All News Local News

ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲ လက်ပံတောင်း၊ စံပယ်တောင်၊ ကြေးစင်တောင်ဒေသခံများ တက်ခွင့် ပိတ်ပင်ခံရ

ရန်ကုန်၊ မတ် ၇

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်လူထုတွေ့ဆုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မတ်လ ၈ ရက်နေ့တွင် ကျင်းပပြု လုပ်မည်ဖြစ်ပြီး လက်ပံတောင်းတောင်ဒေသခံများ၊ စံပယ်တောင်နှင့် ကြေးစင် တောင် ဒေသခံများ တက်ခွင့်မရဘဲ ပိတ်ပင်ခံထားရကြောင်း သိရှိရသည်။

“မနက်ဖြန်လုပ်မယ့်ပွဲမှာ မုံရွာမြို့ပေါ်က လူတွေပဲ တက်ခွင့်ရမယ်။ ၁ ရပ်ကွက်ကို လူ ၁၀ဦးနှုန်းနဲ့ ရပ်ကွက် ၃၁ ခုအတွက် လူဦးရေ ၃၁၀ ဦး တက်ခွင့်ရမယ်။ အခြား ဆားလင်းကြီးမြို့နယ်တို့ အခြားမြို့နယ်တို့ ဘယ်သူမှ တက်ခွင့်မရဘူး။ လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင် ဒေသခံတွေဘယ်သူမှ တက်ခွင့်မရဘူး။ ကျနော်တို့လည်း စည်ပင်ဝန်ကြီးကိုလည်း မေးတယ်။ မုံရွာက လွဲရင် အခြားနေရာတွေက လူတွေကို တက်ခွင့်မပြုဘူးတဲ့” ဟု ရပ်ရွာအရေး တက်ကြွလှုပ်ရှားသူဦတင့်အောင်စိုးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲတွင် လက်ပံတောင်းဒေသခံများ၊ စံပယ်တောင်နှင့်ကြေးစင်တောင် ဒေသခံများက ကြုံတွေ့နေရသည့် ဆိုးရွား သော အခြေအနေများကို တင်ပြရန် ရည်ရွယ်ခဲ့သော်လည်း ယခုလက်ရှိ အခြေအနေတွင် တင်ပြခွင့် ဆုံးရှုံးသွားပြီဖြစ်သည်။

“အပြင်ကနေပဲ ဆိုင်းဘုတ်တွေကိုင်ပြီး ကိုယ့်ဆန္ဒကို ပြောရုံပဲရှိတော့တယ်။ တင်ပြခွင့်ကတော့ ဆုံးရှုံးသွားတာပေါ့။ တကယ်တော့ ဒီဘက်တွေမှာ မြေယာ သိမ်းယူမှု ကိစ္စတွေ၊ အက်ဆစ်တွေကြောင့် လူတွေ ဒုက္ခရောက်နေတာတွေ ဘာမှ မတင်ပြနိုင်တော့ဘူး” ဟု ဦးတင့်အောင်စိုးက ပြောသည်။

ဝက်မှေးကျေးရွာမှ မဖြူဖြူဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရှိရန် မုံရွာမြို့ ပေါ်သို့ သွားရောက်မည်ဖြစ်သော်လည်း တွေ့ခွင့်မရပါက တိုင်စာပေးမည်ဖြစ်ကြောင်း၊ လတ်တလော တွေ့ခွင့်မရဟု သိရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com