Local News Peace political news

ဗျူဟာမှူး ယာယီအခြေစိုက်စခန်းကို သိမ်းပိုက်ပြီး စစ်သား ၁၁ ဦးကို လက်နက် ခဲယမ်းများနှင့်အတူ ဖမ်းမိဟု AA သတင်းထုတ်ပြန်

ရန်ကုန်၊ မတ် ၁၁

AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က တပ်မတော်ဗျူဟာမှူး ယာယီ အခြေစိုက်စစ်စခန်းတစ်ခုကို သိမ်းပိုက်ပြီး စစ်သား ၁၁ ဦးကို သုံ့ပန်းအဖြစ် စစ်သုံးပစ္စည်းများ ၊ ကားများနှင့်အတူ ဖမ်းဆီး ရမိကြောင်း ကြေညာချက် ထုတ်ပြန်သည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၉) ရက်နေ့တွင်၊ ယခင်နေ့ရက်များ၌ တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေခဲ့သော ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ၊ ပြန်ဆိုရွာ တောင်ဖက် ၅ ဒသမ ၅ ကီလိုမီတာတွင် ဂွအခြေစိုက် ခြေမြန်တပ်ရင်း ၅၆၃ နှင့်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မတ်လ ၉ ရက်နေ့၊နေ့လည် ၁ နာရီခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ နေ့လယ် (၂) နာရီအချိန်တွင် တပ်မတော် ရဟတ်ယာဉ်၂ စီးသည် စက်သေနတ်၊ ရော့ကတ် လောင်ချာ များဖြင့်မိနစ်(၂၅) မိနစ်ခန့်ကြာလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်အထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် တပ်မတော်ဗျူဟာမှူး အခြေစိုက်စခန်းကို ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ကြေညာသည်။

AA ၏ ထုတ်ပြန်ချက်အရ ၈၁ မမပြောင်းရှည် (၁) လက်၊ ၈၁ မမ ဗုံးသီး (၁၄)လုံး၊ ၆၀ မမ ပြောင်းရှည် ချိန်ခွင်ပါ အစုံ(၂) လက်၊ ၆၀ မမ ဗုံးသီး (၂၀) လုံး၊ ၆၀ မမ ပို့ယမ်းထုပ် (၂၃၁) ထုပ်၊ RPG-7ဗုံးသီး(၂၇) လုံး၊ RPG-7ပို့ကျည် (၁၃) ခု၊ BA-100 ဗုံးသီး (၁၆) လုံး၊ MA-1 (၃) လက်၊ MA-2 (၂) လက်၊ MA-3 (၃) လက် အပါအဝင် လက်နက်ခဲယမ်းများ ၊စစ်သုံးပစ္စည်းများ၊ Backhoe မြေတူးကား (၁၆) စီး၊ Toyota ကား (၁) စီး၊ ကျောက်တင်ကား (၁) စီးတို့ကို စစ်သား ၁၁ ဦးနှင့်အတူ ဖမ်းဆီး ရမိကြောင်း ကြေညာသည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com