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းကြရန်။

(င) နှစ်ဖက်အဆုံးအဖြတ်ပေးနိုင်သည့်ပုဂ္ဂိုလ်များပါဝင်သောတွေ့ဆုံဆွေးနွေးမှုများ မကြာခဏ ဆက်လက် ပြုလုပ်သွားရန်တို့ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts