All News China Watch interview Local News

မြစ်ဆုံစီမံကိန်းအရေး နိုင်ငံ့ဂုဏ်သိက္ခာ ထည့်တွက်ရမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားအပေါ် ဘယ်လိုမြင်ကြလဲ

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထု၏ မေးမြန်းမှုများကို ဖြေကြားရာတွင် နိုင်ငံ့ဂုဏ်သိက္ခာရှိစေရန် ယခင်စီမံကိန်းစာချုပ်ကို ဖျက်သိမ်း၍ မရနိုင်ကြောင်း ဒုတိယအကြိမ်မြောက်အဖြစ် မတ်လ ၁၄ နေ့ ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောဆိုလာသည်။ ယင်းသို့ပြောဆိုမှုအပေါ် အမြင်များကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါက်တာမြင့်ဇော်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်

ပြည်မှာပြောသွားတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ ကျနော်ထင်တယ် အကြမ်းဖျင်း အကြောင်းအရာ ၃ ခုလောက်တော့ရှိမယ်။ တစ်ခုကတော့ ကျန်ခဲ့တဲ့အစိုးရတွေ ကာလတွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အမှားတွေ ရှိခဲ့တာပဲလေ။ အဲဒီအမှားတွေကို ကျနော်တို့ ဆက်ပြီးသယ်ဆောင်ဖို့လိုတယ်လို့၊ ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်အမှားတွေသည် ဒီအချိန်မှာ ရပ်ဆိုင်းတာ၊ ပြန်ပြင်တာ ဒီလိုနည်းနဲ့ပဲ အဖြေရှာရမယ်လို့ ကျနော်တော့ထင်တယ်။ ဒီအမှားတွေကို ဆက်သယ်ရမယ်ဆိုတာ နိုင်ငံရေရှည်အကျိုးစီးပွားအတွက် အလုပ်ဖြစ်မယ့်ကိစ္စလို့ မထင်ဘူးပေါ့နော်။

နံပါတ် (၂) အချက်ကတော့ ကျနော်တို့ ဒီ အစိုးရအနေနဲ့တစ်ရပ်အနေနဲ့ကလေ သူ အာရုံပြုရမှာသည် ကျနော်တို့ ဒီနိုင်ငံရဲ့ ရေမြေတောတောင်နဲ့ အနာဂတ်မျိုးဆက်အတွက်ကိုပဲ အဓိကအာရုံပြုရမှာလို့ ကျနော်ထင်တယ်။ စီးပွားရေးအသိုင်းအဝိုင်းအတွက် သူ့မှာတာဝန်မရှိဘူး။ သူ့နိုင်ငံသားနဲ့ သူ့ပြည်သူတွေ၊ သူ့ရေမြေတောတောင် အနာဂတ်မျိုးဆက်ကို သူလက်ဆင့်ကမ်းမယ်။ ရေမြေတောတောင် အနာဂတ်မျိုးဆက်ကို လက်ဆင့်ကမ်းစရာ ကျန်ခဲ့ဖို့ သူ့မှာ တာဝန်ရှိတယ်ပေါ့နော်။ စီးပွားရေးအသိုင်းအဝိုင်းအတွက် သူ့မှာတာဝန်မရှိဘူးလို့ ကျနော်ယူဆတယ်။

နံပါတ် (၃) အချက်အနေနဲ့ကတော့လေ ဒီ မြစ်ဆုံကိုရပ်ဆိုင်းထားလို့ ရင်းနှီးမြှုပ်နှံမှု မလာဘူးဆိုတဲ့အချက်က တကယ့်တကယ်တော့ မမှန်ဘူး။ လက်ရှိမှာလည်း တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးသဘောတူညီချက်တွေ တောက်လျှောက်လာနေခဲ့တာပဲပေါ့လေ။ ကျနော်တို့နိုင်ငံကို အနောက်တိုင်းရဲ့ စီးပွားရေးလုပ်ငန်းတွေ မလာဘူးဆိုရင်တော့ အဲဒါသည် ကျနော်တို့နိုင်ငံမှာဖြစ်နေတဲ့ ရခိုင်ပြဿနာမျိုးတွေနဲ့ပဲ ပိုပြီးတော့ဆိုင်မယ်လို့။ နောက်တစ်ခုက ဦးသိန်းစိန်လက်ထက်မှာ ဒီဟာကို ရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ဒီ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဆက်ရှိနေတာပဲပေါ့လေ။ အဲဒီအတွက် ဒီဟာကြီးကို ရပ်ဆိုင်းထားတဲ့အတွက် စီးပွားရေးရင်းနှီးမြှပ်နှံမှု မလာဘူးဆိုတာ သိပ်လက်ခံနိုင်စရာတဲ့ အဆိုပြုချက်လို့ ကျနော်ယူဆပါတယ်။

ဒေါက်တာညိုညိုသင်း
ဥပဒေပညာရှင်နှင့် ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်း

ကျမကတော့ စကားအသွားအလာကိုကြည့်ရတာ မြစ်ဆုံကို အကန့်အသတ်နဲ့ လုပ်စေချင်တဲ့သဘောလို့ ကျမကတော့ မြင်တယ်လေ။ ကျမတို့ကတော့ ခေါင်းဆောင်ရဲ့မိန့်ခွန်းတွေကို သေသေချာချာဖတ်ပြီးတော့ ဘယ်လိုပြောမလဲ နည်းနည်းလောက် အကဲဆတ်နေတယ်လို့ ပြောလို့ရမလားမသိဘူး။ အဲဒီလိုမျိုးခံစားရတယ်။ သူက နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကြည့်ပြီးတော့ မြစ်ဆုံစီမံကိန်းကို အကန့်အသတ်နဲ့သော်လည်းကောင်း ပုံစံတစ်ခုခုနဲ့ ပြန်ပြီးတော့ ခွင့်ပြုလိမ့်မယ်လို့ ခံစားရတယ်လေ။ ဒါကြောင့်မို့လို့ ဒါကို လုံးဝလက်မခံပါဘူး။ နောက်ပြီးတော့ မြစ်ဆုံစီမံကိန်းက ဒေသခံပြည်သူတွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူးပေါ့။ ဧရာဝတီမြစ်ကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တာပေါ့နော်။ ဧရာဝတီဆိုတာ ပြည်သူတွေပိုင်တဲ့ ဧရာဝတီဖြစ်တယ်ပေါ့။ ဧရာဝတီကိုကာကွယ်ဖို့အတွက် မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းပြီးတော့ တားကြရမယ်။

ဦးမြအေး
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်

အစိုးရတစ်ရပ်ဆိုတာကတော့ဗျာ အစိုးရတစ်ရပ်ဆိုတဲ့စကားကို ပြောရမှာပဲလေ။ ပြီးခဲ့တဲ့အစိုးရလုပ်ခဲ့တဲ့ဟာကို ကိုယ့်အစိုးရလုပ်တဲ့အခါကျလို့ရှိရင် ပြန်လည်သုံးသပ်ရတာပဲလေ။ ပြီးခဲ့တဲ့အစိုးရလုပ်ခဲ့တဲ့ သဘောတူညီချက်စာချုပ်ကို ပစ်စလက်ခတ်ကြီးလုပ်လို့မရဘူးဗျာ။ နိုင်ငံတစ်ခုက စာချုပ်တစ်ခုမှာ အပေးအယူကိစ္စတွေလည်း ရှိလိမ့်မယ်လေ။ အပေးအယူကိစ္စတွေလည်း ရှိပါတယ်။ သို့သော် ဘယ်လိုပဲရှိရှိ မြစ်ဆုံကိစ္စကတော့ အဲဒီလိုမျိုး အစိုးရတစ်ရပ်နဲ့တစ်ရပ်ကြား ပိတ်ဆို့ထားတဲ့စာချုပ်တော့ မှန်တယ်။ ဒါပေမယ့် ဒီအပေါ်မှာအခြေတည် စဉ်းစားလို့မရဘူး။ ဥပမာအားဖြင့် မလေးရှားမှာလည်း ဒီလိုပဲ နောက်အစိုးရတက်လာတဲ့အခါမှာ အရင်အစိုးရလုပ်ခဲ့တဲ့ဟာတွေအကုန်လုံး ဖျက်ပစ်လိုက်တာရှိပါတယ်။ အဲဒါတွေအကုန်လုံးကို ကျနော်တို့က ကြည့်သင့်တယ်လို့ ကျနော်တို့မြင်ပါတယ်။ အဲ့ဒီလိုဖြစ်လိုက်တိုင်း ကမ္ဘာက အယုံအကြည်ကင်းမဲ့သွားလိမ့်ဆိုတာ ခဏခဏလုပ်ရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် ကျနော်တို့က မြစ်ဆုံ ဧရာဝတီက ကျနော်တို့နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ အဲဒါကြောင့်မို့လို့ အဲဒီကိစ္စရပ်မှာတော့ ဒီလိုစဉ်းစားမှုမျိုးက မသင့်တော်ဘူးလို့ ကျနော်ထင်တယ်။ ကျနော့်သဘောထားကတော့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ကန့်ကွက်တယ်။ သဘောမတူဘူး။

ဦးထူးကျော်ဝင်း
လူ့အခွင့်အရေး လှုပ်ရှားသူ

ကျနော်ထင်တာတော့ ဘယ်လိုပြောရမလဲဆိုတော့ လုပ်တာ မလုပ်တာတော့ တစ်ပိုင်းပေါ့လေ။ ကျနော်ထင်တာတော့ တရုတ်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအပါအဝင် ဒီ ကုလသမဂ္ဂမှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာကိစ္စ၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်တဲ့ဟာတွေမှာရော တရုတ်က စစ်အစိုးရတုန်းကလည်း စစ်အစိုးရအလျောက် Backing ပေးတယ်။ သူ့အကျိုးစီးပွားနဲ့သူ ကွက်ပြီး Backing ပေးတယ်ဆိုတော့။ လူကြိုက်များမယ့်ကိစ္စ မဟုတ်တဲ့ဟာကြီးကို ရှေ့ရွေးကောက်ပွဲမတိုင်ခင် ကတိကဝတ်တွေလုပ်လည်း ပြောမယ်ဆိုရင် လက်ရှိ ခုနပြောသလို အာဏာမရခင် သူက မြစ်ဆုံတင်မဟုတ်ဘဲ တော်တော်များများ ပရောဂျက်တွေ ပြည်သူလူထုဆန္ဒမပါရင် မလုပ်သင့်ဘူး ဘာညာဆိုပြီး သူကိုယ်တိုင်ပဲ ပြောခဲ့တာရှိတယ်။ သူကိုယ်တိုင်လည်းပြောခဲ့တယ်၊ အဲဒီကတိကဝတ်တွေလည်း NLD အစိုးရလက်ထက်ကျ ပြည်သူသဘောမတူတဲ့စီမံကိန်းတွေ မလုပ်ဘူးဘာညာပြောခဲ့ပြီးတော့ အခုလုပ်မယ်ဆိုတော့ ယေဘုယျအားဖြင့်တော့ ပြောခဲ့တဲ့ကတိကဝတ်တွေလည်း ဖောက်ဖျက်ရာကျတယ်ပေါ့။ ဒါပေမယ့် တစ်ဖက်မှာကျတော့လည်း အဲဒီ ဖောက်ဖျက်ရတဲ့အဆင့်အထိ Risk က ဘာရှိလဲပေါ့နော်။ အဲဒါကိုလည်း ကျနော်တို့ကမသိဘူး။ ကျနော်တို့ကို ချပြတာ ခုနပြောသလို ဒီတိုင်းနေလို့မရဘူးပေါ့နော်။ ရေကာတာလုပ်တယ်ဆိုတာကလည်း ဘယ်လိုလုပ်ရတယ်ဆို ရှင်းရှင်းပြောရရင်ဗျာ လုပ်ဖို့တာစူနေတယ်ဆိုတဲ့ နှပ်ကြောင်းပေးတဲ့စကားတွေ သူက ပြန်ပြောလာတယ်လေ။ ပြန်ပြောလာတော့ ဟိုရှေ့ကပြောတဲ့စကားနဲ့ ခုပြောတဲ့စကားက ရှေ့နောက်မညီဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် တစ်ဖက်ကကျပြန်တော့လည်း အဲ့ဒီလို မညီမညွတ်တာကို သိသိနဲ့ လုပ်ရလောက်တဲ့အဆင့်အထိကို သူ့အတွက် ခလုတ်က ဘာတွေနှိပ်ထားလဲပေါ့။ ဥပမာ ကျနော်တို့က ခုမြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကလည်း ပြန်ငြိမ်သွားတယ်။ ရခိုင်မှာလည်း AA နဲ့ စစ်တပ်ရဲ့ တိုက်ပွဲတွေကလည်း ပိုပြင်းထန်လာနေတယ်လေ။ ဆိုတော့ ကျနော့်စိတ်ထင်က အဲဒါကို လုပ်ဖို့က များနေပြီပေါ့။ လုပ်ဖို့များနေတယ်လို့ နှပ်ကြောင်းပေးနေပြီပေါ့။ အဲဒီတော့ အဲဒီ Risk နှစ်ခုကို ကျနော်တို့ သေသေချာချာရှင်းရှင်းလင်းလင်းမသိရဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် ကျနော်ခုနပြောသလို Choice ပဲ။ သူ့ရွေးကောက်ပွဲ ကတိကဝတ်နဲ့ အစိုးရမဖြစ်ခင်တုန်းက ပြောခဲ့တဲ့ စကားတွေနဲ့ဆိုရင် ဒါကြီးကတော့ နိုင်ငံရေးအရပြောရင် စိတ်ညစ်စရာကြီးပေါ့။ နောက်တစ်ချက်က ဒါကြီးက ဒေါ်စုအတွက်ရော NLD အတွက်ရော ပြောမယ်ဆိုရင် တော်တော်လေးကို လူကြိုက်နည်းသလိုဖြစ်လာတဲ့ အနေအထားမှာ ပိုပြီးတော့ ကျဉ်းကျဉ်းကျပ်ကျပ်ဖြစ်သွားမယ်။ ဒါပေမယ့် ကျနော်တို့မသိဘဲနဲ့ သူတို့က တစ်ခါတလေကျ ကျနော်ပြောနေကျစကားရှိပါတယ်။ အရမ်းတော်ရင်တော်၊ အရမ်းမတော်ရင် အရမ်းညံ့ပဲ။ အရမ်းတော်နေလို့ပဲ ကိုယ်မမြင်နိုင်တဲ့ ရှေ့မှာ အကြီးကြီးပေါ့နော်။ လူတွေက နောင်တစ်ချိန်မှာ ဒီလိုလုပ်ခဲ့တာ မှန်ပါလားလို့ ပြောရလောက်တဲ့အထိ ကြီးမားတဲ့အရာများ ရှိနေမလားပေါ့။ ဒါကတော့ ကျနော် ဖြည့်တွေးကြည့်တာ။ အဲ့ဒီလိုတော့ မြင်မိတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com