All News China Watch Local News

မူဆယ် ဆင်ဖြူရပ်တွင် တရုတ်တပ်ဖွဲ့က အလံလာစိုက်ခြင်းမဟုတ်ဘဲ ပုံမှန် ကင်းလှည့်ခြင်းဟုဆို

ရန်ကုန်၊ မတ် ၁၄

တရုတ်- မြန်မာနယ်ပစ် ဆင်ဖြူရပ်တွင် ယနေ့ နံနက်ပိုင်းက တရုတ်နိုင်ငံမှ လုံခြုံရေးအဖွဲ့ဝင်များက အလံလာစိုက်သည် ဆိုသော သတင်းထွက်ပေါ်လာမှုသည် ဟုတ်မှန်ခြင်းမရှိဘဲ တရုတ်ပိုင်သည့် နယ်မြေ အခြမ်းတွင် ပုံမှန် ကင်းလှည့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လူမှုကွန်ရက်စာမျက်နှာတွင် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် တရုတ်လုံခြုံရေးတပ်ဖွဲ့က အလံလာစိုက်သည်ဆိုသော ဓာတ်ပုံများကို တင်ထားပြီး ယင်းသို့ ပျံ့နှံ့မှုကြောင့် အခင်းဖြစ်ပွားရာ နေရာသို့ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ကြောင်း၊ ယင်းသို့ကြည့်ရှုရာတွင် သတင်းဟုတ်မှန်ခြင်းမရှိဘဲ တရုတ်တပ်ဖွဲ့များက ပုံမှန် ကင်းလှည့်ခြင်းသာဖြစ်ကြောင်း မူဆယ်ဒေသခံ ဦးသောင်းထွန်းက ပြောသည်။

“ကျနော် အခုပဲ ဆင်ဖြူရပ်အဲဒီနေရာက ထွက်လာတာ။ အလံစိုက်တယ်ဆိုတာလည်းမဟုတ်ပါဘူး။ အဲဒီနေရာကို တိုင်းတာပြီးတဲ့အခါမှာ နေ့စဉ် လမ်းလျှောက်ပါတယ်။ တာဝန်ကျအဖွဲ့က လမ်းတော့ လျှောက်တယ်။ အခုပဲ သွားကြည့်တာ အလံစိုက်တယ်ဆိုလို့လေ။ အခု အဲဒီနေရာမှာ မူးယစ်ဆေးဝါး သမားတွေပဲ အိပ်နေကြပဲ။ သူတို့ လမ်းလျှောက်ရင်းနဲ့ အလံကိုင်သွားတဲ့ပုံတွေလားမသိဘူး။ တိုင်းတာလိုက်တဲ့အခါကျတော့ အဲဒီနေရာက တရုတ်ပိုင်နေရာဖြစ်တယ်။ မြေပုံတော့ ထုတ်မပြဘူး။ ဓမ္မာရုံကလည်း လွတ်တယ်။ မီးသတ်ရုံးကလည်း လွတ်တယ်။ မလွတ်တာက စည်ပင်ကနေ ဆောက်တဲ့ အဆောက် အအုံက မလွတ်လို့ အဲဒါကို ဖျက်လိုက်တယ်။ ပြဿနာတက်တယ်လို့ပြောလို့မရဘူး။ သူတို့ဘက်ခြမ်းကို နေ့တိုင်း ကင်းလှည့်တာ။ ဘာမှ ထိတွေ့မှုလည်း မရှိဘူး။ သူတို့ဟာသူတို့ ပုံမှန် ကင်းလှည့်တာတဲ့။ အဲဒါကို ဘာလို့အဲလိုတင်လိုက်လဲမသိဘူးတဲ့။ ကင်းအဖွဲ့ နှစ်ယောက်နဲ့တော ကျနော် စကားပြောပြီးပြီ။ အမှတ်အသားက အတိအကျအမှတ်အသားတော့ မရှိဘူး။ ကျောက်တုံးကြီးတစ်တုံးကို တရုတ်- မြန်မာ ချစ်ကြည်ရေး ရေးထားတယ်။ နောက်တစ်ခါ တော်ဝင်အုန်း ခေါ်မလား အုန်းပင်တွေ သူတို့စိုက်ထားတာ။ အဲဒါ သူတို့ပိုင်တယ်။ အရင်ကတည်းက အမှတ်အသားရှိတယ် ပြောတယ်။ ကျနော်ရေမြောင်းအပြည့်သူတို့ပိုင်တယ်။ ရေမြောင်းရဲ့ ဒီဘက် ၁၀ ပေ၊ ၈ ပေလောက်လည်း သူတို့ပိုင်တယ်လို့ပြောတယ်။ တိုင်းတာသတ်မှတ်တယ်လို့ ပြောတယ်။ တိုင်းတာက ကြာပြီ။ နှစ်နိုင်ငံ လူကြီးတွေ လာပြီး တိုင်းသွားတာကြာပြီ။ သူတို့ဘာသာ သူတို့ ကင်းလှည့်တာကို ပြဿနာတက်တယ်ဆိုပြီး တင်တာပါတဲ့။ ထိတွေ့မှုလည်းမရှိပါဘူး” ဟု မူဆယ်ဒေသခံ ဦးသောင်းထွန်းကပြောသည်။

တရုတ်နှင့်မြန်မာနိုင်ငံအကြားတွင် နယ်မြေကိစ္စအငြင်းပွားမှု ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး မြန်မာဘက်ခြမ်းက ဈေးစည်ပင်ရုံတည်ဆောက်မှုကြောင့် နှစ်ဖက် တင်းမာမှုဖြစ်ပွားခဲ့ကာ နှစ်နိုင်ငံ အစိုးရ အကြား နယ်မြေတိုင်းတာခြင်းနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်တွင် ပျံ့နှံ့ နေသော တရုတ်တပ်ဖွဲ့က အလံလာစိုက်သည်ဆိုသော ဓာတ်ပုံများ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com