All News Local News

မြောက်ဦးပစ်ခတ်မှုကို ANP စုံစမ်းပြီး သမ္မတ၊ အတိုင်ပင်ခံ၊ တပ်ချုပ်နှင့်လူ့အခွင့်အရေး ကော်မရှင်ထံ တင်ပြမည်

ရန်ကုန်၊ မတ် ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် ပျက်စီးမှုများ၊ ပြည်သူများ ထိခိုက်နစ်နာမှုများကို စုံစမ်းစစ်ဆေးရန် ရခိုင် အမျိုးသားပါတီ(ANP) က စုံစမ်းရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

ANP ပါတီက စုံစမ်းမှုများ ဆောင်ရွက်ပြီးပါက အစီရင်ခံစာကို နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လူ့အခွင့်အရေးကော်မရှင်တို့ထံ တင်ပြမည်ဖြစ်ကြောင်း၊ ရခိုင်အမျိုးသားပါတီ ANPက စုံစမ်းရေးကော်မရှင် ကို မတ်လ ၂၁ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ရခိုင်အမျိုးသားပါတီ ၊ ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။

“ တစ်ပတ်အတွင်းမှ ပါတီကနေ စုံစမ်းသိရှိသမျှကို အစီရင်ခံစာ တင်ပြီး တော့ နိုင်ငံတော် သမ္မတ ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ ကာကွယ်ရေးဦးစီးချုပ်တွေကို ဆက်လက်ပြီး တော့ တင်ပြဆောင်ရွက်သွားဖို့ ရှိတယ်။ ရခိုင်ပြည်သူတွေ အမှန်တကယ် ထိခိုက် ခံစားနေရတဲ့ အမှန်တရားကို ကွက်ကွက်ကွင်းကွင်း တင်ပြဖို့ တရားမျှတတဲ့ အနေအထား ၊ သုံးသပ်မှုတွေ ထွက်ပေါ်လာဖို့ ၊ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေအပေါ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဒါတွေ ရည်ရွယ်ပြီး စုံစမ်းကော်မရှင်ဖွဲ့စည်းပြီး ဆောင်ရွက်တာ ဖြစ်ပါတယ် “ ရခိုင်အမျိုးသားပါတီ ၊ ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။

ယင်း ကော်မရှင်ဟာ ၇ရက်အတွင်း အပြီးသတ် အစီရင်ခံစာပြုစုပြီး ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ရခိုင်အမျိုးသားပါတီ ( ANP ) ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် ဦးဆောင်ပြီး မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်သည့် ဦးဦးလှစော၊ ဒေါ်ခင်စောဝေ၊ ဦးမောင်သန်းစိန်၊ ဦးထွန်းအောင်သိန်း၊ ဦးအောင်သန်းတင် နှင့် ဦးထွန်းသာစိန်တို့ ပါဝင်ကြောင်း သိရှိရသည်။

“မြောက်ဦးမြို့မှ ဖြစ်တဲ့ ပစ်ခတ်မှုတွေဟာ ဘယ်ဘက်က ပစ်လဲ ဆိုတာကို မြောက်ဦးမြို့နယ်မှာ ရှိတဲ့ ပြည်သူတွေသာမက ရခိုင်မဟုတ်တဲ့ တခြားလူမျိုးတွေ နိုင်ငံခြားသားတွေ အပါအဝင် အားလုံးဟာ မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်တယ်။ ခဏလေး ဖြစ်တာလည်း မဟုတ် ၊ တနေရာတဘ်းမှာပဲ ဖြစ်တာ မဟုတ် ၊ အဲဒီတော့ ဒီအနေ အထားတွေမှာ ရခိုင်ပြည်သူတွေရဲ့ အမှန်တရားကို လိုလားတဲ့ ၊ အမှန်တရားအတွက် တင်ပြပြီးတော့ ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ နိုင်ငံရေးပါတီတစ်ရပ်က နိုင်ငံရေးတာဝန် လုပ်ဖို့ တာဝန်ရှိတဲ့အတွက် ဒီကော်မရှင်ကို ဖွဲ့စည်းတာဖြစ်တယ်” ဒေါ်အေးနုစိန်က ပြောသည်။

မတ်လ ၁၈ ရက်နေ့ညပိုင်း မြောက်ဦးမြို့ပေါ်မှာ ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ၎င်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရက္ခိိုင်တပ်မတော် ( AA) နဲ့ တပ်မတော်တို့အကြား အပြန်အလှန် တစ်ဖက်နှင့် တစ်ဖက် စွပ်စွဲပြောဆိုထားသည့် ကြေညာချက်များ ထုတ်ပြန်ထားကြသည်။

ဓာတ်ပုံ- မတ်လ ၁၈ ရက်နေ့ ညပိုင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့် မြောက်ဦး ဒေသခံ တစ်ဦး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com