All News interview

“ဒီစာချုပ်စာတမ်းတွေက မတရားဘူးဆိုလို့ရှိရင် သူတို့ လူထုအားနဲ့ ဖျက်သိမ်းပေးရမှာ”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

MATA ရှမ်းပြည်အဖွဲ့ခွဲ တာဝန်ခံနှင့် နေပြည်တော်ရုံးတာဝန်ခံ ဦးအောင်ကျော်မိုး နှင့်တွေ့ဆုံခြင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ၂၀၀၁ ခုနှစ်၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက် ရေးကောင်စီ (နဝတ) အစိုးရ လက်ထက်တွင် စတင်အကောင် အထည်ဖော်ခဲ့ သည်။

တရုတ်နိုင်ငံ အမျိုးသားအကြီးစား စက်မှု လုပ်ငန်းကော်ပိုရေးရှင်း ကုမ္ပဏီ (China National Heavy Machinery Corporation-CHMC) က ၂၀၀၄ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စက်ပျက်ခြင်း၊ နည်းပညာအားနည်းခြင်း ၊ ဒေသခံပြည်သူ များက ရပ်ဆိုင်း ရန် တောင်းဆိုခြင်းများကြောင့် ခေတ္တရပ်နားခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့ တွင် ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ Wuxi Huanggaung Electric Power Engineering ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူ စာချုပ် ကို လက်မှတ်ရေး ထိုးခဲ့ကြသည်။

အဆိုပါစက်ရုံစတင်တည်ဆောက်ချိန်မှစ၍ ပြည်တွင်း ကုမ္ဗဏီများလည်း ပါဝင်ပတ်သက်ခဲ့ကြပြီး လက်ရှိအချိန်ဧဒင်ကုမ္ဗဏီက ပါဝင် ပတ်သက်နေဆဲဖြစ်သည်။ တီကျစ် ကျောက်မီးသွေးစက်ရုံကြောင့် ဒေသခံ ပြည်သူတို့၏ ဘဝများ အဆိပ်သင့်နေပုံများနှင့်ပတ်သက်ပြီး MATA နေပြည်တော်ရုံးတာဝန်ခံ ဦးအောင်ကျော်မိုးကို တွေ့ဆုံ မေးမြန်းထားပါသည်။

မေး ။ ။ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးကြောင့်မို့လို့ ကြီးကြီးမားမား လူထုကိုထိခိုက်တဲ့ စက်ရုံဆိုလို့ရှိရင် တီကျစ်က ပြောလို့ရလား။

ဖြေ ။ ။ ဟုတ်ကဲ့ တီကျစ်က ပြောလို့ရပါတယ်။ အဓိကက တီကျစ်အကြောင်းကို ကျနော်တို့ စပြောမယ်ဆိုလို့ရှိရင် ၂၀၀၄ ခုနှစ်ကနေမှ ပြန်စပြောရလိမ့်မယ်။ ၂၀၀၄ ခုနှစ်လောက်မှာတီကျစ်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံနဲ့ ပတ်သက်ပြီးတော့မှ စစ်တပ်ကနေ ပါဝင်ပတ်သက်တယ်၊ ပြီးရင် ပတ္တမြားနဂါးတို့၊ ကမ္ဘောဇတို့ ကုမ္ပဏီတော်တော်များများ ပါဝင်ပတ်သက်ပါတယ်။
ပတ်သက်ပြီးတော့မှ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ဆောက်ခဲ့တယ်။ တည်ဆောက်ခဲ့တဲ့အချိန်မှာ သူတို့ မူလရည်မှန်းချက်ကတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက တာဘိုင် ၂ လုံးရှိပါတယ်။

တာဘိုင် ၁ လုံးကို သူက မဂ္ဂါဝပ် ၆၀ ထွက်မယ်ဆိုပြီးတော့ တာဘိုင် ၂ လုံး မဂ္ဂါဝပ် ၁၂၀ ထုတ်မယ်ဆိုပြီး ပထမရည်မှန်းခဲ့ပါတယ်။ နောက်ပြီးတော့ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအတွက် ကျောက်မီးသွေးကိုကျတော့ အဲဒီဒေသမှာရှိတဲ့ ကျောက်မီးသွေးက ၂၀ ဒသမ ၂၀ မီလီယံ တန်ချိန်ထွက်မယ်ဆိုတဲ့ မြေပေါ်တိုင်းတာချက်အရ အဲဒီနေရာမှာ ကျောက်မီးသွေးမိုင်းကို တူးပါတယ်။ အဲဒီတူးတဲ့ကုမ္ပဏီက ဧဒင်စွမ်းအင်ကုမ္ပဏီ။ ဧဒင်စွမ်းအင်ကုမ္ပဏီက တူးတဲ့ ကျောက်မီးသွေးကို တီကျစ်ဓာတ်အားပေးစက်ရုံ သွင်းတာပေါ့။

ဒါပေမယ့် ကျောက်မီးသွေး အရည် အသွေးက တော်တော်ညံ့ဖျင်းတဲ့ ကျောက်မီးသွေး ဖြစ်တယ်။ ဖြစ်တဲ့အခါမှာ လိုချင်တဲ့စွမ်းအင်က မရဘူး။ တာဘိုင် ၂ လုံးက ၁ လုံးကိုမှ ၁၅ မဂ္ဂါဝပ်လောက်ပဲ ထွက်တယ်။ မဂ္ဂါဝပ်နှစ်ခုပေါင်းမှ ၃၀ လောက်ပဲထွက်တယ်။ နောက်ပိုင်းကျမှ မဂ္ဂါဝပ်လျော့သွားပြီးတော့မှ ၂၀ လောက်ပဲ ထွက်တယ်လို့ သိရတယ်။ သိရတဲ့အချိန်မှာ ငွေကြေး စီးပွားရေးအရ မကိုက်ကြဘူး။ မကိုက်ကြတဲ့အချိန်မှာ ရှယ်ယာရှင်တွေက နုတ်ထွက်သွားတယ်ဆိုတာတော့ အထောက်အထားတော့မရှိဘူး။ ဒါပေမယ့် အဲဒီဥစ္စာ သိရတယ်။

အဓိကကတော့ စက်ရုံစဆောက်ကတည်းကိုက ကျနော်တို့ တရုတ်နည်းပညာ နဲ့ဆောက်တယ်။ ပြီးလို့ရှိရင် ခေါင်းတိုင်အမြင့်တွေကအစ နည်းပညာပိုင်းဆိုင်ရာ မှားယွင်းမှုတွေ အများကြီးရှိပါတယ်။ အခု ခေါင်းတိုင်ဆိုလို့ရှိရင် ၁၆၈ ပေ လောက်ပဲရှိတယ်။ တကယ်တမ်းရှိရမှာက မီတာ ၂၀၀ ဆိုတော့ ပေ ၆၀၀ လောက် မြှင့်ရမှာ။ ၃ ပုံပုံ ၁ ပုံလောက်ပဲရှိနေတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီတော့ ခေါင်းတိုင်တွေက မှားတယ်။ မှားတဲ့အခါမှာ အဲဒီအချိန်မှာ ပြာမှုန်ဖမ်းတဲ့စနစ်တွေက မရှိဘူး၊ မရှိတဲ့အခါမှာ အဲဒီဒေသမှာ ပြာမှုန်တွေ တော်တော်လွင့်ပြီးတော့မှ ဒီဥစ္စာက လူထုအတွက်ကို စိုက်ပျိုးရေးအရရော၊ လူနေအိမ်တွေမှာရော တော်တော်ကို ဆိုးဆိုးဝါးဝါးနဲ့ ကြုံတွေ့ခဲ့ရတာတွေ ရှိတယ်။

ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ပတ်သက်ပြီးတော့မှ လူထုဆီက ဘာအသံမှလည်းမကြားတဲ့အခါ ကျနော်တို့တွေ ဒီအပေါ်မှာတော့ အာရုံမစိုက်မိလိုက်ဘူး။ ဒါပေမယ့် အာရုံစိုက်မိလိုက်တဲ့အချိန်မှာ ၂၀၁၀ ခုနှစ်လောက်မှာ အာရုံစိုက်မိ တယ်။ အဲဒါ လူထုဆီကနေမှ ကူးလူးဆက်ဆံမှုတွေနဲ့ အဲဒီဒေသကို ရောက်တဲ့အခါမှာ ကြည့်တဲ့အချိန်မှာ သူက ဘာဖြစ်လာလဲဆိုတော့ ဒီ တီကျစ်စက်ရုံကို ရပ်ဆိုင်းနိုင်ဖို့ဆိုတာ ကျနော်တို့ အတော်ကြိုးစားကြရတယ်။ ကြိုးစားတဲ့အချိန်မှာ ကျနော်တို့ မာတာအနေနဲ့ ၂၀၁၃ ခုနှစ် ၁၄ ခုနှစ်လောက်မှာ ကျနော်တို့ ပြန်ပြီးတော့မှ လူထုနဲ့တွေ့ဆုံပြီးတော့မှ ပါဝင်ပတ်သက်ပါတယ်။ အဲဒီတော့ ပါဝင်ပတ်သက်တဲ့အချိန်မှာ အဓိကကတော့ ၂၀၁၄ ခုနှစ်မှာပဲ ကျနော်တို့ ဘာလုပ်သွားလဲဆိုတော့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ စက်ရုံက ရပ်ဆိုင်းလိုက်တယ်ဆိုပြီး ကြေညာလိုက်တယ်။

ဒါပေမယ့် ကျနော်တို့ ရပ်ဆိုင်းလိုက်တယ်ဆိုတာက တကယ်ကို အပြီးအပိုင် ရပ်ဆိုင်းသွားတယ်ထင်နေလို့။ အဲဒီမှာ သူက ဘာပြန်လုပ်လိုက်လဲဆိုတော့ တရုတ်နိုင်ငံရဲ့ကုမ္ပဏီပေါ့လေ၊ ဒီ ငွေကြေးကွာဟတဲ့ကုမ္ပဏီကို သူကနေပြီး တော့မှ တင်ဒါခေါ်ပြီးတော့မှ ငှားရမ်းလိုက်တယ်။ သူတို့ စာရင်းဇယား တွေထုတ်ပြန်ထားတာအရ ကြည့်ရင်တော့ ငွေကြေးကွာဟတဲ့ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၄၉ သန်း ရင်းနှီးမြှုပ်နှံပြီးတော့မှ ဒီစက်ရုံကို ပြန် လည်ပြုပြင်မယ်။ ပြီးတော့ နှစ်ပေါင်း ၂၂ ကြာ စာချုပ် သူတို့ပြန်ချုပ်မှာ။ ပြန်ချုပ်တဲ့အချိန်မှာ ကျနော်တို့ ၂၀၁၆ ခုနှစ်မှာ အဲဒီစာချုပ်က ချုပ်ခဲ့တယ်။ ၂၀၁၅ ခုနှစ်ပေါ့နော်၊ ကျနော်ထင်တယ် ဇူလိုင်လဖြစ်မယ်ထင်တယ်၊ ၂၀၁၆ ခုနှစ် အရပ်သားအစိုးရ အပြောင်းအလဲဖြစ်လာပြီးတဲ့အချိန်မှာ သူက ဧပြီလလောက်မှာ သူက EIA လုပ်ဖို့ဆိုပြီးတော့ ပထမဆုံး လူထုတွေ့ဆုံပွဲ ကျနော်တို့ လုပ်တယ်။

အဲဒီတော့ ကျနော်တို့အနေနဲ့ အဲဒီမှာ ဒီ EIA လုပ်မယ့် ကုမ္ပဏီတွေကို ကန့်ကွက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့ညမှာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သွားပြီးတော့မှ ဖိတ်ကြားတဲ့အတွက် သွားပြီးဆွေးနွေးဖို့ဆိုပြီး သွားတဲ့အချိန်မှာ ကျနော်တို့ကို ဆွေးနွေးခွင့် ဘယ်အချိန်မှပေးလဲဆို နေ့လယ် ၁ နာရီကနေ အစည်းအဝေး လုပ်လိုက်တဲ့ဥစ္စာဟာ ည ၉ နာရီမှ အရပ်ဘက်အဖွဲ့အစည်းတွေက ဆွေးနွေးခွင့်ရပါမယ်ဆိုတဲ့ အာဂျင်ဒါ ကျနော်တို့ပေးလာတဲ့အချိန်မှာ လူထုကလည်း ဒီဆွေးနွေးပွဲကို ကန့်ကွက်တယ်ဆိုပြီး ကျနော်တို့ ထပြီးကန့်ကွက်ခဲ့ပါတယ်။

အဓိကကတော့ EIA လုပ်ငန်းစဉ်တွေကို သေချာရှင်းပြတာမဟုတ်ဘဲနဲ့ အဓိကကတော့ ငွေကြေးကွာဟတဲ့ ကုမ္ပဏီကလည်း ကျောက်မီးသွေးစက်ရုံ နဲ့ပတ်သက်လို့ သူ့မှာ အသစ်တည်မယ်ဆိုတာ မပြောဘဲနဲ့ ဘွိုင်လာရောင်းတာ ပါဆိုတာ ပြောသွားတယ်။ နောက်တစ်ခုက ဘာပြောသွားလဲဆိုတော့ ဒီ တီကျစ်ဓာတ်အားပေးစက်ရုံဟာတဲ့ အမေရိကန်နည်းပညာနဲ့ သုံးထားတာပါဆိုပြီးတော့မှ သူတို့ဟာတွေကို ရှင်းပြတယ်။ အဲဒီတော့ အမေရိကန်နည်းပညာဆိုတာ ဘာလဲဆိုတဲ့မေးခွန်းတွေ သူတို့ သေသေချာချာမဖြေနိုင်ဘူး။ အဲဒီတော့ ကျနော်တို့အနေနဲ့ နောက်တစ်ချက်က EIA လုပ်ဖို့အတွက် ဧရိယာကိုသတ်မှတ်တယ်။ အမှန်အတိုင်းပြောရရင် သတ်မှတ်တဲ့ ပမာဏနဲ့ တကယ်တမ်းကျ မလောက်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ အင်းလေကန် ရေဝေရေလဲနဲ့ အတည့်တိုင်းမယ်ဆိုရင် ၈ မိုင်လောက် ပဲကွာတယ်။ ကားလမ်းတွေအတိုင်း တွက်မယ်ဆိုရင် ၁၂ မိုင် ၁၃ မိုင်လောက်ပဲ ရှိမှာပါ။ အဲဒီတော့ ကျနော်တို့က အင်းလေးကန် ရေဝေရေလဲဒေသဆိုတာက အင်းလေးကန်ကနေပြီးတော့ မိုင် ၂၀ ဧရိယာထဲကို သတ်မှတ်တာ။ အဲဒီတော့ နောက်ပြီးတော့ အင်းလေးကန်ထဲကို စပြီးတော့ စီးဝင်တဲ့ ဘီလူးချောင်းရဲ့အစဖြစ်နေတယ်၊ ဒီ တီကျစ်ဒေသဟာ။ အဲဒီတော့ ဒီဒေသမှာရှိနေတဲ့ ကိစ္စရပ်တွေဟာ ဒီဥစ္စာတွေဟာ စနစ်တကျနဲ့ လုပ်ဆောင်သင့်တယ်ဆိုပြီးတော့မှ ကျနော်တို့ တိုက်တွန်းတာတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာတက်လာတဲ့ အရပ်သားအစိုးရအနေနဲ့ ကျနော်တို့ ပြောတဲ့စကား တွေဟာ အရာမထင်ခဲ့ဘူး။ ကျနော်တို့က လက်ရှိ ဒီဥစ္စာဟာ အရပ်သားအစိုးရကလူတွေက နိုင်ငံရေးအရ အကျပ်အတည်းဖြစ်အောင် အရပ်ဘက်အဖွဲ့အစည်းတွေက တွန်းပို့တဲ့လုပ်ငန်းစဉ်သာဖြစ်တယ်လို့ သူတို့က စပြီးတော့မှ တော်တော်ကို အထင်အမြင်လွဲတာတွေ ကျနော်တို့ ကြုံရပါတယ်။

မေး ။ ။ တီကျစ်ဒေသမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် လူတွေ ထိခိုက်တာတွေ မြင်နေရပြီလား။

ဖြေ ။ ။ အဲဒါ ကျနော်တို့ တီကျစ်ဒေသမှာ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ မိုင်းဧရိယာက ဧက ၅၀၀ ရှိပါတယ်။ သူက ယန္တရားစနစ်နဲ့တူးတယ်။ စက်ရုံနဲ့ပတ်သက်လို့ဆိုရင် ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၁၀ နှစ်တာလောက် လည်ပတ်ခဲ့တဲ့ ကျောက်မီးသွေးစွန့်ပစ်တဲ့ပြာတွေဟာ ကျနော်တို့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မညီပါဘူး။ တကယ်တမ်းပြောရရင် ပြာတွေကို ဒီအတိုင်းစွန့်ပစ်ခဲ့တာတွေရှိတယ်။

ပြီးရင် ပြာတွေကို ဘိလပ်မြေနဲ့ရောသုံးရင်ကောင်းတယ်ဆိုတဲ့ ဘေးစကားတွေပေးပြီးတော့မှ ဘိလပ်မြေတွေထဲမှာ အဆောက်အဦးတွေထဲမှာ တော်တော်များများ ထည့်ဆောက်ခဲ့တာ ရှိတယ်။ အဲဒီမှာ ပြာကို ဘယ်လိုလုပ်ကြလဲဆိုရင် ပြာကို ကုမ္ပဏီတွေဘာတွေဖွင့်ပြီးမှကို ပြာကိုအရောင်းအဝယ်လုပ်ကြတဲ့ ကိစ္စတွေ ရှိခဲ့ပါတယ်။ အဲဒီပြာတွေကို တချို့ဒေသတွေက ဘာလုပ်လဲဆိုရင် မြေလတ်ဒေသတွေကို ယူသွားပြီး မြေသြဇာကောင်းတယ်ဆိုပြီး အသုံးပြုကြတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ အဲဒီတော့ ကျနော်တို့ မာတာနေပြီးတော့မှ ဒီစက်ရုံပြန်လည်တော့မယ်ဆိုတဲ့အချိန်မှာ ၂၀၁၆ ခုနှစ် စက်ရုံ EIA လုပ်တဲ့အချိန်မှာ ကျနော်တို့အနေနဲ့ အစိုးရ ဘာသတင်းစကား တစ်ခုပေးလဲဆိုတော့ ပြည်နယ်အစိုးရက လျှပ်စစ်ဝန်ကြီး အခုတော့ ဆုံးပါးသွားပါပြီ၊ ဦးမြင့်ဆွေက ဘာပြောလဲဆိုတော့ လူထုထိခိုက်နစ်နာမှုထက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို စနစ်တကျ ပြောနိုင်မယ်ဆိုလို့ရှိရင် ဒီစက်ရုံတွေ ရပ်ဆိုင်းပေးပါမယ်ဆိုတဲ့ သူပြောခဲ့တဲ့စကားရှိတယ်။

အဲဒီတော့ ကျနော်တို့ မာတာအနေနဲ့ ဘာတွေစဉ်းစားလဲဆိုတော့ ဒေသထဲမှာ ရေထု လေထု မြေထဲကို တိုင်းတာဖို့ဆိုပြီး ကျနော်တို့ မဟာဗျူဟာ ချပါတယ်။ အဲဒီတော့ ရှမ်းမာတာအလုပ်အဖွဲ့ကနေပြီးတော့ ကျနော်တို့ လုပ်ခဲ့ပါတယ်။ အဓိက အလန်းအဖွဲ့နဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ လုပ်ခဲ့တယ်။ အဲဒီမှာ ရေနဲ့ပတ်သက်လို့ရှိရင် ၁၃ နေရာပေါ့၊ လိုင်းခန်းထဲက စွန့်ပစ်တဲ့ရေတွေအထိ စမ်းသပ်ခဲ့ပါတယ်။ မြေအောက်ရေတွေအထိ စမ်းသပ်ခဲ့တာရှိတယ်။ နေရာအနှံ့ ၁၃ နေရာပါ။ မြေကြီးနဲ့ပတ်သက်လို့ တိုင်းတာတဲ့နေရာက ၃ နေရာတိုင်းတာ ပါတယ်။ ၃ နေရာဟာ စက်ရုံကဗဟိုပြုပြီးတော့မှ မီတာ ၂၀၀၀ အကွာအဝေး နေရာတွေကနေ မီတာ ၂၀၀၀ အတွင်းပေါ့နော် အဲဒီနေရာတွေ ၃ နေရာကို ကျနော်တို့ တိုင်းတာခဲ့ပါတယ်။ တိုင်းတာတဲ့နေရာမှာ လေထုညစ်ညမ်းမှုက တော်တော်ဆိုးဆိုးဝါးဝါးနဲ့ ကြုံရတာတွေရှိတယ်။

ဒါပေမယ့် ၂ ဒသမ ၅ ပေါ့နော်၊ အမှုန်အမွှားပါဝင်မှုက အဲဒီအချိန်မှာ နွေရာသီမှာတိုင်းတာဖြစ်တဲ့အတွက် တောမီးလောင်တာလား၊ ဆောရီး၊ အခိုးအငွေ့တွေကပဲ အခြား action တွေကြောင့်မို့လို့ ဖြစ်တာလားဆိုတာကတော့ ပပညာရှင်တွေ ကိုယ်တိုင် ကပြောတယ်၊ ဒါကတော့ သိပ်ပြီးမှတော့ အဓိကတော့မရှိဘူး။ ဒါပေမယ့် ဆာလဖာဒိုင်အောက်ဆိုက် ပါဝင်မှုနှုန်းက ကမ္ဘာ့စံချိန်စံညွှန်း၊ ကျနော်တို့နိုင်ငံရဲ့ အမျိုးသားအဆင့် စံချိန်စံညွှန်း ထုတ်လုပ်မှုရဲ့ ပမာဏထက်များနေတာ။ အဲဒီတော့ သူတို့ရဲ့ စက်ရုံရှေ့မှာ စံနှုန်းဆိုပြီးတော့ ရေးထားတဲ့ဟာက ပညာရှင်တွေပြောတာ သတ်မှတ် စံနှုန်းမဟုတ်ဘူး။

သူတို့နိုင်ငံရဲ့စံနှုန်းတစ်ခုသာဖြစ်ပါတယ်ဆိုတာ ကျနော်တို့ကို ရှင်းပြသွား တာရှိပါတယ်။ အဲဒီတော့ ရေနဲ့ပတ်သက်လို့ ပြောရရင်လည်း ရေမှာ ကျနော်တို့ ဒီ အာဆင်းနစ်ဓာတ်တွေ၊ ပြီးလို့ရှိရင် ခဲဓာတ်ပါဝင်မှုနှုန်းတွေက ကမ္ဘာ့စံချိန်စံညွန်းနဲ့ ၅ ဆ ကနေ ၂၇ ဆ အထိ မြင့်တက်နေတာကို တွေ့ရတယ်။ အဲဒီတော့ ဒါတွေကို ကျနော်တို့အနေနဲ့က အဲဒီဒေသကလူတွေ တော်တော် စိုးရိမ်ပူပန်သွားတာရှိပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ နောက်တစ်ခုက ဒေသတွင်းမှာ ဘယ်လောက်အထိ စစ်လဲဆိုလို့ရှိရင် ဒေသခံတွေက အဲဒီကရေကိုပဲ အသုံးပြုနေရတာရှိတယ်။

အဲဒီတော့ ဒီအဆိပ်သင့်နေတဲ့ရေတွေကို အသုံးပြုနေရတဲ့ကိစ္စက အစိုးရက လည်း ဒီနေ့အချိန်အထိ အကာအကွယ်မပေးဘူး၊ စောင့်ရှောက်မှုမပေးဘူး။ ဒီရေတွေကိုလည်း အမှန်တကယ် မြို့ဦးကျောင်းမှာရှိနေတဲ့ ရေကန်တစ်ကန်ဆိုလို့ရှိရင် အဲဒါ တစ်မြို့လုံးသောက်နေတဲ့ သောက်ရေကန်ရှိပါတယ်။ အဲဒီသောက်ရေကန်ဆိုလို့ရှိရင် ခဲဓာတ်ပါဝင်မှုနှုန်းက ၂၇ ဆ မြင့်နေတဲ့ဥစ္စာဟာ အဲဒီဥစ္စာပါ။ အဲဒီတော့ ကျနော်တို့ ပညာရှင်တွေက ဘာပြောသွားလဲဆိုတော့ အဲဒီပါဝင်မှုနှုန်း မြင့်တက်ရတဲ့ဥစ္စာဟာ ကျောက်မီးသွေးကစွန့်ပစ်တဲ့ပြာတွေနဲ့ ဘိလပ်မြေနဲ့ရောသုံးပြီးတော့မှ ကန်ကြီးကိုလုပ်ခဲ့တဲ့အတွက် ဒီ သက်ရောက်မှုတွေက ခုမှစဖြစ်နေတဲ့ဥစ္စာ။ အဲဒီတော့ ကျနော်တို့သွားတဲ့အချိန်မှာ ငါးေသေးသးလေးတွေ သေနေတာတွေ့ရပါတယ်။

ဒါပေမယ့် ကျနော်တို့ တော်တော်စိုးရိမ်ပူပန်မှုတွေရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပြောမလဲ၊ သဘာဝပတ်ဝန်းကျင် ဒီလောက်အထိ ဆိုးဝါးနေပြီလားပေါ့။ ရေတွေအထိ သုံးလို့မရတော့ဘူး။ ပြီးရင် ပြာတွေပါကြည့်ပြန်တော့လည်း ပြာတွေကို အခု စက်ရုံကြီး စမ်းသပ်လည်ပတ်တဲ့ တစ်နှစ်အတွင်းမှာ ပြာတွေကို ဘာလုပ်ပစ်လဲဆိုတော့ သူတို့ ရွာလူထုက ခင်းခိုင်းလို့ဆိုပြီးတော့ ဒီပြာတွေကို သွားပြီးတော့မှ ခင်းလိုက်တာတွေရှိပါတယ်။ လမ်းခင်းတယ်ဆိုတာ ပြာတွေကို စွန့်ပစ်ပြီးတော့မှ၊ ဒီအတိုင်းပဲပေါ့လေ စွန့်ပစ်လိုက်တယ်၊ ပြီးရင် ကြိတ်လုံးနဲ့ ကြိတ်ပြီးတော့မှ ဒီအတိုင်းထားတယ်။ မိုးတွေရွာတဲ့အခါကျတော့ ကျနော်တို့ဘက်မှာ မိုးများပါတယ်။ မိုးရွာတဲ့အခါကျတော့ အဲဒီပြာတွေက လယ်ကွင်းတွေဘာတွေထဲဝင်သွားတယ်။ ဒါပေမယ့် ပညာရှင်တွေပြောတဲ့ဥစ္စာက ဒါကိုမထိန်းချုပ်ဘဲ လုံးဝအလုပ်လုပ်လို့မရဘူးတဲ့။

မေး ။ ။ ကျောက်မီးသွေးကြောင့် လူတွေအပေါ်မှာ သက်ရောက်မှု ဘာရောဂါ တွေ ဖြစ်လာနိုင်လဲ။

ဖြေ ။ ။ အဓိကကတော့ ကျနော့်မျက်စိရှေ့တင် မြင်ရတာက ယောကျာ်လေးတွေထက်စာရင် အမျိုးသမီးတွေမှာ ပိုပြီးတော့မှ သက်ရောက်မှု တွေ စဖြစ်တယ်ဗျ။ ကျနော်သွားပြီးတော့မေးတဲ့ အမျိုးသမီးဆိုရင် အသက် ၁၇ နှစ်လောက်ပဲရှိသေးတယ်၊ ၁၈ နှစ်လောက်ပဲရှိမယ်။ သူဆိုလို့ရှိရင် အမြဲတမ်း မူးမော်နေတယ်ဆိုပြီး သွေးအားနည်းတဲ့ရောဂါလိုမျိုးဖြစ်ပြီးမှ သူက ဘယ်မှာသွားကုရလဲဆိုရင် အင်းထဲက ဒေါက်တာထွန်းနိုင်ဆေးခန်းမှာ ရန်ကုန်ဆရာဝန်ကြီးဆီမှာ သွားကုရတာ၊ ရန်ကုန်ကလာတဲ့အချိန်မှာ သွားသွားကုတယ်ပြောတယ်။

ဆရာဝန်ကြီးရဲ့မှတ်ချက်က ဘာပဲပြောလဲဆိုတော့ ဒီ အသက်ရှူလမ်းကြောင်းဆိုင်ရာတစ်ခုခုနဲ့ အဆိပ်သင့်နေတယ်ဆိုတဲ့သုံးသပ်ချက် သူတို့သုံးသပ်တယ်။ ဆေးစာကတော့ ကျနော်လည်း မဖတ်တတ်တော့ တခြားနေရာတွေမှာ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ခုနပြောတဲ့ သွေးအဆိပ်သင့်တဲ့ပုံစံမျိုးတွေပေါ့နော်။ ဒါပေမယ့် ဒေသအမျိုးသားတွေကတော့ ဒါကို အလေ့အကျင့်အနေနဲ့ ခံနိုင်ရည်ရှိနေလို့လားတော့ မပြောတတ်ဘူး၊ ဒါပေမယ့် သူတို့မှာ မူးတာမော်တာတို့တော့ ဖြစ်တယ်၊ ဆိုးဆိုးဝါးဝါးကြီးတော့ မဖြစ်ဘူး။ ဒါပေမယ့် အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျမှုနှုန်းတွေ မြင့်တက်လာတဲ့ဥစ္စာတွေတော့ ကျနော်တို့သိရတယ်။ သိရတယ်ဆိုတာက ဘယ်လိုဖြစ်လဲဆိုတော့ ဘယ်လိုပြောမလဲ ကိုယ်ဝန်ပျက်မှုနှုန်းက ဒီတစ်ယောက်တင်မဟုတ်ဘူး သူက ဆက်တိုက်ဆက်တိုက်လိုဖြစ်လာတယ်၊ ပေါင်မပြည့်ဘဲ ကလေးလေးလေးတွေ မွေးလာတာတွေ၊ အရင်တုန်းကတော့ မှတ်တမ်းပုံလေးတွေ ရှိတယ်။ တချို့တွေမှာ အရေပြားနဲ့ပတ်သက်တဲ့ ရောဂါမျိုးလေးတွေဖြစ်တယ်။

ကျနော်သွားပြီးမှ လေ့လာတဲ့အချိန်မှာ စွန့်ပစ်တဲ့မြေစာပုံရှိတယ်။ ကျောက်မီးသွေးစက်ရုံက စွန့်ပစ်တဲ့မြေစာပုံက လူနေအိမ်တွေနဲ့ ပေ ၉၀ လောက်ပဲ ဝေးတယ်။ အဲဒီမိသားစုမှာဆိုရင် အမျိုးသမီးတစ်ယောက်က သူလည်း ဆေးခန်းပြနေရတယ်လို့ပြောတယ်။ အဲဒီမှာ ကျနော်ရောက်သွားတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် တိရစ္ဆာန်တွေအထိ မူးမော်နေတာကို ကျနော်တို့ တွေ့ရတယ်။ ဒါဟာ ကျနော့်မှတ်တမ်းလေးရှိပါတယ် အဲဒီဥစ္စာ။ အဲဒီတော့ အဲဒီဘက်ဒေသက ခုက မြေအောက်ကို တော်တော်များများ နှိုက်ပစ်တဲ့အခါကျတော့ ဘေးပတ်ဝန်းကျင်တွေမှာ ရေရှားပါးတဲ့ဥစ္စာ သူတို့ကြုံလာရတယ်လို့ ကျနော်တို့ အကြမ်းအားဖြင့် ကျနော်တို့ သုံးသပ်ထားတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်က မြေကြီးထဲကနေ ရေကတော့ စုပ်ထုတ်နေတာပေါ့နော်။ ဒါပေမယ့် မူလမြေအောက်ရေကြောတွေအကုန်လုံးက ဒီကပဲ စုဝင်လာတဲ့ဟာမျိုး၊ အဲဒီတော့ ရေကြောတွေမှားလာတယ်လို့ ကျနော်ထင်တယ်။ နောက်တစ်ခု ပညာရှင်တွေ ပြောသွားတာကတော့ ဒီ ကျောက်မီးသွေးက စွန့်ပစ်တဲ့ရေဟာ နိုင်ငံတကာမှာ ဒီလိုမျိုးစွန့်ပစ်တာမဟုတ်ဘူးပေါ့နော်။ နောက်တစ်ခုက စနစ်တကျနဲ့ ရေကိုစွန့်ပစ်တာမဟုတ်ဘဲနဲ့ ဒီအတိုင်း ပြီးပြီးရောပဲ စွန့်ပစ်တဲ့ဥစ္စာက ဘယ်ရောက်သွားလဲဆိုတော့ ခုနပြောတဲ့ အင်းထဲကို ပြန်စီးသွားတယ်။

အင်းတိမ်နားလေးမှာ ပြန်ဝင်သွားတယ်။ အဲဒီတော့ တကယ်တမ်းပြောရရင်တော့ ကျနော်တို့က EIA လုပ်မယ့်ဥစ္စာက သူတို့ အင်းတိမ်အထိလုပ်သလားဆိုတဲ့ကိစ္စတွေက၊ နောက်ပြီးတော့ စက်ရုံကစွန့်ပစ်တဲ့ရေတွေရှိတယ်။ အဲဒီရေတွေဆိုလည်း ခဲပါဝင်မှုနှုန်းက မြင့်တက်နေတာ ကျနော်တို့တွေ့ရတယ်။ အဲဒီဟာတွေအကုန်လုံးက ဒီ ဂေဟနစ်နဲ့ ဘာနဲ့ ညာနဲ့ ကျနော်တို့က သိပ္ပံပညာရှင်မဟုတ်တဲ့အတွက် ကျနော်တို့က မသိဘူး။

ဒါပေမယ့် ဒီဂေဟစနစ်ကို လာလာထိခိုက်နေတယ်ဆိုတဲ့ကိစ္စ သိရတယ်။ ရေတွေနောက်နေတာ တွေ့ရလိမ့်မယ်။ သူက စက်ရုံကစွန့်တဲ့ရေရယ်၊ အဲဒီဒေသထဲမှာ စက်ရုံကစွန့်တဲ့ရေရယ်၊ ကျောက်မီးသွေးတွင်းက စွန့်ပစ်တဲ့ရေရယ်က ဘာလုပ်ကြရလဲဆိုရင် အဲဒီဒေသမှာ စိုက်ပျိုးရေးအတွက် အသုံးပြုနေကြတာရှိတယ်။ နောက်ပြီး တစ်ခုက စက်ရုံနဲ့အနီးအနားမှာပဲ ဒီ ကျောက်မီးသွေးစက်ရုံကရှိတာ။ ကလေးတွေအတွက်ရော ကျန်းမာရေးသုတေသနတွေ လုပ်သလား၊ ကျန်းမာရေးသုတေသနတွေလုပ်ဖို့ ဆိုတဲ့ကိစ္စကလည်း တော်တော်ကို စနစ်တကျနဲ့လုပ်မှရမှာလေ။ အခုလိုမျိုး အပေါ်ယံလုပ်မယ်ဆိုရင်တော့ ဒါကတော့ နောင်တစ်ချိန်မှာ အန္တရာယ်ဖြစ်လာနိုင်တယ်။

မေး ။ ။ ဒီစက်ရုံမှာ ဧဒင်ကုမ္ပဏီရဲ့ပါဝင်ပတ်သက်မှုက ငွေချေးငှားမှုကိစ္စကရော ဆရာတို့ ဘယ်လိုသိထားလဲ။
ဖြေ ။ ။ ကျနော် လေ့လာရသလောက်ဆိုရင်တော့ ၂၀၀၄ ခုနှစ် ဒီစက်ရုံစလုပ်တဲ့ အချိန်မှာ ဧဒင်စွမ်းအင်ကုမ္ပဏီကနေပြီးတော့မှ ကျောက်မီးသွေးတူးဖို့အတွက် ၅ ဘီလီယံချေးလိုက်တယ်လို့ ကျနော်တို့ သိရပါတယ်။ ဒီ ၅ ဘီလီယံထဲမှာ ၁ ဒသမ ၅ ဘီလီယံလောက်ကို ကျနော်တို့ ပြန်ဆပ်ပြီးပြီပေါ့။ ၃.၅ ဘီလီယံလောက် အကြွေးကျန်သေးတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အံ့သြစရာကောင်းတာက ငွေးကြေးကွာဟကုမ္ပဏီနဲ့ စာချုပ်ချုပ်တဲ့ ၂၀၁၅ ခုနှစ်မှာပဲ ဧဒင်စွမ်းအင်ကုမ္ပဏီကို ၁ ဒသမ ၈ ဘီလီယံ ကျောက်မီးသွေး နဲ့ပတ်သက်ပြီးတော့မှ သွင်းဖို့ပေါ့လေ ကြိုတင်ငွေဆိုပြီးတော့မှ ပေးချေခဲ့တာတွေလည်း ရှိပါတယ်။ အစိုးရဘက်ကနေပြီးတော့မှ ပေးချေပါတယ်။ အဲဒီတော့ ဧဒင်စွမ်းအင်ကုမ္ပဏီအနေနဲ့ ကျနော်တို့ အခုဆိုရင် ဘာပဲဖြစ်ဖြစ် ၃.၅ ဘီလီယံနဲ့ အခု ၁ ဒသမ ၈ ဘီလီယံနဲ့ ပေါင်းလို့ရှိရင် ၅ ဘီလီယံကျော်ကျော် နိုင်ငံတော်ပြန်ဆပ်ရမယ့်ကိစ္စတွေရှိပါတယ်။

ဒါပေမယ့် နိုင်ငံတော်ကနေပြီးမှ ဒီကျောက်မီးသွေးကို ဝယ်ယူနေရတာပါ။ ဝယ်ယူနေရတယ်။ ပြီးလို့ရှိရင် ငွေကြေးကွာဟကုမ္ပဏီ ခု လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဒီတိုင်းပေးနေရတာပါ။ ပေးနေရပြီးတော့မှ ငွေကြေးကွာဟကထွက်တဲ့ လျှပ်စစ်ဓာတ်အားကို ၀ ဒသမ ၃၅ US ဒေါ်လာနဲ့ ပြန်ပြီးမှဝယ်ရပါတယ်။ အဲဒါ ကျောက်မီးသွေးဖိုး မပါပါဘူး။ ထွက်လာတဲ့ဓာတ်အားပေါ်မှာပဲ ကျနော်တို့ ဝယ်ရတာပါ။ အဲဒီတော့ ကျနော်တို့နိုင်ငံအတွက် အမှန်တကယ် တွက်ခြေရောကိုက်ရဲ့လား။ ကျနော်တို့နိုင်ငံအတွက် တွက်ခြေမကိုက်ဘဲနဲ့ လူထုဘဝတွေ ပေးဆပ်ရတယ်ဆိုရင်တော့ ဒါ မတန်ဘူးလို့ ပြောရမယ်။ နောက်ပြီးတော့ ဧဒင်စွမ်းအင်ကုမ္ပဏီအနေနဲ့ကရော ဒီချေးငွေတွေကို ဘယ်လိုကတိကဝတ်တွေနဲ့ ချေးထားသလဲ။ ဒါတွေကတော့ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ကြရမယ်။

မေး ။ ။ ဆိုတော့ ကုမ္ဗဏီတွေရဲ့ ပါဝင်ပတ်သက်မှုက ကြီးတာပေါ့။

ဖြေ ။ ။ ဟုတ်တယ်ဆရာ၊ အဓိကကတော့ ခုနပြောသလိုပေါ့ တရုတ်မ္ပဏီနဲ့ ဦးသိန်းစိန်လက်ထက်မှာ ချုပ်ခဲ့တဲ့စာချုပ်က ဘယ်လိုချုပ်ခဲ့တာလဲ။ တရားမျှတသလား။ ကျနော်တို့တိုင်းပြည်အတွက် အမှန်တကယ်ရော အကျိုးရောရှိရဲ့လားဆိုတဲ့ စာချုပ်စာတမ်းတွေကို ပြန်ပြီးတော့မကြည့်ဘဲနဲ့ ဟုတ်ပြီ မကောင်းတဲ့စာချုပ်တွေ၊ ကျနော်တို့တိုင်းပြည်အတွက် ပိတ်မိနေတဲ့စာချုပ်တွေဆိုရင် ကျနော်တို့ ဒီအတိုင်းပဲ တစ်သက်လုံးအောင့်ပြီး သည်းခံမှာလား။ နှစ်ပေါင်း ၂၂ ဗျာ၊ မနက်ဖြန်၊ သန်ဘက်ခါ ပြီးမယ့်ကိစ္စမဟုတ်ဘူး။ နှစ်ပေါင်း ၂၂ လုံးကို ကျနော်တို့တိုင်းပြည်ကလူတွေ ဒုက္ခရောက်ပြီးတော့ကို ကျနော်တို့တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ၂၂ နှစ်လုံးလုံး ဒီအတိုင်းပဲ နေရမှာလား။ ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်မဟုတ်ဘူး။

တကယ်တမ်း ကျနော်တို့ အရပ်သားအစိုးရဟာ မှန်ကန်တဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ရှိရင် သူ့နောက်မှ လူထုရှိနေပြီးသား။ ဒီစာချုပ်စာတမ်းတွေက မတရားဘူးဆိုလို့ရှိရင် သူတို့ လူထုအားနဲ့ ဖျက်သိမ်းပေးရမှာပေါ့။ လူထုအတွက်လည်း မျှခြေမရှိဘူး၊ အစိုးရအတွက်လည်း မျှခြေမရှိ အမြတ်အစွန်းမရှိတဲ့ နိုင်ငံရေးအမြတ်အစွန်း၊ ငွေကြေးအမြတ်အစွန်း ဘာတစ်ခုမှမရှိတဲ့ စီမံကိန်းကြီးတစ်ခုကို ဘာမှစုံစမ်းပြီးတော့မှ အလုပ်မလုပ်ဘဲ ထားတာဟာ ဒါက နိုင်ငံရေးစိတ်ဆန္ဒကို ကင်းမဲ့နေတာ။ ဒါ အကျိုးစီးပွားတွေကို ကာကွယ်ပေးနေတာ။ အဲဒီတော့ ဒီအကျိုးစီးပွားတွေကို ဘယ်သူကာကွယ်ပေးနေတာလဲ။ ဟုတ်ပြီ၊ ကျနော်တို့ စွမ်းအင်ဝန်ကြီးဌာနမှာရော နိုင်ငံရေးသမားတွေရှိနေတာ။ အခု ဝန်ကြီးဖြစ်နေတဲ့လူတွေကရော ဘယ်သူတွေလဲ။

ဒါတွေ ကျနော်တို့ ပြန်ကြည့်ရမယ်။ သူတို့ကရော အဲဒီလူတွေရဲ့အကျိုးစီးပွားကို ကာကွယ်ပေးနေတာလား။ ကျနော်တို့ ရိုင်းရိုင်းပဲ၊ ဒီနေရာမှာ စစ်အစိုးရရဲ့ အဲဒီလူတွေအကုန်လုံးက ဒီ လုပ်ငန်းရှင်တွေရဲ့အကျိုးစီးပွားကိုပဲ ကာကွယ်ပေးနေတာ။

ဘာဖြစ်လို့လဲဆို ဦးသိန်းစိန်လက်ထက်မှာ ချုပ်ခဲ့တဲ့စာချုပ်တွေကို ဒီဝန်ကြီးဌာနကနေ ပြန်လည်စိစစ်ရမယ့်ကိစ္စကို မေ့လျော့ပြီးတော့မှ လျစ်လျူရှုနေတဲ့ကိစ္စဟာ ဒါဟာ ဒီအကျိုးစီးပွား လူထုရဲ့အကျိုးစီးပွားကို ကာကွယ်တာမဟုတ်ဘူး၊ အစိုးရရဲ့ နိုင်ငံရေးအကျိုးစီးပွားကို ကာကွယ်တာမဟုတ်ဘဲနဲ့ လုပ်ငန်းရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားကို ဝန်ကြီးဌာနက ကာကွယ်ပေးနေတာ။ အဲဒီတော့ ကာကွယ်ပေးနေရအောင် ဝန်ကြီးဌာနအတွက် ဘယ်လိုအကျိုးစီးပွားရှိလဲ။ ထဲထဲဝင်ဝင်သိအောင်တော့ ကျနော်တို့ ကြိုးစားရမှာပေါ့။

မေး ။ ။ တီကျစ်ဒေသရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ အခြေအနေက တီကျစ်စက်ရုံ ပိတ်ပစ်ရမလား၊ အဲဒီနေရာကို ဘယ်လိုပြန်ပြီးတော့ ပြန်လည်ကုသမလဲ။

ဖြေ ။ ။ အဓိကကတော့ အကျိုးအမြတ် ပြန်တွက်ရမှာပါ။ ကျနော်တို့ ငှားရမ်းကမှ ဘယ်လောက်ပဲ ရလဲဆိုတော့ ၁ ဒသမ ၁ ဘီလီယံကျပ်ငွေလောက်ပဲရတာ။ ငှားရမ်းခ အဲ့ဒါပဲရတာ။ ခုက လျှပ်စစ်ကပြန်ဝယ်ရတာက ကျနော်သိရှိရလောက်က ကျပ်သန်းပေါင်း နှစ်သောင်းနဲ့ခြောက်ထောင်ကျော်ဖိုး ပြန်ဝယ်ရတယ်။ ဒါက ၂၀၁၈ ပထမတစ်နှစ် လည်ပတ်လိုက်တဲ့အချိန်မှာ။

ကျနော်တို့ပြန်ဝယ်လိုက်ရတာက နှစ်သောင်းကျော် ပြန်ဝယ်လိုက်ရတယ်။ ကျနော်တို့ရတာက သန်းပေါင်း ၁၆၀၀၀ ကျော်ပဲ ရတာ။ ခုက တစ်ဖက်မှာ သန်းပေါင်း ၁၆၀၀၀ ရတယ်၊ အမှန်တကယ်ကရော တီကျစ်စက်ရုံက အမှန်တကယ် သူတို့ပြောတဲ့အတိုင်း မဂ္ဂါဝပ် ၁၂၀ ရော ထွက်သလား။ ခုက မဂ္ဂါဝပ် ၃၀ လောက်ဆို အရင်အစိုးရလက်ထက်တုန်းကတောင် အရှုံးပြလို့ ပိတ်ခဲ့ပါတယ်ဆိုတဲ့ကိစ္စက ဒီ မဂ္ဂါဝပ် ၃၀ လောက်နဲ့ အလုပ်ဖြစ်နေလား၊ ဒါ ဘယ်သူ့အကျိုးစီးပွားလဲ။

အဓိကကတော့ ကျောက်မီးသွေးသွင်းတဲ့ကုမ္ပဏီအတွက် အကျိုးစီးပွားပိုဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျောက်မီးသွေးတစ်တန်ကိုမှ ဘယ်လောက်နဲ့သွင်းနေလဲ၊ သူ့ရဲ့ တန်ချိန် ၂၀၀၀။ သွင်းနေတဲ့ကုမ္ပဏီက ဧဒင်ပေါ့။ ဧဒင်ကုမ္ပဏီကနေမှ တစ်ရက်ကို ကျောက်မီးသွေးတန်ချိန် ၂၀၀၀ သွင်းနေရတယ်။ ဟုတ်ပြီ၊ ဒီ ၂၀၀၀ ကနေမှ စွန့်ပစ်တဲ့ပြာတွေက စနစ်တကျမပစ်ဘူး။ အဲဒီတော့ ဒီပြာတွေစွန့်ပစ်တာကြောင့်မို့လို့ ကုန်ကျစရိတ် သူတို့ မခံနိုင်လို့လား။ စနစ်တကျနဲ့ ပြန်ပြီးစွန့်ပစ်မယ်ဆိုလို့ရှိရင် ကျနော်တို့ လေ့လာတွေ့ရှိရသလောက်ဆိုရင် မြေကျင်းတွေတူရမယ်၊ မြေအောက်ရေကြောကို မထိခိုက်အောင် ကာဘာတွေလုပ်ရမယ်။

ဒါ ဂျပန်တို့၊ ထိုင်းတို့မှာ ဒီလိုတွေလုပ်နေကြတာတွေရှိတယ်။ ဒါပေမယ့် ဒီလိုမျိုးမလုပ်ဘဲနဲ့ မြေပြင်ပေါ်မှာ ပြီးပြီးရောပစ်ထားတဲ့ကိစ္စတွေ အများကြီးရှိတယ်။ အဲဒီတော့ ဒီဒေသကြီး တစ်ခုလုံးမှာ ဒီပြာစွန့်ပစ်တာကြောင့်မို့လို့ ရေထုတစ်ခုလုံးရော၊ မြေတွေရော အကုန်လုံး ပျက်စီးနေပြီ၊ အဆိပ်သင့်နေပြီ။ ဒီအဆိပ်သင့်နေတာကို ကုစားဖို့ဆိုရင် ပညာရှင် တွေပြောပြသွားတာတော့ လေထုသန့်စင်ဖို့အတွက်ဆိုရင် စက်ရုံရပ်လိုက်တာနဲ့ လေထုသန့်စင်ဖို့အတွက် ပြန်လည်ကုစားလို့ရမယ်။ ရေနဲ့ မြေနဲ့ကို ပြန်လည်ကုစားဖို့ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် နောက်ထပ် အနှစ် ၅၀၀ နဲ့ ဘယ်လိုမှပြုပြင်ဖို့မလွယ်ဘူး။ အနှစ် ၅၀၀ အတွက် ကုန်ကျမယ့် အသုံးပြုရမယ့် ပိုက်ဆံဟာ အဲဒီစက်ရုံကရမယ့် အကျိုးအမြတ်နဲ့ရော ကာမိရဲ့လားဆိုတဲ့ကိစ္စတွေ ကျနော်တို့ စီးပွားတွက်ပြန်တွက်ဖို့လိုပါတယ်။ ဒါ နိုင်ငံရေးအမြတ်တင်မဟုတ်ဘူး၊ ကျနော်တို့နိုင်ငံအတွက် ပြန်ကြည့်ရမှာပါ။ ဒါမျိုးတွေနဲ့ ကျနော်တို့ လူထုဘဝတွေ ဆုံးရှုံးမယ်၊ တိုင်းပြည်ရဲ့အကျိုးစီးပွား တွေ ယုတ်လျော့မယ်ဆိုရင် ဒါက ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးမှုနဲ့၊ ဟန်ချက်ညီတဲ့စွမ်းအင် ကိစ္စရပ်ပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com