All News Local News

နေပြည်တော်မှာ တေးရေးကမ္ဘာအသတ်ခံရမှု ရဲတပ်ဖွဲ့ စုံစမ်းနေ၊ ထိုးသွင်းဒဏ်ရာ၊ ထိုးကြိတ်ဒဏ်ရာဖြင့် လမ်းမပေါ်တွင် လဲလျက် သေဆုံးနေ

ရန်ကုန်၊ မတ် ၄

နေပြည်တော် ပုဗ္ဗသီရိမြီု့နယ်၊ မင်္ဂလာဒီကရပ်ကွက်၊ သီရိမဏ္ဍိုင်လမ်းမကြီးပေါ်တွင် ထိုးသွင်းဒဏ်ရာဖြင့် လဲနေသော တေးရေးကမ္ဘာ(ခေါ်) ဖေကမ္ဘာငြိမ်းချမ်းကို ယနေ့နံနက်ပိုင်း တွေ့ရှိခဲ့ပြီး အသတ်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောသည်။

အဆိုတော်ဂျီလတ်၏ ညီလည်းဖြစ်သူ တေးရေးကမ္ဘာ အသတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုရဲစခန်းက အမှုဖွင့်ထားပြီး အသတ်ခံရမှုနှင့်ပတ်သက်၍ အသေးစိတ် စုံစမ်းမှုများ စတင်နေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရှိရသည်။

တေးရေးကမ္ဘာ၏ အလောင်းကို နေပြည်တော်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သူ သဗ္ဗသုခ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုသည်။

“ကျနော့်ကို ဖုန်းဆက်တာတော့ ပုဗ္ဗသီရီက မြို့နယ်မှူးနဲ့ စခန်းမှူး ဖုန်းဆက်ပြီးတော့ ဝိုင်းလုပ်ပေးဖို့ အကူညီတောင်းလို့ အသင်းအနေနဲ့ သွားလိုက်တာပါ။ အဲဒီမှာ ဒီကောင်လေးက မနက်ပိုင်း အရုဏ်ပိုင်း ဖြစ်ထားတာတွေ့ရတာ။ ကျနော်တို့ သိရသလောက် ၊ မြင်ရသလောက် ပြောရရင် ဘယ်ဘက်စောင်း ခါးနားမှာ ထိုးသွင်းဒဏ်ရာမျိုး တစ်ချက်တွေ့တယ်။ အဲဒီဒဏ်ရာက ဆောက်လို အဲဒီလိုအရာမျိုးနဲ့ ထိုးထားတာ ဖြစ်မယ်။ အပေါက်က ခံတဲလုံးဝန်းကျင်လောက် ရှိတယ်။ သူက အဲဒီလမ်းပေါ်မှာ သွေးက အရမ်းများအောင် ကျနေတယ်။ သွေးထွက်တဲ့အပေါက်က အဲဒီအပေါက်ကလေး တစ်ပေါက်ပဲ ရှိတယ်။ ကျနော်တို့ သေချာစစ်ဆေးရသလောက်တော့၊ ကျနော်တို့ ရောက်တဲ့အချိန် သူက ဆုံးနေပြီ။ ဆုံးတဲ့အချိန် မှန်းရင်တော့ အာရုဏ်တက်ပိုင်းအချိန်လောက်ဖြစ်မယ်လို့ မှန်းထားတယ်။ အလောင်းကို ရင်ခွဲရုံ ပို့ပေးတာပဲရှိတယ်။ သူတို့ဘာသာသူတို့ ကျန်တာတွေတော့ မှုခင်းဆရာဝန်ကြီးတွေ ထပ်စစ်ဆေးပါတယ်” ဟု သဗ္ဗသုခ နာရေးကူညီမှုအသင်း တာဝန်ရှိသူက ဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com