Local News Peace political news

တပ်မတော်ရဟတ်ယာဉ်ဖြင့် ၅ နာရီကျော်၊ တိုက်လေယာဉ်ဖြင့် ၁၀ ကြိမ် တိုက်ခိုက်ဟုဆို၊ ဖမ်းဆီးရမိသော တပ်မတော်သား ၁၁ ဦးတွင် မြိုလူမျိုး ၇ဦး ပါဝင်ဟုဆို

ရန်ကုန်၊ မတ် ၁၄

တပ်မတော်က အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ရာတွင် ယမန်နေ့ညပိုင်းက စစ်ရဟတ်ယာဉ်ဖြင့် ၅ နာရီကျော် တိုက်ခိုက်ပြီး တိုက်လေယာဉ်ဖြင့် ၁၀ ကြိမ် တိုက်ခိုက်ကြောင်း အေအေက ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်ဇောက်မှနေ၍ ပုဏ္ဏားကျွန်းမြို့နယ်၊ “ဗုဒ္ဓေါရွာ” အနောက်ဖက် တောင်တန်းများပေါ်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်များမှုကို မတ်လ၁၃ ရက်၊ နံနက် ၁၀ နာရီမှ စတင်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းအထိ ကြိမ်ရေ နှစ်ထောင်ကျော်( ၂၀၀၀) ကျော် ပစ်ခတ်ခဲ့ ကြောင်း၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်မှုသည် ယမန်နေ့ ညနေ(၄)နာရီ (၃၅)မိနစ်တွင် စတင်ခဲ့ပြီး ညနေ (၉) နာရီခန့်အထိ ကြာမြင့်ကြောင်း၊ ယမန်နေ့ညပိုင်းတွင် ဂျက်တိုက်လေယာဉ်(၁) စီးဖြင့် ည ၉ နာရီနောက်ပိုင်းတွင် မိုးလင်း သည်အထိ တစ်ညလုံးနီးပါးလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သော အကြိမ်အရေအတွက် (၁၀) ကြိမ်ရှိကြောင်း သိရှိရသည်။
အေအေ တပ်ဖွဲ့က သိမ်းပိုက်ထားသော ယာယီဗျူဟာကုန်းပတ်ဝန်းကျင်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် မှတ်တိုင် (၆၆) နှင့် (၆၇) (BP-66 , BP-67) ပတ်ဝန်းကျင်များသို့ ဟတ်စကီး(၂)စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရှိကြောင်း အေအေက သတင်းထုတ်ပြန်သည်။

အေအေ တပ်ဖွဲ့ က ဖမ်းဆီးထားသော တပ်မတော်သား ၁၁ ဦးတွင် ၇ ဦးမှာ မြိုလူမျိုးမှာဖြစ်ကြပြီး ကျန် ၄ ဦးမှာ ဗိုလ်မှူးချုပ် မောင်မောင်မြင့် (နေပြည်တော်) ၏ ကွပ်ကဲမှုအောက်တွင်ရှိသော ဆက်သွယ်ရေးတပ်နှင့် မြေတိုင်း ဦးစီးဌာနမှ ဖြစ်သည်ဟု အေအေ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အေအေ၏ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ရန် ကြိုးပမ်းလျက်ရှိပြီး ယခုအချိန်အထိ အဆက်အသွယ်မရရှိသေးပေ။

ဓာတ်ပုံ- အေအေ တပ်ဖွဲ့က သိမ်းပိုက်ထားသော ဗျူဟာမှူးအခြေစိုက် ယာယီစခန်းပုံ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com