All News Local News Peace

တပ်ရဟတ်ယာဉ်ဖြင့် မှားယွင်းတိုက်ခိုက်မှုကြောင့် တပ်မတော်သားတစ်ဦး သေဆုံးဟု AA သတင်းထုတ်ပြန်

ရန်ကုန်၊ မတ် ၁၃

တပ်မတော်က ရဟတ်ယာဉ်များဖြင့် AA ရခိုင်လက်နက်ကိုင်အဖွဲ့ ကို တိုက်ခိုက်ရာတွင် အချင်းချင်းမှားယွင်းပစ်ခတ်မှုကြောင့် တပ်မတော်သားများ သေဆုံးမှုရှိကြောင်း AA အဖွဲ့ က မတ်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၁၂ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် တွင် တပ်မတော်နှင့် AA တပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားကြောင်း၊ ရဟတ်ယာဉ် ၂ စီးဖြင့် တိုက်ခိုက်မှုများရှိခဲ့ပြီး တပ်မ ၂၂ မှ တပ်သား တစ်ဦးသည် ရဟတ်ယာဉ် ပေါ်မှ ပစ်ခတ်သော ရော့ကတ်လောင် ချာထိ၍ သေဆုံးကြောင်း AA က ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာတွင် မတ်လ ၁၂ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခြင်းနှင့် တပ်မတော်က ရဟတ်ယာဉ်အသုံးပြု၍ တိုက်ခိုက်မှုများဖြစ်ပေါ်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူ ၃၀၀ နီးပါးသည် စစ်ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံ ရွာသားများက ပြောသည်။

“ထွက်ပြေးနေတာက ၃၀၀ လောက်ရှိတယ်လို့သိထားတယ်။ အဓိက လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေ၊ ရဟတ်ယာဉ်တွေနဲ့ လာပစ်တာတွေရှိတော့ ရွာသားတွေ အားလုံး ကြောက် လန့်ပြီး ထွက်ပြေးနေကြတာ” ဟု ဒေသခံ ကျေးရွာသားက ဆိုသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင် ၁၀၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့များ၏ ပြောဆိုချက် အရသိရှိရသည်။

ဓာတ်ပုံ- AA တပ်ဖွဲ့က ထုတ်ပြန်သော ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်သော လောင်ချာထိ၍ ကွယ်လွန်သွားခဲ့သော တပ်မတော်သား တစ်ဦး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com