Peace political news

တိုင်းရင်းသားတွေ ယုံကြည်မှု ပျက်ယွင်းနေတဲ့ NCA လမ်းကြောင်း ပြန်သုံးသပ်ဖို့လို

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

လက်ရှိ နိုင်ငံရေးအခြေအနေသည် NCA လမ်းကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည် ထောင်စု စနစ် တည်ဆောက်ရေးတို့အတွက် သွေဖည်နေပြီဖြစ်ကြောင်း KNU ကရင် အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ထိုင်းနိုင်ငံချင်းမိုင်တွင် မတ်လ ၅ ရက်နေ့ ကျင်းပသော PPST အစည်းအဝေးတွင် ပြောဆိုလိုက်ရာ ငြိမ်းချမ်းရေး အလှမ်းဝေး သွားပြီဆိုသော သုံးသပ်ချက်များ ထွက်ပေါ်လာနေသည်။ ရန်ကုန်ခေတ်သစ်က NCA လမ်းကြောင်းနှင့် ငြိမ်းချမ်းရေး လမ်းပျောက်၊ မပျောက် နိုင်ငံရေးလေ့လာသုံးသပ်သူများ ကို ဆက်သွယ်မေးမြန်းထားပါသည်။

တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦး

အခု လက်ရှိအခြေအနေက နိုင်ငံရေးအသုံးအနှုန်းအရ ရှေ့မတိုး ၊ နောက်မဆုတ် အကျပ်အတည်း ဖြစ်နေတဲ့အချိန် ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ။ ဒါ့ကြောင့်မို့လို NLD က ပင်လုံမှာ ရှေ့မတိုးနိုင်လို့ ဒီလွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပူးပေါင်း ကော်မတီ ဖွဲ့စည်းပြီး လာတွန်းတယ်လို့ ယူဆနိုင်ဖွယ် ရှိပါတယ်။ အခု ရောက်နေတဲ့ အနေအထားအရ NCA က သဘောမတူဘူး။ သဘောမတူဘူးဆိုတာက ကျနော်က UNFC နဲ့ တွေ့ဖူးတယ်။ သူတို့တွေကလည်း NCA ကပါတဲ့ အချက်အလက်တွေအပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက် တွေက တစ်ဖက်နဲ့ တစ်ဖက် မတူဘူး ဖြစ်တယ်။ ဒါကအစိုးရဘက် ၊ တပ်မတော် ဘက် ၊ လွှတ်တော်ဘက် ၊ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကြားမှ အဲ့ဒီအခက် အခဲတွေ ရှိပုံရတယ်။ တချို့ ကျနော်ကိုယ်တိုင်လည်း ၃ ကြိမ်တိုင်တိုင် ၊ တက်ခဲ့တယ်ဆိုတော့ ပင်လုံမှာ ဖြစ်နေတဲ့ ပြဿနာက အနှစ်သာရကို မရောက်ဘဲ စကားလုံးနဲ့ပင် ပြဿနာ ဖြစ်နေတယ်။ စကားလုံးတွေကို အကုန် ဘယ်လို့အကြောင်းတစ်ခုခု တို့တာဝန် အရေး သုံးပါး နဲ့ ဝင်ဝင်လာ ၊ စကားလုံးတွေ ဝင်ဝင်ပိနေတဲ့အတွက် တစ်ကယ်အတွင်းသဘော ၊ တစ်ကယ်ရှေ့ဆက်ရမယ့်ဟာကို မသွားနိုင်ဘူး။ မတိုးနိုင်ဘူး ဖြစ်နေတယ်။ မတိုးနိုင်ဘူး ဖြစ်တဲ့အပြင် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့နဲ့ တပ်မတော်ကော ၊ သူတို့အချင်းချင်းကော ၊ ဒီပစ်ကြခတ်ကြ ဖြစ်လာကော ။ အဲဒီတော့ ငြိမ်းချမ်းရေး Process က ရှေ့မရောက်ဘူး နောက်ပြန်ရောက် ၊ နောက်ပြန်ဆုတ်လာတယ်လို့ ယူဆလိုရတယ်။

နံပါတ်တစ် က သဘောရိုး ပိုင်းခြားချက် ၊ တကယ်ကို ငြိမ်းချမ်းရေး အစစ်အမှန်ရချင်တဲ့ စိတ်ဆန္ဒရှိမှ ရမှာ။ Political Will နိုင်ငံရေးသံဓိဋ္ဌာန် ရှိဖို့ လိုတယ်။ အဲဒီလို ငြိမ်းချမ်းရေးရဲ့ အဟန့်အတား ဖြစ်နေတာ ၂၀၀၈ ဖွဲ့စည်းပုံပဲ။ ဒါကြီး ရှိနေသမျှ မရနိုင်ဘူး။ အဲဒီတော့ နှစ်ဖက်စလုံးက သဘောရိုး နဲ့ ဒါကြီးအပေါ် ကြီးပွားချမ်းသာနေတဲ့သူတွေကလည်း ငါတို့တော့ တိုင်းပြည်မျက်နှာကို ထောက်သင့်ပြီ ၊ ငါတို့လည်း ဆွေခုနှစ်ဆက် စားမကုန်အောင် ချမ်းသာ လာပြီ ၊ တိုင်းပြည်အတွက် မျက်နှာ်ကို ထောက်ပြီးတော့ ဒါကြီးကို ပြင်ပြီးတော့ ငြိမ်းချမ်းရေး ရအောင် သွားသင့်တယ် ဆိုတဲ့ သဘောထားမျိုး ရသင့်တယ် ။ တစ်ဖက်ကလည်း ကျဉ်း မြောင်း တဲ့ လူမျိုးစွဲ အမြင်နဲ့ မဟုတ်ဘဲနဲ့ ၊ သံဃဇာတတွေအပေါ် ခြေကုတ်ယူပြီး စီးပွားဖြစ် နေတာတွေကို မကြည့်ဘဲနဲ့ တစ်ကယ်ပြည်သူ့လူထုကြီး တစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ဖော်ဆောင်တဲ့ စိတ်ဓါတ် ( Political Will ) အဲ့တာရှိမှာ ရှေ့ဆက်တိုးမယ်။ အဲဒါတွေ ရှိကြပါလို့ တိုက်တွန်းတယ်။ ဒါပေမယ့် ဒါက ကျားကို ဥပုဒ် စောင့်ခိုင်းနေသလို ဖြစ်နေသလား မပြောတတ်ဘူး။

ဦးမြအေး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်

ဒါကတော့ တိုင်းရင်းသားတွေရဲ့ NCA လမ်းကြောင်းအပေါ် ယုံကြည်မှု ပျက်ယွင်းနေတယ် ဆိုတဲ့ ကိစ္စပဲ ထင်ရှားတယ်လေ။ ဒါ KNU က ဥက္ကဋ္ဌ ကြီးကိုယ်တိုင်က ဒီအတိုင်းကြီး ပြောလာပြီးဆိုတော့ ဒါရှင်းရှင်းလင်းလင်း မြင်ရပြီ။ တစ်ကယ်တော့ ဒီ NCA လမ်းကြောင်းက အလုပ်မဖြစ်နိုင်ဘူး။ လက်ရှိအခြေအနေပေါ် ၊ NCA လမ်းကြောင်းကို ပြန်တည့်မတ်နိုင်ရင် တည့်မတ် ၊ မတည့်မတ်နိုင်ရင်တော့ အလုပ်မဖြစ်နိုင်ဘူးလို့ ကျနော်တို့ ကြိမ်ဖန်များစွာ ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။ အခုတော့ KNU ဥက္ကဋ္ဌကြီးကိုယ်တိုင် အဲဒီအတိုင်း ပြောလာပြီး ဆိုတော့ ဒီအပေါ်မှာ ကြည့်ရင် တိုင်းရင်းသားတွေရဲ့ NCA လမ်းကြောင်း ထက် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းဟာ တိုင်းရင်းသားတွေကိုယ်တိုင်က ယုံကြည်မှု လျော့နည်းလာတယ်ဆိုတာ အထင်းအရှားပြသနေတယ်လို့ ကျနော်က မြင်ပါတယ်။ ဘာများပြောင်းလဲမှုရှိလဲဆိုတာ ပြန်သုံးသပ်ရမှာ။

အခြေအနေတွေက အဆုံးသတ်ကို ရောက်နေတာ ။ NCA က နဂိုကတည်းက လက်မှတ်ထိုးဖို့ အဖွဲ့တွေလည်း ပြည့်စုံတာလည်း မဟုတ်ဘူး။ အခုလို့ ပိုပိုဝေးကွာလာတာ ကျနော်တို့က တွေ့တယ်လေ။ အဲ့လိုအခြေအနေဆိုးတွေတော့ မဖြစ်စေချင်ပါဘူး။ အဲ့တော့ ပြန်ပြီး နှစ်ဖက်စလုံး သုံးသပ်ဖို့ လိုတယ်။ အချို့အချက်တွေက လက်မှတ်ထိုးထားတာပဲ သရေတေ သွားရမှာပဲ ပုံစံထက် ၊ လက်ရှိဖြစ်နေတဲ့ အခြေအနေအပေါ် အကုန်လုံး ပြန်သုံးသပ်ပြီး Review ပြန်လုပ်သင့်တယ်လို မြင်တယ်။

ဒေါက်တာခင်ဇော်ဝင်း
နိုင်ငံရေး အကျဉ်းသားဟောင်း

KNU ပြောတာက ဗဟိုအလယ်တည့်တည့်ကို ဦးတည်ပြောနေသလို ဖြစ်နေတယ်လေ။ သူတို့ဘက်က ကြည့်မယ်ဆိုရင်လည်း အားမရဘူးလေ ။ အားမရစရာ အကြောင်းတွေက ရှိနေတာကို ၊ တစ်ခုခုကတော့ လိုနေပြီ ။ ဒါ လူတိုင်းလည်း သိပါတယ်။ လုပ်ခဲ့ပေါင်းလည်း ၂၀၁၁ ခုနှစ်ကတည်းက လုပ်ခဲ့တာပဲ။ ၂၀၁၅ – ၂၀၁၆ ကျတော့ လက်ပြောင်းသွားတယ်။ နောက် ပင်လုံညီလာခံလုပ်တယ်။ သိပ်ပြီး အရာ မရောက်ဘူးလေ။ ဒီဥစ္စာကို ပြန်ပြီးတော့ နလန်ထူအောင် လုပ်ဖို့က တော်တော်လေးကို ကြိုးပမ်းရလိမ့်မယ်။ ဟိုဘက်ကလူတွေ ခံစားမယ်ဆိုရင်လည်း ခံစားစရာ ဖြစ်နေတာပေါ့။

အဲဒီလို မဟုတ်ဘဲ မဟုတ်ပါဘူး ဆက်လုပ်နေပါတယ် ၊ Peace Process လုပ်နေတဲ့ နိုင်ငံခြား တွေက ပြောတာပဲ။ မဟုတ်ပါဘူး ကျနော်တို့ ကြိုးပမ်းနေပါတယ်။ ရှိနေပါတယ် လို့ သူတို့ ပြောနေတာပဲ။ ဒါပေမဲ့ ဒါတွေက အရာ မပေါ်လာဘူး။ အဲဒီတော့ လူတွေက ဒီလို ပြော လာကြ မှာပဲ။ အရင်ကတည်းဆိုရင် NCA ကို ၂၀၁၅ က ထိုးပြီးကတည်းက KNU ဆို စံနမူနာ ထားကြ တာ။ တိုင်းရင်းသားတွေဘက်က ဦးဆောင်တဲ့နေရာမှ ထားတာ။ ဒီဘက်ဆိုရင် KNU နဲ့ ဆိုရင် အရမ်းအဆင်ပြေ တာ၊ KNU ဖြစ်တဲ့အတိုင်း တခြားအရာတွေက လိုက်ပြီးဖြစ်သင့်တယ်၊ ထိုး သင့်တယ် ၊ ဆိုပြီး ထင်နေကြတာ။

အခုကျတော့ KNU ကနေ ရှေ့ဆုံးကနေ ပြောနေပြီးဆိုတော့ တော်တော်လေးကို စိတ်ပျက် စရာ ဖြစ်နေတာပေါ့။ အရင်တုန်းကဆိုရင် ပြည်ခိုင်ဖြိုးအစိုးရ (စစ်အစိုးရ ) ပြောကြသေးတာ ၊ အခုက ပြည်သူတွေ တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရ လေ။ သို့သော် သူတို့က ပြည်သူအသံကို ဟုတ်တိပတိ နားမထောင်ဘူး ။

နေပြည်တော်အဆင့်တွေကလည်း အရမ်းကို စိုးရိမ်နေတယ်။ နေပြည်တော်ကို တစ်ကယ်လို ရောက်ပြီးဆိုရင် လူထုနဲ့ တိုင်းပြည်က ဝေးသွားတာ။ အပြတ်အသတ် ကို ဝေးသွားတာ။ အဲ့တာကို ပြင်ဆင်ဖို့ တိုင်းခန်းလှည့်လည် ၊ လက်ခုပ်တီးရုံနဲ့ မရဘူး။ ပြည်သူ့လူထုရဲ့ အသံကို နားထောင်ရမယ်။ အဲ့တာတွေ ကွာတာ။ ဒီမိုကရေစီ အစိုးရ အနေနဲ့ လွဲနေတယ်။ အခု KNU က ဒီလို့ ပြောပြီးဆိုတော့ လေးလေးနက်နက်ကို စဉ်းစားဖို့ လိုနေပြီ ။ KNU အဲဒီလို ပြောတာကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလို့ပြင်းပြင်းထန်ထန် ပြောမှာ ဒီဘက်ကလည်း အရာရောက်မှလေ ။ ဒီဥစ္စာကို ကျနော်အနေနဲ့ နေပြည်တော်က လူတွေ လေးလေးနက်နက် ၊ အလေးထားပြီးတော့ စဉ်းစားသင့်တယ်လို ထင်ပါတယ်။

ဒီအတိုင်းသာ သွားရင် အလားအလာ မကောင်းဘူး ။ စစ်ဘက် ကော ၊ နိုင်ငံရေးဘက်မှကော ၊ ငြိမ်းချမ်းရေးမှကော ၊ ဖယ်ဒရယ် အရေးကော ဘယ်လိုမှ အရာမရောက်နိုင်ဘူူး။ အခု အလံနီ ၊ မီးနီပြနေပြီ ။ အန္တရာယ် ပြနေပြီ ။ ဒါကို အရေးတယူလုပ်ပြီးတော့ ပြန်လည်သုံးသပ်ပါ ။အားလုံးက ဝိုင်းပြောဖို့ လိုနေတယ်။

ဘာလို့လဲဆိုတော့ ကောင်းပြီ ၊ NCA လမ်းကြောင်း ပဲ ဆိုဆို ၊ ပင်လုံလမ်းကြောင်းပဲ ဆိုဆို ၊ ဒီဥစ္စာက ပကတိအတိုင်းပဲ ကြည့်ပြီးတော့ အခြေအနေက ဘယ်လို့မှ အရာမထင်ရင် လမ်းကြောင်းပြောင်းရမယ်။ ဒါကို သိဖို့ဆိုတာက သတ္တိရှိဖို့ လိုတယ်။ ဒီလို ပြောင်းခြင်းဖြင့် ကိုယ်က ညံ့တာ မဟုတ်ဘူူူး။ သတ္တိမရှိတာ မဟုတ်ဘူး။ အလုပ်မဖြစ်တဲ့ လမ်းကြောင်း တစ်ခုကို အလုပ်ဖြစ်အောင် လုပ်တာမှ တစ်ကယ်သတ္တိရှိတာ ။ ဒါကို သိဖို့လိုတယ်။ ငါတို့က ဒီစိတ်ရင်းစေတနာ ဦးတည်ချက်နဲ့ လုပ်တာ ပဲ ၊ ငါတို့ အပြောင်းအလဲ မခံနိုင်ဘူးဆိုရင်တော့ မှားလိမ့်မယ်။ ဟိုအရင်က လမ်းစဉ်ပါတီ ဖြစ်ခဲ့သလို ဖြစ်သွားလိမ့်မယ် ။ လမ်းစဉ်ပါတီကလည်း ၈၈ မတိုင်ခင်က ယိုယွင်းနေပြီ ။ အဲ့တာ ပြင်ပါ ဆိုတော့ မပြင်ဘူး ။ ဒီအတိုင်း ဆက်သွားနေတယ်။ ပြီးတော့ ၈၈ က ဖြစ်ကော ၊ အဲ့တာမျိုး မဖြစ်အောင် ကြိုတင်ပြီးတော့ ဆောင်ရွက်စရာ ရှိတာတွေ ဆောင်ရွက်ဖို့ လိုတယ်။ အဓိက ပြောမယ်ဆိုရင်တော့ အခုပြောနေတဲ့သူတွေ ပြန်ပြီး စေ့စပ်ပါ ။ ပွင့်ပွင့်လင်းလင်းပြောကြပါ ။ အားမရဘူး ဆိုရင် ဝိ်ုင်းပြီး ပြင်ဖို့ ပြောဖို့ လိုတယ်။ အဲ့တာ လုပ်ဖို့လိုတာက တစ်ကယ်သတ္တိ ရှိတာ ။ အဲ့အချက်တော့ သိဖို့ လိုတယ်။

ဒေါက်တာ ရန်မျိုးသိမ်း
နိုင်ငံရေးလေ့လာသုံးသပ်သူ

ကျနော်အမြင်က တစ်နိုင်ငံလုံး သဘောတူ အပစ်အခတ်ရပ်စဲရေး NCA နဲ့ ပတ်သက်ပြီးတော့ မဖြစ်မနေ ပြန်ပြီး သုံးသပ်သင့်တယ်လို မြင်တယ်။ ဒီအစိုးရ ၊ လွှတ်တော်ခေါင်းဆောင် ၊ တပ်မတော်ခေါင်းဆောင် ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အားလုံး ပါဝင်ပြီးတော့ ဒီ NCA နဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီးတော့ ပြင်ဆင်နိုင်ဖို့ လိုအပ်တယ်လို မြင်တယ်။

တကယ်တမ်းပြောရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာက ရေရှည်ဆောင်ရွက်ရတဲ့ ကိစ္စ ။ မျိုးဆက်အလိုက် နှစ် ဆယ်နှစ် ၊ ရာနဲ့ချီ ဆောင်ရွက်ရတဲ့ ကိစ္စ ဖြစ်တယ်။ အဲ့ဒီအခါ အဲဒီ ခရီးရှည်ကြီးမှ လိုအပ်ချက်တွေ ၊ အားနည်းချက်တွေကို ပြင်ဆင်ပြီး ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆောင်ရွက်ပြီးတော့ ယုံကြည်မှု ၊ နားလည်မှု ရှိရှိနဲ့ ခရီးဆက်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲ့တော့ ပထမအဆင့်ကတော့ အစိုးရနဲ့ တပ်မတော် အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖို့ ဖော်ဆောင်နိုင်ဖို့ စဉ်းစားသင့်တယ်လို မြင်တယ်။ ဒုတိယအဆင့်အနေနဲ့တော့ အစိုးရ ၊ တပ်မတော်နဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ NCA ထိုးထားတဲ့ အဖွဲ့အစည်းတွေကော ၊ NCA မထိုးထားတဲ့ အဖွဲ့အစည်းတွေကော ကြားမှ တနည်းအားဖြင့် အဲ့ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေကြားမှ ပွင့်ပွင့်လင်းလင်း အကြိတ်အနယ် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက် တတိယအဆင့် နဲ့ကျတော့ အဆုံးအဖြတ်ပေးနိုင်မယ့် ခေါင်းဆောင်တွေ ကြားမှ အလွတ် သဘော တွေ့ဆုံမှု တွေ ၊ အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုတွေထဲကနေ ယုံကြည်မှုတွေ ၊ နားလည်မှုတွေ ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ၊ တိုးချဲ့ နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ လက်ရှိလွှတ်တော်အတွင်းကနေ ဖော်ဆောင်နေတဲ့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေဟာလည်း ပြည်တွင်းလုပ်ငန်းစဉ် ။

ပြည်ထောင်စုလုပ်ငန်းစဉ် တွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ မြင်တယ်။ အဲ့ဒီအခါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြပ်အတည်း ကျော်လွှားဖို့ ၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဒီနှစ်ခုဟာ ဟန်ချက်ညီညီနဲ့ ရှေ့သွားနောက်လိုက်ညီ သွားဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲ့တာမှသာလျှင် ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ၊ ဆင်းရဲမွဲတေမှု လျော့ချရေး ၊ စီးပွားရေးဖွံံံဖြိုးတိုးတက်ရေး ဆိုတဲ့ ရည်မှန်းချက်တွေဆိုတာဟာတွေလည်း အချိန်တိုအတွင်းမှ ခရီးပေါက်နိုင်မယ်လို့ မြင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com