All News Local News

တပ်နှင့်ကြံ့ခိုင်ရေး ပူးပေါင်းခြင်း မရှိသည့်အပြင် ခိုင်းသမျှ လိုက်မလုပ်ဟုဆို၊ လွှတ်တော်နာယကကို စွပ်စွဲပြစ်တင်မှုတွင် တပ်မတော် ပါဝင်နိုင်

ရန်ကုန်၊ မတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တပ်မတော်နှင့် ပူးပေါင်းနေခြင်း မဟုတ်ဘဲ တပ်မတော်ခိုင်းသမျှ လိုက်လုပ်နေရသည့် အဖွဲ့အစည်းလည်း မဟုတ် ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့်သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ၎င်း က အထက် ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“တချို့တွေက ပြည်ခိုင်ဖြိုးနဲ့ တပ်ကို တိုင်ပင်ပြီးတော့မှ၊ ရည်ရွယ်ပြီးတော့မှ လုပ် တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ ဝေဖန်တာတွေ၊ လော်ဘီလုပ်နေတာတွေ တွေ့ရ တယ်။ အမှန်က မဟုတ်ဘူး။ ကျနော်တို့ ပြည်ခိုင်ဖြိုးနဲ့ တပ်နဲ့က ပြည်ခိုင်ဖြိုး သည် Political Institution တစ်ခုပဲ။ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ သွားနေတယ်။ တပ်မတော် သည်လည်း သူ့ရဲ့ အစိုးရအဖွဲ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ သူ့ရဲ့မိခင် တာဝန်တွေကို ထမ်းဆောင်ပြီးတော့ Institution တစ်ခုအနေနဲ့ သွားနေ တယ်။ မတူဘူး” ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သည် ရည်ရွယ်ချက်တူညီသည်များကို ပူးပေါင်း လုပ် ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့တွေလည်း နိုင်ငံတော်နဲ့ နိုင်ငံသားကောင်းကျိုးအတွက်၊ ဒီနိုင်ငံကြီး ရဲ့ အချုပ်အခြာအာဏာ မဆုံးရှုံးဖို့အတွက်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးလုံခြုံဖို့အတွက် ကျနော်တို့လည်းလုပ်တယ်။ အဲဒီအမြင်ချင်း ဒီဘက်က တပ်မတော်ကလည်း တူတယ်ဆိုရင်တော့ တူညီတဲ့အပိုင်းတွေမှာ တချို့ကိစ္စ တွေမှာ အမြင်ချင်း၊ ရပ်တည်ချက်ချင်း တူတာလေးတွေ ရှိကောင်း ရှိမယ်။ သို့သော် ကျနော်တို့ဟာ တပ်နဲ့ပူးပေါင်းပြီးတော့မှ ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်း မဟုတ်ဘူး။ တပ်ကပြောတာကို လိုက်လုပ်နေတဲ့ အဖွဲ့အစည်း မဟုတ် သလို တပ်ကလည်း ကျနော်တို့ပြောတာကို လိုက်လုပ်နေတဲ့အဖွဲ့အစည်း မဟုတ်ဘူး။ ဒါလေးကိုတော့ ကွဲကွဲပြားပြား ရှင်းဖို့လိုတယ်” ဟု ၎င်းက ရှင်းပြသည်။

လတ်တလော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စများတွင် ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ဥပဒေနှင့်မညီသော ဆုံးဖြတ်ဖျက်များ လုပ်ဆောင်နေသည့်အတွက် ကြံ့ခိုင်ရေးပါတီက စွပ်စွဲပြစ်တင် ရန် စီစဉ်နေ ကြောင်း၊ ယင်းစီစဉ်မှုတွင် တပ်မတော်က ပူးပေါင်းပါဝင်နိုင်သည့် အနေအထား ရှိကြောင်း ၎င်းက ရှင်းပြသည်။

“နာယကနေပြီးတော့မှ ဥပဒေနဲ့မညီ ခုနကော်မတီကို ပေးပို့သွားတယ်ဆိုတော့ သူလုပ်ရမယ့်လုပ်ငန်းစဉ်တွေကို မလုပ်ဘူး။ ပေးထားတဲ့လုပ်ငန်းစဉ်တွေအတိုင်း မလုပ်ဘဲနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ ပူးပေါင်းကော်မတီကိုပေးပို့မယ်ဆိုတဲ့အခါ ဒါ လည်း ဥပဒေနဲ့မညီဘူး။ ဆိုတော့ လွှတ်တော်မှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားတဲ့ ဥပဒေအတိုင်းမလုပ်ဘဲနဲ့ ဥပဒေကို ကျော်လွန်ပြီးလုပ်တာသည် ဒါ ခုနပြောတဲ့ သူ့ရဲ့ တာဝန်ဝတ္တရား ပျက်ကွက် တာပဲ။ ဒါကြောင့် ပြည်ခိုင်းဖြိုးပါတီနဲ့ တာဝန်ရှိ လွှတ်တော်ကိုယ်စား လှယ်တွေ ကနေပြီးတော့မှ ၄ ပုံ ၁ ပုံပေါ့ လက်မှတ်ရေးထိုးပြီးတော့မှ စွပ်စွဲပြစ်တင်ဖို့ လိုအပ်ရင်လုပ်သွားမယ်လို့ ကျနော်တို့ ဆောင်ရွက် နေတဲ့အနေ အထား ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကျနော်တို့ ရပ်တည်ချက်ချင်း၊ အမြင်ချင်း တူ တယ်။ ဥပဒေနဲ့မညီဘူးလို့ တပ်ကလည်းယူဆတယ်ဆိုရင်တော့ ကျနော်တို့ ဒါ ပူးပေါင်းပါဝင်လာနိုင်တဲ့အနေအထားရှိတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ရှင်းပြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts