All News Local News

ဒေါ်အောင်ဆန်းစုကြည်၏ မုံရွာခရီးစဉ် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးခြင်းမရှိ

ရန်ကုန်၊ မတ် ၂

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မတ်လအတွင်း စစ်ကိုင်း တိုင်း၊ မုံရွာသို့ လာရောက်ရန်ရှိနေသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသော် လည်း NLD လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ခရီးစဉ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ အသိ ပေးခြင်းမရှိဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က “ကျမတို့ကိုတော့ အသိပေးတာတော့ မရှိဘူး။ အခုကြားနေရတာက ကျမတို့ ခေါင်းဆောင်က မတ်လ ၁၃ ရက် လာမယ်လို့ ကြားသလို မတ်လဆန်းလာမယ်လည်းကြားနေတယ်။ ဘယ်သူကမှလည်း ကျမတို့ကို အသိပေးတာတော့မရှိဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သွားရောက်သည့် ဒေသများတွင် ပြည်သူနှင့်တွေ့ဆုံပွဲများ ပြုလုပ်လျက်ရှိရာ ယင်းသို့ တွေ့ဆုံပွဲများတွင် အခက်အခဲများကို ထုတ်ဖော်တင်ပြ ခြင်းဖြင့် ပြေလည်မှုများရရှိနေရာ စစ်ကိုင်းတိုင်းမှ ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မျှော်လင့်နေကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်ကလည်း “စစ်ကိုင်း တိုင်းဒေသကြီးအစိုးရ အလုပ်လုပ်ဖို့လိုတယ်။ ကျနော့် မဲဆန္ဒနယ် ဆားလင်းကြီးကိုတော့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တစ်ခါမှ လာတာမရှိဘူး။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာ ကျနော်တို့ ဘာမှ မသိဘူး။ အသိပေးခြင်းလည်းမရှိဘူး” ဟု ပြောဆိုသည်။

လက်ပံတောင်းတောင် ဒေသခံ တချို့၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် လာရောက်ရန်ရှိနေသည့်အတွက် တရုတ်ဝမ်ပေါင်ကုမ္ဗဏီသည် အလုပ်သမားများကို အနားပေးပြီး လုပ်ငန်းခွင် ပြင်ဆင်မှုများရှိနေကြောင်း သိရှိရသည်။ သို့သော် တရုတ်ဝမ်ပေါင် ကုမ္ဗဏီဘက်ကို ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts