Local News Peace political news

မြောက်ဦးမြို့ပေါ်တွင် တပ်မတော်နှင့်အေအေ တိုက်ပွဲဖြစ်၊ ၁ ဦးဒဏ်ရာရပြီး ကျည်များ လူနေရပ်ကွက်သို့ ကျရောက်ဟုဆို

ရန်ကုန်၊ မတ် ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်တွင် ယမန်နေ့ညပိုင်းက တပ်မတော်နှင့်အေအေ ရခိုင်တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားပြီး လူနေရပ်ကွက်များသို့ ကျည်များ ကျရောက်မှုရှိကာ ၁ ဦးဒဏ်ရာ ရရှိကြောင်း သိရှိရသည်။

ယမန်နေ့ညပိုင်းက မြောက်ဦးမြို့ပေါ်တွင် သေနတ်ပစ်သံများဆူညံသွားခဲ့ပြီး ဒေသခံအများစု မှာ စိုးရိမ်စိတ်ကြောင့် ညမအိပ်နိုင်ဘဲ ထိတ်လန့်ခဲ့ကြကြောင်း၊ လူနေရပ်ကွက်များသို့ ကျည် ကျရောက်မှုရှိကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောသည်။

“ခြောက်လှန့်ပစ်ခတ်တယ်လို့ ထင်တယ်။ ၁ ဦးဒဏ်ရာရတယ်။ ဆေးရုံမှာ။ အခု ကျနော် ကျည်ကျတဲ့နေရာတွေ သွားစစ်နေပါတယ်။ မြို့လူထုကတော့ ကြောက်လန့်နေကြတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ယမန်နေ့ညပိုင်းက တိုက်ပွဲ ဖြစ်ပွား မှုသတင်းကို အတည်ပြုပြီး အနည်းငယ်ထိတွေ့မှု ဖြစ်ခြင်းဟု ဆိုသည်။

“ကျနော်တို့က မြို့ လုံခြုံရေး ဆောင်ရွက်ရတယ်။ သင်္ချိုင်းထဲက ပစ်တော့ ကျနော်တို့ကလည်း ပြန်ပစ်တယ်။ ကြီးကြီးမားမားမဟုတ်ပါဘူး။ ထိတွေ့မှု နည်းနည်းဖြစ်တာပါ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်တို့တွင် တပ်မတော်နှင့် အေအေ လက်နက်ကိုင်တပ်ဖွဲ့ တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး အရပ်သား ထိခိုက်သေဆုံးမှုများမှာလည်း မြင့်တက်လျက်ရှိနေကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com