All News China Watch interview

“မြစ်ဆုံစီမံကိန်းက လက်ရှိဥက္ကဋ္ဌ ရှီကျင့်ပင် ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ သူရ သီဟ တင်အောင်မြင့်ဦး ၊ သမ္မတဟောင်း ဦးသိန်းစိန် ၊ သူတို့ရဲ့ ရှေ့မှာ လက်မှတ်ထိုးခဲ့တဲ့ ကတိစာချုပ်ဖြစ်တဲ့အတွက် ဒါကို ဆက်လက်လုပ်ဆောင်ဖို့”

ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် ( KBC ) ဥက္ကဋ္ဌ ၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆလမ် ဆမ်ဆွန်နှင့်ဆက်သွယ်မေးမြန်းချက်

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

တရုတ်နိုင်ငံ၊ ယူနန်အစိုးရက ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ကို မတ်လ ၁ ရက်နေ့တွင် လာရောက်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဖိအားပေးခြင်း၊ KIA ကို အစိုးရနှင့် ငြိမ်းချမ်း ရေး လက်မှတ်ရေးထိုးရန် သတိပေးပြောဆိုမှုများ လုပ်ဆောင်ခဲ့ရာ ယင်းသို့ ဖိအားပေး မှု အခြေအနေများနှင့်ပတ်သက်ပြီး KBC ဥက္ကဋ္ဌ ဒေါက်တာဆလမ်ဆမ်ဆွန်ကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ မတ်လ ၁ ရက်နေ့က ယူနန်အစိုးရနဲ့ တွေ့ဆုံဖြစ်တဲ့အကြောင်းအရင်း ဘာတွေလဲ။

ဖြေ ။ ။ ရွှေလီကချင်ရိုးရာမနောပွဲ ပြုလုပ်နေတဲ့အချိန် ၊ သူတို့ကို ယူနန်ဘက်က တာဝန် ပေးခံရ သူဖြစ်ကြောင်း တရုတ်ပြည် ဗဟိုကနေ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ အကြောင်း သူတို့ဘက်က ၃ ယောက် ၊ ကျနော်တို့ဘက် ၃ ယောက် တွေ့ဆုံခဲ့ပါတယ်။

မေး။ ။ အဓိက ဘာတွေကို ဆွေးနွေးဖြစ်သလဲ။

ဖြေ ။ ။ သူတို့ဘက်ကတော့ မြစ်ဆုံကိစ္စ ၊ NCA ၊ IDP ဒီခေါင်းစဉ် (၃) ခု ကို ပြောတယ် ။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သူတို့(တရုတ်) မကြာခင် စမယ်ပေ့ါ။ ကျနော်တို့ကိုလည်း ဒေသခံ ပြည်သူ့လူထု ဆန္ဒကို နည်းနည်း သိပြီးသားဖြစ်တယ်။ ကျနော်တို့ကို တွေ့တိုင်း မြစ်ဆုံ ပြောနေတယ်ဆိုတော့ ကျနော်တို့က ကျနော်တို့ချင်း ပြောလည်း အလုပ်မဖြစ်ဘူး ၊ မြစ်ဆုံက ကျနော်တို့ မြန်မာပြည်တစ်ပြည်လုံး ကန့်ကွက်လို့ ဖြစ်လာတဲ့အတွက်ကြောင့်မို့ မြန်မာ ပြည်သူ လူထုနဲ့ ခင်ဗျားတို့ တွေ့ဆုံဖို့လိုကြောင်း ပြောပြပါတယ်။

မေး။ ။ ဆရာတို့ဘက်က မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ သုံးသပ်ပြောဆိုခဲ့တာ ရှိလဲ။

ဖြေ။ ။ ကျနော်အနေနဲ့ ဒီစစ်တပ် ၊ NLD အစိုးရ ၊ ပြည့်ခိုင်ဖြိုး ( USDP) တို့က မြစ်ဆုံနဲ့ ပတ်သက်ပြီး သူတို့က တိတိကျကျ ( NO ) လို့ ကန့်ကွက်တယ်ပြောတာ တစ်ခါမှ မကြားဖူး သေးပါဘူူး။ လူထုကပဲ ကန့်ကွက်နေကြတာ ဖြစ်နေတယ်ဆိုတော့ ဒါကြီးကို တိတိကျကျ ဆုံးဖြတ်ဖို့က လက်ရှိအစိုးရ ၊ တပ်မတော်က ဒါကကန့်ကွက်တယ်လို့ ပြောရင် ဒီကိစ္စ ပြတ်မယ် လို့ မြင်ပါတယ်။

မေး ။ ။ လက်ရှိ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ဘာတွေ ဖိအားပေး လုပ်ဆောင်တာရှိလဲ။

ဖြေ။ ။ ဒီစီမံကိန်းဒေသမှ ရှိတဲ့ အိမ်ထောင်စုတွေကို CPI ကနေ ထောက်ပံ့မှုတွေ ဆန်တွေ၊ ရိက္ခာတွေပေးတာတော့ ရှိပါတယ်။ ဒါကတော့ သူတို့ အခုထိလည်း ပေးနေတုန်းပဲ။ သူတို့အနေနဲ့ ဒီလှုပ်ရှားမှု ၊ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ရပ်နားမှုတော့ မရှိဘူး။ ပြီးတော့ မြစ်ဆုံ ရောက်ခါနီး တစ်နေရာမှလည်း ပုဒ်မ ၁၄၄ ထုတ်ထားပြီးမှ သူတို့ လုပ်နေ တာတော့ နှစ်ကြာနေပြီ ။ သူတို့ဘက်ကတော့ ဆက်လက်လှုပ်ရှားဖို့တော့ အဆင့်သင့်ဖြစ်နေ တယ်လို သိရတာပေါ့။ အဓိကတော့ သက်ဆိုင်ရာ နိုင်ငံတော်ခေါင်းဆောင်တွေကလည်း ကချင်လူထုဒေသခံတွေ ကန့်ကွက်လို့ ဆိုတဲ့ အဖြေကိုတော့ တရုတ်က အဲ့လိုပဲ ခံယူထားတယ်။ ကျနော်ကလည်း ပြန်ပြောတယ် ၊ ဒေသခံလူထုကြီးပဲ မဟုတ်ဘူး ၊ ဒါတစ်ပြည်လုံး ဖြစ်တယ်လို့ ပြန်ပြောပြတယ်။ ဒါကြောင့်မို့ တရုတ်သံအမတ်ကလည်း ဒေသခံတွေ ကန့်ကွက်မှု မရှိပါဘူးလို့ သူအစီရင်ခံစာမှ ပြန်တွေ့ရတယ်။ ဒီကိစ္စဟာ သူတို့ရဲ့ မဟာစီမံကိန်း ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကတော့ အနှေးအမြန် ၊ ဖိအားနဲ့ ဖြစ်ဖြစ် ၊ စည်းရုံးရေးပဲ ဖြစ်ဖြစ် လုပ်ဖို့ ကျနော်တို့က တွေ့နေရတယ်။ ဒါကြောင့်မို့ သက်ဆိုင်ရာ နိုင်ငံတော် အာဏာရ အဖွဲ့အစည်းတွေ အနေနဲ့ ပြတ်ပြတ်သားသား အဖြေပေးဖို့တော့ လိုတယ်လို့ ထင်မြင်ယူဆမိပါတယ်။

မေး ။ ။ နောက်ထပ် တခြားသော ဖိအားပေးမှုတွေက ဘာတွေရှိသေးလဲ။

ဖြေ။ ။ ကျနော်တို့ ဒေသတွေမှ သွားရေးလာရေး ခက်ခဲတာတွေ ရှိတယ်။ ဒီဘက်မှ နည်းနည်းလှုပ်ရှားပြီ ဆိုရင် နယ်စပ်မှ ဒေသခံတွေ တော်တော်ကိုး ဒုက္ခ ရောက်ပါတယ်။ အဲ့တာမျိုးတွေ ရှိတယ်။ ဒေသခံတွေ သွားလာရင် စိစစ်တွေ များလာတယ်။ နောက်ပြီးတော့ ခွင့်ပြုချက်မရ ၊ ဖမ်းဆီးတာတွေ ရှိတယ်။

မေး ။ ။ မြစ်ဆုံနဲ့ ပတ်သက်ပြီး တရုတ်ဘက်ကကော ဘယ်လို သဘောထားမှတ်ချက်ပြောပြလဲ။

ဖြေ။ ။ သူတို့ကတော့ လက်ရှိဥက္ကဋ္ဌ ရှီကျင့်ပင် ၊ သူက အရင်က ဒု – ဥက္ကဋ္ဌ ဖြစ်တုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ သူရ သီဟ တင်အောင်မြင့်ဦး ၊ သမ္မတဟောင်း ဦးသိန်းစိန် ၊ သူတို့ရဲ့ ရှေ့မှ လက်မှတ်ထိုးခဲ့တဲ့ ကတိစာချုပ်ဖြစ်တဲ့အတွက် ဒါကို ဆက်လက်လုပ်ဆောင်ဖို့ ၊ လက်ရှိသူက ဥက္ကဋ္ဌဖြစ်တော့ ပိုပြီးအကောင်အထည်ဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိတာပေါ့ ။

မေး ။ ။ ဒီမြစ်ဆုံစီမံကိန်းအပေါ် ကချင်လူထုကိုယ်စား ဘယ်ပြောချင်လဲ။

ဖြေ။ ။ ကျနော်တို့ ဒီလက်မှတ်ထိုးတုန်းက ပြည်သူတွေမသိဘဲ လက်မှတ်ထိုးတဲ့ ကိစ္စ ဖြစ် တာမို့ ပြည်သူတွေကို ကောင်းကောင်း တောင်းပန်ရတော့ ပြည်သူတွေက နားလည်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ အစိုးရတွေကလည်း ( YES ) or ( NO ) တိတိ ကျကျ ပေးဖို့လိုပါတယ်။ အခုက ကော်မရှင်မှာ လိုလို ၊ ဒေသခံမှာ လိုလို ၊ ဝေ့လည် ကြောင်ပတ် လုပ်နေတယ်ဆိုတော့ တရုတ်ကလည်း ခေါင်းပူတာပေါ့။ အဲ့ဒီအပေါ်မှာ မဖြစ်ဘူးဆိုလည်း မဖြစ်ဘူး ။ ဖြစ်တယ်ဆိုလည်း ဖြစ် ၊ အခုက ပြည်သူ့တွေရဲ့ အခြေအနေလည်း ပြတ်ပြတ်သားသား အဖြေပေးသင့်တယ်လို ထင်ပါတယ်။

မေး ။ ။ KIA တပ်ဖွဲ့ကို NCA စာချုပ်ထိုးခိုင်းတဲ့ ကိစ္စရော ဘယ်လို ဖိအားပေးလဲ။

ဖြေ။ ။ ကျနော်ထင်မြင်ချက်က သူတို့က KIA ကို NCA လက်မှတ်အမြန်ထိုးခိုင်းစေချင်တယ်။ သူတို့က အစိုးရကိုလည်း ဖိအားပေးတယ်။ KIA ကိုလည်းဖိအားပေးတယ်။ လက်နက်ကိုင် အားလုံးကိုလည်း ဖိအားပေးတယ်။ NCA ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုမှ သူတို့ မတူဘူးဆိုတာ ကျနော်တွေ့ရတာပေါ့။ တရုတ်ရဲ့ NCA က အမြန်ထိုးပြီးမှ သူတို့ ဒေသဖွံ့ဖြိုးရေးကို အမြန် လုပ်ချင်တယ်ဆိုတဲ့ ပန်းတိုင်ရှိတယ်။ ကျနော်တို့ တပ်မတော်ဘက်က NCA ကတော့ NCA အမြန်ထိုးပြီးမှ လက်နက်ဖျက်သိမ်းရေး ကိစ္စတွေကို အမြန်လုပ်ချင်တဲ့အပေါ် မူတည်တယ်။လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ NCA ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ထူထောင်၊ ပေါ်ပေါက်ရေးကို အမြင်ရှိတယ်။ ဒီအမြင်တွေက မတူဘူူး ။ မတူကြတော့ မထိုးဖြစ်ဘူးလို့ အဲဒီလိုပဲ ထင်မြင်ယူဆပါတယ်။

KIA တပ်ဖွဲ့ က ကချင်လူထုကို ကိုယ်စားပြုတယ် ဆိုတာက ကချင်လူထုအားလုံးက ထောက်ခံတယ်။ လူထုအားလုံးကလည်း ငြိမ်းချမ်းရေး ကို အမြန်ဖော်ဆောင်စေချင်တယ်။ ကချင်ဒေသရဲ့ ပြည်နယ်အေးချမ်းမှုကို သူတို့ စွမ်းဆောင်စေချင်တဲ့ ဆန္ဒတွေရှိတော့ ထောက်ခံမှုတွေ ရှိတာပေါ့။

မေး။ ။ တပ်မတော် နှင့် KIA တပ်ဖွဲ့ အကြား ငြိမ်းချမ်းရေးအခြေအနေ…။

ဖြေ။ ။ ကျနော်တို့ ပြည်သူ့လူထုအနေနဲ့ စစ်မှန်တဲ့ တရားမျှတမှု ၊ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ ဦးဆောင်မယ်ဆိုရင် ကျနော်တို့ကဘာမှ ပြောစရာ မရှိပါဘူး။ လက်ရှိ လူထုတွေရဲ့ ခံစားမှုကတော့ တရားမျှတမှု ချို့ယွင်းနေတာ သိရင်တော့ တရားမျှတမှုကို ဖော်ဆောင်ပေးမယ့် အဖွဲ့အစည်းကို ပိုပြီးတော့လိုလားတာပေါ့။

မေး။ ။ လက်ရှိ တရုတ်က ကချင်ပြည်နယ်မှာ ရင်းနှီးမြုပ်နှံမှု အခြေအနေ ဘယ်လို ရှိလဲ။

ဖြေ။ ။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အခု ကျနော်တို့ သိရသလောက် တရုတ်ရဲ့ စီးပွားရေး မှာ လွှမ်းမိုးမှုက တရုတ် အစိုးရရဲ့ စီမံကိန်း မဟုတ်ဘဲနဲ့ တရုတ် တစ်ဦးချင်း ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုက ဆိုးရွားတယ်ဆိုတော့ တရုတ် အစိုးရရဲ့ စီမံကိန်းလည်း အဲဒီလို ဖြစ်မယ်လို့ မြင်တာပေါ့။

တရုတ်တွေကလည်း အဲဒါ ဆင်ခြင်ဖို့ လိုတယ်ဆိုတာ နားလည်သွားကြပါပြီ ။ သူတို့ ဒီမှာ နယ်စပ်ဒေသမှ လုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အစိုးရရဲ့ စီမံကိန်းမဟုတ်ဘဲနဲ့ တသီးပုဂ္ဂလိ ရင်းနှီးမြုပ်နှံမှုက များနေတယ်ဆိုတာကိုး တွေ့ရတယ်။ သူတို့အစိုးရရဲ့ စီမံကိန်း အောင်မြင်ဖို့က သူတို့ ဒါတွေကို ( Action ) အရေးယူဖို့ ရှိမယ်လို့ ယူဆပါတယ်။

လွန့်ခဲ့တဲ့ နှစ်မှ ခြစားမှု ၊ လာဘ်စားမှုတွေ အရေးယူလာတာက အဲဒါတွေပဲ။ တသီးပုဂ္ဂိလရဲ့ ရင်းနှီးမြှုပ်နှံမှုက သိပ်များနေတော့ လာဘ်ပေးတဲ့လူလည်း ဖမ်း ၊ လာဘ်ယူတဲ့လူလည်း ဖမ်းတဲ့ အဆင့်ရောက်သွားတာပေါ့။ တစ်သျူးဌက်ပျေအစ ၊ အားလုံး အားလုံးပဲ ။ စီးပွားရေးမှာ က သူတို့က လာဘ်ပေး ၊ လာဘ်ယူ အရမ်းများတယ်လေ။ အဲဒါတွေကို အရေးယူနေတာ တွေ့ရတယ်။

မေး ။ ။ နောက်ဆုံး ဖြည့်စွက်ပြောပြချင်တာရှိလား။

ဖြေ။ ။ ကျနော် ထပ်မံပြောပြချင်တာက အိမ်နီးချင်း တိုင်းပြည်ဖြစ်တဲ့အတွက်ကြောင့်မို့ ဆက်ဆံပေါင်းသင်းရေးကို ကောင်းမွန်ဖို့က လိုတာပေါ့။ ပေါင်းသင်းဆက်ဆံရေးလည်း မပျက်ရအောင် ၊ ကိုယ်ရဲ့တိုင်းပြည်လည်း မနစ်နာရအောင် ဦးဆောင်တဲ့ ခေါင်းဆောင်တွေရဲ့ တိကျတဲ့ ဆုံးဖြတ်ချက် က အရေးကြီးမယ်လို့ ပြောပြချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com