All News Local News

မြောက်ဦးတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ပြီးနောက် ပြည်သူများ အခက်အခဲများကြုံ

ရန်ကုန်၊ မတ် ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ၉၀ နုတ်ထွက်သွားပြီးနောက် ပြည်သူများ အခက်အခဲများ စတင်ကြုံတွေ့နေရကြောင်း မြောက်ဦးမြို့မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“အခုက ခရီးသွားထောက်ခံစာကစလို့ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ လုပ်တာတွေ၊ အခြားရပ်ရွာကိစ္စတွေမှာ အုပ်ချုပ်ရေးမှူးတွေ မရှိတော့ လူထုဘက်မှာတော့ အခက်အခဲတွေရှိနေပြီ။ ဒါကိုလည်း အမြန်ဆုံး ဖြေရှင်းဖို့လိုတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၉၀ နုတ်ထွက်မှုကို လတ်တလော ခွင့်မပြုသေးဘဲ တစ်ဦးချင်းစီ နုတ်ထွက်မှသာလျှင် ဥပဒေနှင့်အညီ ခွင့်ပြုမည်ဖြစ်ကြောင်း မတ်လ ၂ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

“အခုက သူတို့တွေက အုပ်ချုပ်ရေးမှူးတာဝန်ကို ယူလည်းမယူတော့ဘူး။ လာလည်း မလာကြတော့ဘူးဆိုတော့ ဘယ်လိုလုပ်ပြီး ပြည်သူတွေက ဘယ်သူ့သွားဆက်သွယ်ရမလဲ။ အရေးအကြောင်းဆို ဘယ်သူ့ကို ဆက်သွယ်ရမှန်းမသိဖြစ်နေတယ်။ အခုက စာမေးပွဲကာလလည်း ရောက်တော့မယ်ဆိုတော့ ရပ်ကွက်ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေက လုပ်ကြရမယ့် ရပ်/ကျေး ကိစ္စတွေမှာ လုပ်မယ့်သူ မရှိတဲ့သဘောဖြစ်နေတယ်” ဟု မြောက်ဦးအခြေစိုက် သတင်းထောက်တစ်ဦးက ဆိုသည်။

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကမူ လတ်တလောအနေအထားတွင် အုပ်ချုပ်ရေးမှူး လစ်လပ်နေသော ရပ်ကွက်၊ ကျေးရွာများအနေဖြင့် ရပ်မိ၊ ရပ်ဖများဖြင့် ဦးဆောင် အဖွဲ့များ ဖွဲ့စည်း၍ ရပ်ရွာအရေး ယာယီဆောင်ရွက်သင့်ကြောင်း၊ သက်ဆိုင်ရာ ထွေ/အုပ်နှင့် နုတ်ထွက်စာတင်ထားသည့် အုပ်ချုပ်ရေးမှူးများအကြားတွင်လည်း ညှိနှိုင်းမှုများရှိသင့်သည်ဟု ဆိုသည်။

မြောက်ဦးမြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၄ ဦးကို မတရားအသင်း ဆက်သွယ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ပြီးနောက် ယင်းသို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၉၀ နုတ်ထွက်လွှာတင်သွင်းကြခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com