All News Local News Peace

မန်လီရွာသား ၁၀ ဦး ပျောက်ဆုံးမှု RCSS စိစစ်နေဟုဆို

ရန်ကုန်၊ မတ် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် အတွင်းတွင်ရှိသည့် မန်လီကျေးရွာသား ၁၀ ဦး ပျောက်ဆုံးမှုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ပြန်လည် စိစစ်နေကြောင်း RCSS မှ ဗိုလ်မှူးကြီးစိုင်းဝင်းက ပြောသည်။

RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့တို့ မတ်လဆန်းပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင် မန်လီရွာသား ၁၀ ဦး ပျောက်ဆုံးနေပြီး ပျောက်ဆုံး ရွာသား ၁၀ ဦး နှင့်ပတ်သက်၍ သတင်း အချက် အလက် များ စိစစ်နေကြောင်း ဗိုလ်မှူးကြီးစိုင်းဝင်းက ပြောသည်။

“ ဒီဘက်က နှစ်ဖွဲ့စလုံး တွေ့ဆုံဆွေးနွေးဖို့ လုပ်ငန်းစဉ်တွေ စပြီးဆိုတော့ အောက်ခြေမှာ သူသူ ၊ ငါငါ ကိုယ်ကိုယ်ထိန်းကြပေါ့။ ပစ်တာ ၊ ခတ်တာ မရှိအောင် ၊ နယ်ခံလူထုတွေ ထိခိုက်မှု မရှိရလေအောင် ရှောင့်ရှားပါလို အကြမ်းဖျဉ်းပြောဆိုထားတာရှိပါတယ်။ အခု လောလောဆယ် အောက်ဘက် က အစီရင်ခံစာ တက်မလာသေးတော့ ဂဃနက မသိရ သေးဘူး။ ကျနော်တို့ သတင်းထဲမှာပဲ ကြားနေတယ်ဆိုတော့ ဒီကိစ္စကို စိစစ်နေတယ် “ ဟု ဗိုလ်မှူးကြီး စိုင်းဝင်းက ဆိုသည်။

မတ်လ ၁ ရက်နေ့ နှင့်၂ ရက်နေ့ သီပေါ-နမ္မတူ လမ်းပိုင်း မန်လီရွာတွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဒေသခံ ရွာသား ၁၀ ဦးပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးသူများ၏ အမည်စာရင်းကို မိသားစုဝင်များက နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ပေးပို့ထားကြောင်း သိရှိရသည်။

“ ဟိုဘက်ပဲဖြစ်ဖြစ် ၊ဒီဘက်ပဲဖြစ်ဖြစ် တွေ့လိုရှိရင် ရွာသားတွေကို ကျနော်တို့ဘက်ကတော့ ပြန်လွှဲအပ် ပေးမှာ ဖြစ်တယ်။ ပြန်လည်ပို့ဆောင်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အခုလောလော ဆယ်တော့ ဘာမှန်း ညာမှန်းမသိသေးဘူးပေါ့။ မြေပြင်မှ ဖြစ်နေတဲ့ အနေအထားကို ကျနော် တို့ဘက်က သေချာ မသိသေးဘူး။ အဲဒါ စိစစ်နေတုန်း ၊ အကယ်၍ ဖြစ်တယ် ဆိုရင်လည်း သက်ဆိုင်တဲ့ဌာနေထံ ပြန်လည်ပို့ပေးဖို့ ရှိပါတယ်။ ဟိုဘက်ကော ၊ ဒီဘက်ကော ၊ အခုက ဘယ်သူဘယ်ဝါမှန်း မသိသေးတာ “ဗိုလ်မှူးကြီးစိုင်းဝင်းက ရှင်းပြသည်။

TNLA ကမူ မန်လီကျေးရွာသား ၁၀ဦးကို ၎င်းတို့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားခြင်းမရှိဟု RFA သတင်းဌာနသို့ ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com