All News Local News

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် နောက်ထပ်စတေးရသူ မရှိရေး ကြိုးပမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရန်ကုန်၊ မတ် ၁၃

မြန်မာနိုင်ငံသည် ခိုင်မာသော ဒီမိုကရေစီကို မတည်ဆောက်နိုင်သေးသည့်တိုင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ဒီမိုကရေစီ ခရီး ကြမ်း တစ်လျှောက် ပေးဆပ်သူများ၏ စွန့်လွှတ်မှုများကို လေးစား တန်ဖိုးထားသင်ခန်း စာရ ယူ၍ နောက်ထပ်စတေးရသူများ မရှိနိုင်တော့သည့် အခြေအနေ ရောက်ရှိစေရန် ကြိုးပမ်း ကြရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

၁၉၈၈ ခုနှစ် ၊ မတ်လ ၁၃ ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံခြင်း ၃၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရခြင်းသည် တစ်ပါတီအာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ပြီး လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရေစီခရီးလမ်းကို စတင်လျှောက်လှမ်းကြရန် ပြည်သူလူထုတစ်ရပ်လုံးကို တပ်လှန့်နှိုးဆော်လိုက်သည့် သမိုင်းစာမျက်နှာတစ်ကွက် ဖြစ်ကြောင်း၊ ဒီမိုကရေစီသို့ချီရာ ခရီးကြမ်းတစ်လျှောက်တွင် လူသိထင်ရှားဖြစ်စေ၊ လူမသိ၊ သူမသိဖြစ်စေ စတေးပေးဆပ်ခဲ့ကြသော ပေးဆပ်နေဆဲဖြစ်သော သူ အများအပြားတို့၏ ကြီးမြတ်သော တန်ဖိုးတို့ကိုလည်း အမှတ်တရဖြစ်စေကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်သူပြည်သားများ၏ အိပ်မက်ဖြစ်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဖြစ်မြောက်စေရန် ပြည်သူနှင့်အတူ စုပေါင်းအင်အားဖြင့် စိန်ခေါ်မှု၊ အခက်အခဲ၊ အတားအဆီးပေါင်းများစွာကို ဆက်လက် ကျော်လွှားဖြတ်သန်းရဦးမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်က် ၁၉၈၈ မတ်လ ၁၃ ရက်နေ့တွင် အရပ်သားနှင့် ကျောင်းသားများ ပြသနာကို အစပြု၍ ပေါ်ပေါက်လာသော ကျောင်းသား လှုပ်ရှား ဆန္ဒပြမှု များကို အာဏာပိုင်များက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ရာမှ ကိုဖုန်းမော်နှင့် ကိုစိုးနိုင် တို့ ကျဆုံးခဲ့ရခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com