interview political news

“မတရားအသင်းပုဒ်မ ၁၇ (၁)နဲ့ အဖမ်းခံရမှာ စိုးရိမ်တာနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အကုန်လုံး က နုတ်ထွက်ကြတာ”

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

နုတ်ထွက်သွားသည့် မြောက်ဦး၊ တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်နှင့် ဆက်သွယ်မေးမြန်းချက်

မြောက်ဦးမြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၉၀ ဦး ယနေ့ နုတ်ထွက်လွှာ တင်သွင်းလိုက်ပြီး အဓိကအားဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း သိရှိရသည်။ နုတ်ထွက်သွားသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည် တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မြောက်ဦးမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၉၀ ဦး နုတ်ထွက်တဲ့အထဲမှာ တစ်ဦး အပါအဝင် ဖြစ်တော့ ဘာကြောင့် နုတ်ထွက်တာပါလဲ။

ဖြေ။ ။ အဓိက ထွက်ဖြစ်တာက မနေ့က ဖြစ်စဉ်နဲ့ ပတ်သက်တာပါ။ မနေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး တွေ လစဉ်ပြုလုပ်နေကြ ပုံမှန်အစည်းအဝေးပွဲမှာ ခေတ္တ – မြို့နယ်မှူးကနေ ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ခွင့်ပြုချက်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို အပြင်ကို ခေါ်ထုတ်သွားတယ်။ ပြီးတော့ ဒါ ဘာကြောင့် ခေါ်သွားတယ်ဆိုတာကို ကျနော်တို့ မြို့နယ်ဦးစီးမှူးကိုလည်း သူတို့ ပြောမသွားဘူး။ ခွင့်ပြုချက်တောင်းထားတာ ၊ ဘာညာမရှိဘူး လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောတယ်။

ဒီလိုဆိုတော့ ကျနော်တို့က အစည်းအဝေးပြီးတဲ့အခါ အဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးက ပြန်ပြီး ရောက်မလာတဲ့အခါ စုံစမ်းကြည့်တော့အခါ အချုပ်ထဲ ရောက်နေတယ်လို ကြားရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့က သေချာ ၊မသေချာ ၊ ရဲစခန်းကို သွားကြည့်တဲ့အခါ ဘယ်သူမှ လက်ခံပြီး ဖြေကြားမယ်သူ မရှိဘူး ။ဟိုဘက်ပုတ် ၊ ဒီဘက်ပုတ် လုပ်ကြတာပေါ့။ နောက်ဆုံး တော့ ဒီစခန်းရဲ့တာဝန်ခံမှူးကို မေးကြည့်တော့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ယောက် ရှိလား လို့မေးတော့ သူက ရှိတယ်တဲ့ ဖြေလိုက်တော့ ဒါဟာ သူတို့ကို ဖမ်းတယ်ဆိုတာ အတည် ပြု တာပါ။

မေး ။ ။ လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး သတင်း ဘာများကြားသိရသေးလဲ။

ဖြေ။ ။ လက်ရှိတော့ သူတို့ကို ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံတယ်လို့ မနေ့ကမှ သိရတာပါ။

မေး။ ။ အခုလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အပေါ် သဘောထားအမြင်က ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော်တို့ ဒီအပေါ်မှာ နားလည်ထားတာက ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အရေးယူသည့်ဖြစ်စေ ၊ စစ်ဆေးစရာရှိသည့်ဖြစ်စေ ၊ ကျနော်တို့က ဒါက ဥပဒေ လုပ်ထုံး လုပ်နည်း အရလို့ ခံယူပါတယ်။ ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြား မယ်။ စစ်ဆေးမယ်ဆိုရင်တောင် မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီးရင်မှ ကျေးရွာ အုပ်ချုပ် ရေးမှူးတွေကို စစ်ဆေးခွင့် ရှိတယ်။ တကယ်လို့ စစ်ဆေးလို့ အမှုပေါ်ပေါက်ရင် ထပ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို သူတို့က ခွင့်ပြုချက် ယူသင့်တယ်လို့ ထင်တယ်။ အခုကျ တော့ ကျနော် တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အစည်းအဝေး ကျင်းပနေတဲ့ ခန်းမထဲမှတောင် သူတို့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံရတာပါ။ ဘယ်လို့ပြောရမလဲဆိုတော့ ကြက်ကလေး တစ်ကောင်ကို လှောင်ထားသလို၊ တစ်နေ့တစ်ကောင်သတ်စားသလို ၊ ကြက် ကို လှောင်ပြီး ဒီနေ့တစ်ကောင် ၊ မနက်ဖြန်တစ်ကောင် သတ်စားသလို ဆွဲထုတ်ပြီး ဖမ်းသွား တာက သိပ်ပြီး ရုပ်ဆိုးအကျည်းတန်လှတယ်လို ယူဆပါတယ်။

မနေ့ကဖြစ်စဉ်ဟာဆိုရင် ဘာအကြောင်းမှ မရှိဘဲ လုပ်ထုံးလုပ်နည်း အရ မဟုတ်ဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဒီအတိုင်းသာ ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတော့ ကျနော်တို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက မိမိကျေးရွာ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတယ်။ ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒေသခံပြည်သူ့တွေကို သူတို့က အုပ်ချုပ် ဖို့နေသာသာ ကိုယ် ကိုယ်တိုင် လုံခြုံမှုမရှိတဲ့နေရာကို ရောက်နေတာပါ ။ ညတောင် ကောင်းကောင်းမအိပ်ရဲတဲ့ အဆင့်မှာ တောင် ရှိတယ်။ဒါနဲ့ ပတ်သက်ပြီး ဒီကျေးရွာအုပ်ချုပ်ရေးမှူး ရဲ့တာဝန်ကို ထမ်းဆောင်မယ်ဆိုရင် မတရားအသင်းပုဒ်မ ၁၇ (၁)နဲ့ အဖမ်းခံရမှာ စိုးရိမ်တာနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အကုန်လုံးက နုတ်ထွက်ကြတာ။

မေး။ ။ နောက်ဆုံး ဘာများ ဖြည့်စွက်ပြောပြချင်တာရှိလဲ။

ဖြေ။ ။ တခြားသော သိပ်ပြောစရာမရှိပါဘူး။ ကျနော်တို့က အခု ရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးအကုန်လုံးဟာ အာဏာပါဝါတွေမက်ပြီး လစာတွေမက်ပြီး လုပ်ကြတဲ့ အုပ်ချုပ်ရေးမှူး တွေ ဘယ်သူမှ မပါဘူးလို့ ကျနော်က ထင်တာပဲ။ ကျနော်တို့က မိမိဒေသ ဖွံဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး လုပ်ကြတဲ့ အုပ်ချုပ်ရေးမှူးတွေပါ။ အခုလိုဖြစ်စဉ်မှာ လုံ့ခြုံမှု တွေ မရှိဘူး ။ ကျနော်တို့အထက်ကလူတွေက ကျနော်တို့ကို မကာကွယ်မပေးနိုင်ရင် ကျနော်တို့ကို ဘယ်သူက ကာကွယ်ပေးနိုင်မလဲ။ ကျနော်တို့ မိဘတွေကိုတောင် ဒီအစိုးရ အဖွဲ့ဆိုတာ ကျနော်တို့အထက် ၊ ကျနော်တို့ အုပ်ချုပ်သူတွေ ဖြစ်တယ်။ သူတို့ကိုယ်တိုင် ကျနော်တို့ကို ဘာတစ်ခုမှ မကာကွယ်ပေးနိုင်ဆိုရင် ကျနော်တို့အနေနဲ့ သိပ်ပြီးလုံခြုံမှုမရှိဘူးလို့ ခံစားရတယ် ၊ တာဝန်ယူမှု ၊ တာဝန်ခံမှု မရှိဘူူး။ ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူး တွေဆိုတာဟာ အလကားသပ်သပ် ဖွဲ့စည်းထားသလို ဖြစ်နေတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com