All News interview Peace

“တပ်နဲ့ပူးပေါင်းပြီးတော့မှ ဆောင်ရွက်နေ တဲ့အဖွဲ့အစည်းမဟုတ်ဘူး။ ဦးသိန်းစိန် အစိုးရ နဲ့ယှဉ်ပြီးပြောရလို့ရှိရင်တော့ တိုင်းရင်းသားတွေရဲ့ လက်ရှိအစိုးရ အပေါ်မှာ ယုံကြည်မှုကတော့ ပိုပြီးတော့ အားနည်းသွားတယ်”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့် နှင့်တွေ့ဆုံခြင်း အပိုင်း ၁

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သည် သဘောထားတူညီစွာ ရပ်တည်နေသကဲ့သို့ နိုင်ငံရေးရာ ကိစ္စများတွင်လည်း အမြင်တူစွာ ရှိနေသည့်အတွက် လက်ရှိ နိုင်ငံရေး အခင်းအကျင်း များနှင့်ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့် ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ USDP အနေနဲ့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ပူးပေါင်းကော်မတီရဲ့အောက်ကို ကြံ့ခိုင်ရေးက USDP က ပြင်ချင်တဲ့အချက်က ရောက်သွားတယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ USDP ပါတီရဲ့ တုံ့ပြန်ချက်ပေါ့ အဲဒါလေးသိချင်ပါတယ်။

ဖြေ ။ ။ ပထမအချက်ပြောရရင် ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မယ့်ကိစ္စကို လုံးဝမကန့်ကွက်ဘူး။ ကျနော်တို့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာလည်း ပြင်သင့်ပြင်ထိုက်တဲ့ အချက် အလက် တွေကို ကျနော်တို့ ပြင်ဖို့ ကြိုးစားဆောင်ရွက်ခဲ့တာရှိတယ်။ အခု ကျနော်တို့ လွှတ်တော်ထဲမှာ မကြာခင်ကာလက ဖြစ်ပေါ်ခဲ့တဲ့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့ အရေးကြီးအဆို တင်သွင်းတာရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်ဆိုရင် ဘယ်လိုပြင် ရမယ်ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) မှာ အတိအလင်း ဖော်ပြထားပြီးသား။

ပြင်မယ်ဆိုရင် အဲဒီလုပ်ထုံးလုပ်နည်းအတိုင်း၊ ဥပဒေကပေးထားတဲ့ အခွင့်အရေး အတိုင်း ပြင်လို့ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်လို့ရတဲ့အခြေအနေ မှာရှိတယ်။ ပြင်လို့ရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်။ ပြင်လို့မရစရာ အကြောင်းမရှိဘူး။ သို့သော် အရေးကြီးအဆိုတင်တာက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဆိုတဲ့အခါကျတော့ ပြင်ဖို့အတွက် အခွင့်အရေးတွေပေးထားပြီးသား ဖြစ်လျက်နဲ့ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ထပ်ဖွဲ့တာသည် ဥပဒေနဲ့မညီညွတ်ဘူးလို့ ဒါ ကျနော်တို့ ဥပဒေရှုထောင့်အရ ကျနော်တို့ပါတီဘက်က မြင်တယ်။ မြင်တဲ့အတွက် ကျနော်တို့က အဲဒီကော်မတီဖွဲ့စည်းတာကို ပထမ ကျနော်တို့ ကန့်ကွက်ခဲ့တယ်။

ဒါပေမယ့် မဲခွဲပြီးတော့မှ အများစုထောက်ခံတဲ့အတွက် ပြည်ထောင်စု လွှတ်တော်ကနေမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီကိုဖွဲ့တယ်။ အဲဒီမှာ ရာခိုင်နှုန်းအချိုးတွေ၊ ကိုယ်စားပြုမှုတွေကို ကျနော်တို့ ခွဲတမ်းချတဲ့အခါကျတော့လည်း ကျနော်တို့ဘက်ကနေပြီးတော့မှ ကိုယ်စားပြုမှုအချိုးအရ နည်းပါးတာဖြစ်တဲ့အတွက် မျှတအောင်ထည့်ပေးဖို့ တောင်းဆိုတယ်။ သို့သော်လည်းပဲ မရခဲ့ဘူးပေါ့။ ပြည်ထောင်စုလွှတ်တော်ကမှ အတည်ပြုပြီးတဲ့ ကော်မတီတစ်ရပ်ဖြစ်တဲ့အတွက် ကျနော်တို့က ဒါကို လေးစားလိုက်နာသောအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလည်း ဘောင်ထဲကနေပြီးတော့မှ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက်၊ အမျိုးသားအကျိုးစီးပွားအတွက် တတ်နိုင်သမျှ ပူးပေါင်းပါဝင်မယ်ဆိုတဲ့ ကျနော်တို့ ဒါ ၄၅ ဦးကော်မတီထဲမှာလည်း ကျနော်တို့ ပူးပေါင်းပါဝင်ပေးခဲ့တယ်။

အဲဒါနဲ့တစ်ပြိုင်နက်တည်းမှာ ကျနော်တို့က ပုဒ်မ ၂၆၁ က သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေက သူ့ရဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ရွေးချယ်ပေးပြီးတော့မှ ပြည်ထောင်စုအဆင့်မှာရှိတဲ့ သမ္မတကနေပြီးတော့မှ အတည်ပြုခန့်အပ်ပေးဖို့၊ ယခင်တုန်းကတော့ သမ္မတကနေပြီးတော့မှ ဝန်ကြီးချုပ်တွေကို တိုက်ရိုက်အမည်စာရင်းတင်သွင်းပြီး ခန့်တာကို လွှတ်တော်က အတည်ပြုပေးတာ။ အခုက လွှတ်တော်ကနေ ရွေးချယ်ပေးပြီးတော့မှ သမ္မတက အတည်ပြုပေးဖို့။ ဒါကလည်း တိုင်းရင်းသားတွေလိုလားနေတဲ့ လိုအပ်ချက်တစ်ခုပဲ၊ လိုလားချက်တစ်ခု။ ဆိုတဲ့အခါကျတော့ ကျနော်တို့က ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မတွေအတိုင်း ၂၀ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ထိုးတယ်။

ဥပဒေမူကြမ်းအဖြစ် ကျနော်တို့ လွှတ်တော်ကိုတင်တယ်။ အဲဒါကို ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့မှ ၁၄ ရက်အတွင်းမှာ လက်ခံစဉ်းစားပြီးတော့မှ ဒါ ဆွေးနွေးကြတာ။ ဆွေးနွေးပြီးလို့ရှိရင် ကျနော်တို့က အတည်ပြုသင့် မပြုသင့် မဲခွဲမယ်။ ဒါ သူ့ရဲ့ဥပဒေအတိုင်းဆောင်ရွက်တာ။ အဲဒါကို အခု ကျနော်တို့ ဒီ ပြည်ခိုင်းဖြိုးကနေ ဥပဒေကြမ်းအဖြစ် တင်သွင်းထားတဲ့ ၂၀ ရာခိုင်နှုန်း လက်မှတ်ထိုးပြီး ဥပဒေကြမ်းအဖြစ် တင်သွင်းထားတဲ့ ဒီပြင်ဆင်ရေးကို ပူးပေါင်းကော်မတီမှာ ပေးပို့ပြီးတော့မှ ဆောင်ရွက်သွားမယ်ဆိုတဲ့အခါကျတော့ ဒါကလည်း ဥပဒေနဲ့မညီညွတ်ဘူး။ အခြေခံဥပဒေက ပေးထားတဲ့အခွင့်အရေးအတိုင်း လုပ်ငန်းစဉ်အတိုင်း၊ ဥပဒေပုဒ်မတွေအတိုင်း ဆက်လက်ဆောင်ရွက်မယ့်ဟာကို ခုန ကျနော်တို့ တရားမဝင်ပါဘူးလို့ ကန့်ကွက်ထားတဲ့ ပူးပေါင်းကော်မတီကို ထပ်ပြီးတော့မှ လွှတ်တော်နာယကနေပြီးတော့မှ ပေးပို့ဆောင်ရွက်သွားမယ်ဆိုပြီးတော့ အကြောင်းပြန်လာတာရှိတယ်။ ဆိုတော့ ကျနော်တို့ ကော်မတီဖွဲ့တာလည်း ဥပဒေအရ မညီညွတ်ဘူး၊ နောက်တစ်ခါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကိုလည်း ကျနော်တို့ ဥပဒေနဲ့အညီလုပ်တာကို တစ်ခါ ဒီ နာယကနေပြီးတော့မှ ဥပဒေနဲ့မညီ ခုနကော်မတီကို ပေးပို့သွားတယ်ဆိုတော့ သူလုပ်ရမယ့်လုပ်ငန်းစဉ်တွေကို မလုပ်ဘူး။

ပေးထားတဲ့လုပ်ငန်းစဉ်တွေအတိုင်း မလုပ်ဘဲနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ ပူးပေါင်းကော်မတီကိုပေးပို့မယ်ဆိုတဲ့အခါ ဒါလည်း ဥပဒေနဲ့မညီဘူး။ ဆိုတော့ လွှတ်တော်မှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားတဲ့ ဥပဒေအတိုင်းမလုပ်ဘဲနဲ့ ဥပဒေကိုကျော်လွှန်ပြီးလုပ်တာသည် ဒါ ခုနပြောတဲ့ သူ့ရဲ့ တာဝန်ဝတ္တရား ပျက်ကွက်တာပဲ။ ဒါကြောင့် ပြည်ခိုင်းဖြိုးပါတီနဲ့ တာဝန်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေကနေပြီးတော့မှ ၄ ပုံ ၁ ပုံပေါ့ လက်မှတ်ရေးထိုးပြီးတော့မှ စွပ်စွဲပြစ်တင်ဖို့ လိုအပ်ရင်လုပ်သွားမယ်လို့ ကျနော်တို့ ဆောင်ရွက်နေတဲ့အနေအထားဖြစ်ပါတယ်။

မေး ။ ။ တပ်မတော်ဘက်ကရော ပါလာနိုင်လား။ ဘာကြောင့်လဲဆိုတော့ တပ်တော်ဘက်ကလည်း ဆရာတို့နဲ့ တောက်လျှောက် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ NLD က ဖွဲ့တဲ့ဟာကို ကန့်ကွက်တာမှာလည်း ပါတယ်၊ နောက်ပြီးတော့ သူတို့ ဥပဒေနဲ့မညီဘူးလို့ ပြောတဲ့အခါမှာလည်း အတူတူတွဲပါတဲ့အခါကျတော့ ဒီ စွပ်စွဲပြစ်တင်တဲ့အခါမှာရော တပ်မတော်ရော ပူးပေါင်းပါဝင်လာနိုင်လား။

ဖြေ ။ ။ ဥပဒေနဲ့မညီလို့ ဆောင်ရွက်တဲ့ကိစ္စတွေမှာ ရပ်တည်ချက်ခြင်း၊ အမြင်ချင်း တူရင်တော့ ပါဝင်လာနိုင်တာပေါ့။ ဒါပေမယ့် ဒီနေရာမှာ ဖြည့်စွက်ပြီးတော့ ပြောချင်တာက ကျနော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက်၊ အမျိုး သားရေး လုပ်ငန်းစဉ်တွေအတွက်၊ နောက် ကျနော်တို့နိုင်ငံရဲ့ ခုနပြောတဲ့ State Policy တွေနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ရဲ့ အမြင်ချင်း ရင်ဘတ်ချင်း တူတယ်လို့ ပြောရမှာပေါ့။ ဒီလိုတူတဲ့ကိစ္စတွေမှာ တပ်နဲ့ ကျနော်တို့ သဘောထား သွားတူတာတွေရှိတယ်။ ဒါပေမယ့် တချို့တွေက ပြည်ခိုင်ဖြိုးနဲ့ တပ်ကို တိုင်ပင်ပြီး တော့မှ၊ ရည်ရွယ်ပြီးတော့မှ လုပ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ ဝေဖန်တာတွေ၊ လော်ဘီလုပ်နေတာတွေ တွေ့ရတယ်။ အမှန်က မဟုတ်ဘူး။ ကျနော်တို့ ပြည်ခိုင်ဖြိုးနဲ့ တပ်နဲ့က ပြည်ခိုင်ဖြိုးသည် Political Institution တစ်ခုပဲ။ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ သွားနေတယ်။

တပ်မတော်သည်လည်း သူ့ရဲ့ အစိုးရအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သူ့ရဲ့မိခင်တာဝန်တွေကို ထမ်းဆောင်ပြီးတော့ Institution တစ်ခုအနေနဲ့ သွားနေတယ်။ မတူဘူး။ သို့သော် ကျနော်တို့တွေလည်း နိုင်ငံတော်နဲ့ နိုင်ငံသားကောင်းကျိုးအတွက်၊ ဒီနိုင်ငံကြီးရဲ့ အချုပ်အခြာအာဏာ မဆုံးရှုံးဖို့အတွက်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးလုံခြုံဖို့အတွက် ကျနော်တို့လည်းလုပ်တယ်။ အဲဒီအမြင်ချင်း ဒီဘက်က တပ်မတော်ကလည်း တူတယ်ဆိုရင်တော့ တူညီတဲ့အပိုင်းတွေမှာ တချို့ကိစ္စတွေမှာ အမြင်ချင်း၊ ရပ်တည်ချက်ချင်း တူတာလေးတွေ ရှိကောင်း ရှိမယ်။

သို့သော် ကျနော်တို့ဟာ တပ်နဲ့ပူးပေါင်းပြီးတော့မှ ဆောင်ရွက်နေ တဲ့အဖွဲ့အစည်းမဟုတ်ဘူး။ တပ်ကပြောတာကို လိုက်လုပ်နေတဲ့ အဖွဲ့အစည်းမဟုတ်သလို တပ်ကလည်း ကျနော်တို့ပြောတာကို လိုက်လုပ်နေတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဒါလေးကိုတော့ ကွဲကွဲပြားပြားရှင်းဖို့လိုတယ်။ ဒီနေရာမှာလည်း ကျနော်တို့ ရပ်တည်ချက်ချင်း၊ အမြင်ချင်း တူတယ်။ ဥပဒေနဲ့မညီဘူးလို့ တပ်ကလည်းယူဆတယ်ဆိုရင်တော့ ကျနော်တို့ ဒါ ပူးပေါင်းပါဝင်လာနိုင်တဲ့အနေအထားရှိတယ်။

မေး ။ ။ USDP မှာကျတော့ရော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လမ်းပြမြေပုံလိုမျိုးပေါ့နော်၊ ဥပမာ ခုတော့ ၂၆၁ တစ်ခုတည်း ပြင်မယ်ပေါ့နော်။ နောက်ထပ်ရော ပြင်ချင်တဲ့အချက်တွေ၊ ပြင်မယ့် အနေအထားမျိုး၊ ဘယ်အဆင့်ရောက်ရင်တော့ ဘာတွေကိုပြင်မယ်ဆိုတာမျိုး အဲ့လိုမျိုးရှိလား။

ဖြေ ။ ။ စနစ်တကျပြင်ဆင်ထားတာရှိပါတယ်။ ဘာလို့လဲဆို ကျနော်တို့ ပထမ အကြိမ် လွှတ်တော်သက်တမ်းကတည်းကိုက ဘယ်အချက်အလက်တွေ ပြင်ဆင်ဖို့လိုတယ်ဆိုတာ စနစ်တကျ ကျနော်တို့ ပြင်ဆင်ထားပြီးသားဖြစ်တယ်။ အခုလည်း ကျနော်တို့က ဥပဒေနဲ့အညီပဲ တောက်လျှောက် လိုအပ်ရင် လိုအပ်သလို တောက်လျှောက်တင်ပြပြီးတော့ စံချိန်စံညွှန်းနဲ့ညီအောင်၊ နောက် ကျနော်တို့ ခေတ်စနစ်နဲ့လည်း လျော်ညီအောင် နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် လိုအပ်တဲ့အချိန်မှာ လိုအပ်သလိုတင်ပြပြီး ပြင်ဆင်သွားဖို့ ကြိုးစားသွားမှာပါ။

မေး ။ ။ ဆိုတော့ အဲဒီဟာကိုရော တရားဝင် Public ထုတ်ပြန်ဖို့ရှိလား။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ဘယ်အချက် ဘယ်အချက်တွေမှာ၊ ဘယ်အချိန်ဘယ်အချိန်တွေမှာ ပြင်မယ်၊ ဘယ်လိုဘယ်လိုပြင်မယ်ဆိုတဲ့ဟာမျိုး အဲဒါမျိုးရော ထုတ်ပြန်ဖို့ရှိလား။

ဖြေ ။ ။ ဒါကတော့ ကျနော်တို့ စဉ်းစားပြီးတော့ ဆောင်ရွက်သွားရမယ့်ကိစ္စပဲ။

မေး ။ ။ နောက်တစ်ခုက ဒီ အရင်တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များကော်မရှင်ကနေပြီးတော့ ဒါ သူတို့ရဲ့ကော်မရှင်ကို သက်တမ်းတိုးမပေးတော့ဘူးပေါ့နော်၊ ရုပ်သိမ်းလိုက်တယ်ပေါ့။ လွှတ်တော်ဘက်ကနေ။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ၊ ၃ နှစ်လောက်လုပ်လာပြီးတော့မှ ခုကျတော့မှ အရင်တုန်းကတော့ ကန့်ကွက်နေတဲ့ကြားက အတည်ပြုခဲ့တယ်။ ဒါပေမယ့် အခုကျတော့ ၃ နှစ်ကြာတဲ့အချိန်မှာ ဖျက်သိမ်းလိုက်တယ်ဆိုတော့လေ၊ ဒီအပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ကျနော်တို့ကန့်ကွက်တာက ဦးရွှေမန်းကော်မရှင်မလို့ ကန့်ကွက်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ စပြီးတော့တည်ကတည်းကိုက ဥပဒေနဲ့မညီညွတ်တဲ့ကိစ္စတွေကိုပဲ ကျနော်တို့က ကန့်ကွက်တယ်။ နောက်တစ်ခါ နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးကို ထိခိုက်လိမ့်မယ်လို့ ယူဆတဲ့ကိစ္စတွေ၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်မယ်လို့ ယူဆတဲ့ကိစ္စတွေ၊ နိုင်ငံတကာဖိအားတွေနဲ့ပတ်သက်ပြီး တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့ကိစ္စတွေမှာတော့ ကျနော်တို့ ကန့်ကွက်ခဲ့တာပါ။ ဒါကတော့ အတိုက်အခံပါတီအနေနဲ့ လုပ်ကိုလုပ်ရမယ့် အမျိုးသားအကျိုးစီးပွားအတွက် လုပ်ကိုလုပ်ရမယ့် အလုပ်ပဲ။

ဥပဒေနဲ့ညီညွတ်တယ်၊ နိုင်ငံတော်နဲ့ နိုင်ငံသားအတွက် အကျိုးရှိတယ်၊ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးရှိတယ်ဆိုရင် ကျနော်တို့က ဘယ်အဖွဲ့အစည်းနဲ့မဆို၊ ဘယ်ပါတီနဲ့မဆို ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပဲ။ ဆိုတဲ့အခါကျတော့ ဦးရွှေမန်းကော်မတီ စဖွဲ့တုန်းကလည်း ဥပဒေနဲ့မညီညွတ်ဘူးလို့ သုံးသပ်ရရှိတဲ့အတွက် ကျနော်တို့ ကန့်ကွက်ခဲ့တယ်။ သို့သော်လည်း မဲခွဲပြီးတော့ အတည်ပြုတယ်။ ကျနော်တို့ ပြဿနာမရှိဘူး။

ဒါ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ပဲ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးအတွက် အကျိုးရှိတယ်ဆိုရင် ကျနော်တို့ ပြောစရာအကြောင်းမရှိဘူး။ အခုလည်း ဖျက်သိမ်းလိုက်တဲ့အပေါ်မှာ ဒါကတော့ လက်ရှိအစိုးရ၊ လက်ရှိ အာဏာရအစိုးရ အနိုင်ရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ သဘောထားနဲ့ပဲ ဒါ ဖျက်သိမ်းခဲ့တာပဲ။ အတည်ပြုတုန်းကလည်း ဒီမဲနဲ့ပဲ အတည်ပြုခဲ့တာဖြစ်တဲ့အတွက် ဒီအပေါ်မှာ သူတို့အမြင်နဲ့ သူတို့သုံးသပ်ချက်နဲ့ ဆောင်ရွက်တဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့ ပြောစရာအကြောင်းမရှိပါဘူး။

မေး ။ ။ သူရဦးရွှေမန်းကိုယ်တိုင်က ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီဆိုပြီးတော့ ပါတီတစ်ခု တည်ထောင်ခွင့် လျှောက်ထား တယ်ပေါ့နော်။ သူကလည်း အရင်တုန်းက ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တယ်၊ USDP မှာ ဥက္ကဋ္ဌဟောင်းဖြစ်တယ်၊ လွှတ်တော်နာယက၊ ပြီးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့တယ်ဆိုတော့ သူ့ရဲ့ပါတီနဲ့ USDP နဲ့က မဟာမိတ်ဖြစ်လာနိုင်လား။

ဖြေ ။ ။ ဦးရွှေမန်းပါတီမှမဟုတ်ဘူး၊ ကျနော်တို့ … ၂ ပိုင်းပေါ့၊ တစ်ပိုင်းကတော့ နိုင်ငံသားမှန်လို့ရှိရင် နိုင်ငံသားတစ်ယောက်ရဲ့ Right အရ သူယုံကြည်ရာ၊ သူမျှော်မှန်းသလို သူ့စိတ်ထဲမှာရှိတဲ့ဟာကို ဥပဒေနဲ့အညီ အကောင်အထည်ဖော်ခွင့်ရှိတယ်။ လုပ်လို့ရတယ်။ အဲဒီအပေါ်မှာတော့ ကျနော်တို့ ပါတီတည်ထောင်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ ဝေဖန်စရာအကြောင်းမရှိဘူး။ နောက်တစ်ခါ ဦးရွှေမန်းပါတီရယ်မှမဟုတ်ဘူး၊ NLD ပါတီနဲ့ဖြစ်ဖြစ်၊ ဦးရွှေမန်းပါတီနဲ့ပဲဖြစ်ဖြစ်၊ ခုန NDF ပါတီနဲ့ဖြစ်ဖြစ်၊ တိုင်းရင်းသား ဘယ်ပါတီနဲ့ဖြစ်ဖြစ် ကျနော်တို့နိုင်ငံသားတွေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားအတွက်ဆိုရင် ဘယ်ပါတီနဲ့မဆို ကျနော်တို့က ပူးပေါင်းသွားမှာပဲ၊ လက်တွဲသွားမှာပဲ၊ ဆောင်ရွက်သွားမှာပဲ။

သူတို့ရဲ့လုပ်ဆောင်ချက်က နိုင်ငံတော်နဲ့ နိုင်ငံသားအတွက် အကျိုးမရှိဘူး၊ အန္တရာယ်ရှိတယ်လို့ ယူဆရင်တော့ ဘယ်ပါတီနဲ့မဆို ကျနော်တို့က အတိုက်အခံလုပ်သွားမှာပဲ၊ ပြောသွားမှာပဲ၊ ထောက်ပြသွားမှာပဲ၊ ဆန့်ကျင်သွားမှာပဲ။ ဒါကတော့ ဦးရွှေမန်းပါတီအပေါ်မှာတော့ အထူးပြုပြောစရာမရှိဘူး။ ကျနော်တို့က နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက်ဆို ဘယ်ပါတီနဲ့မဆို ပူးပေါင်းသွားမှာပဲ။

မေး ။ ။ ပုဂ္ဂိုလ်ရေးမရှိဘူးဆိုတဲ့သဘောပေါ့။
ဖြေ ။ ။ မရှိပါဘူး၊ မရှိပါဘူး။

မေး ။ ။ ပါတီက နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက်ဆိုရင် ပူးပေါင်းမယ်ပေါ့။ နောက်တစ်ခုက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ အခု မနေ့က ချင်းမိုင်မှာကျင်းပတဲ့ PPST အစည်းအဝေးမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက သူပြောသွားတာလေးရှိတယ်။ လောလောဆယ် လက်ရှိ နိုင်ငံရေးအနေအထားမှာ NCA လမ်းကြောင်းက သွေဖည်နေတယ်ပေါ့နော်။ တန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရေးဟာ သွေဖည်နေပြီဆိုပြီးတော့ သူကပြောသွားတယ်။ ဆိုတော့ ဒီပြောဆိုချက်အပေါ်က ဒါ ငြိမ်းချမ်းရေးအတွက် လမ်းစပျောက်သွားတဲ့သဘောလားဆရာ၊ ဘယ်လိုသုံးသပ်လို့ရလဲ။

ဖြေ ။ ။ သေချာတာတစ်ခုကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ Delay ဖြစ်သွားတာတော့ သေချာတာပဲ။ နောက်တစ်ခါ ဦးသိန်းစိန်အစိုးရနဲ့ယှဉ်ပြီးပြောရလို့ရှိရင်တော့ တိုင်းရင်းသားတွေရဲ့ လက်ရှိအစိုးရအပေါ်မှာ ယုံကြည်မှုကတော့ ပိုပြီးတော့ အားနည်းသွားတယ်လို့ မြင်တယ်။

ဘာပဲဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားခေါင်းဆောင် တော်တော်များများဟာ အစိုးရအပေါ်မှာ ယုံကြည်မှုရှိတယ်။ ယုံကြည်မှုရှိပြီးတော့ သူတို့ကလည်း ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်လာတဲ့အတွက် NCA အတိုင်းကို လက်မှတ်ထိုးတဲ့အင်အားစုတွေ အများကြီးရှိလာတယ်။ အခုကျတော့ တချို့ NCA လက်မှတ်ထိုးထားတာကနေ ပြန်ပြီးတော့တောင် နုတ်ထွက်တာတို့ဘာတို့ ဖြစ်လာတယ်။

နောက်တစ်ခါ ဝေဖန်မှုတွေလည်း တော်တော်မြင့်တက်လာတယ်။ ပြောရရင်တော့ လက်ရှိ တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့ အစိုးရအပေါ်မှာ ဦးသိန်းစိန်အစိုးရလောက်တော့ ယုံကြည်မှုမရှိလာဘူးလို့ ကျနော်တို့မြင်တယ်။ ဒါကလည်း အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက်တော့ ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ဘူး။ အားလုံးဟာ ကျနော်တို့နိုင်ငံသားတွေဖြစ်တယ်၊ ကျနော်တို့တိုင်းရင်းသားတွေဖြစ်တယ်။ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းပဲ ဒီနိုင်ငံရဲ့ အန္တရာယ်မှန်သမျှပေါ့နော်၊ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်တယ်။ ဆိုတော့ ကျနော်တို့ မညီညွတ်လို့မရတော့ဘူး။

မညီညွတ်တဲ့အတွက်လည်း ကျနော်တို့ ဒီနေ့မျိုးဆက်တွေဟာ ဒီဒုက္ခဒဏ်ကို ခံနေရတာဖြစ်တယ်။ အခုက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ရဲ့ လူနေမှုအဆင့်အတန်းအရ ကျနော်တို့ အန္တရာယ်ရှိတယ်၊ အားနည်းတယ်။ အဲဒါလည်း ခုနပြောသလို ချုံ့ရရင်တော့ စနစ်ရဲ့အားနည်းချက်ကြောင့်လည်း ပါသလို ကျနော်တို့ နိုင်ငံရေးခေါင်းဆောင်တွေ၊ Institution တွေ၊ Stakeholder တွေ မညီညွတ်ခဲ့တဲ့ဟာတွေလည်း ပါတယ်။ ဥပမာ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ဒီလိုမျိုး မညီညွတ်ခဲ့တာတွေလည်း ပါတယ်။

ဆိုတော့ ဒီအချိန်မှာ မျိုးဆက်ကို ကျနော်တို့က တိုင်းပြည်ကောင်းချင်ရင် စည်းလုံးညီညွတ်မှုအမွေကောင်းကို ကျနော်တို့ ပေးခဲ့နိုင်ဖို့လိုတယ်။ အဲဒီအမွေကောင်းက ဒီနေ့ သြဇာရှိနေတဲ့ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်တွေက မျိုးစေ့ချပေးခဲ့ဖို့လိုတယ်။ ဆိုတော့ အဓိကကတော့ ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်။ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက်၊ ဒီမျိုးစေ့ကောင်းချပေးနိုင်ဖို့အတွက် သဘောထားတွေလည်း ကြီးကြရမယ်၊ နောက်ပြီးတော့ ကျနော်တို့ အလျှော့အတင်းတွေလည်း လုပ်ကြရမယ်။ ဆိုတော့ တိုင်းရင်းသားတွေရင်ထဲမှာ ဘာရှိနေလဲ သိဖို့လိုတာပေါ့ဗျာ။

တိုင်းရင်းသားတွေက အခု ထားပါတော့ သူတို့ ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးတယ်၊ သူတို့ကို အနိုင်ကျင့်ဗိုလ်ကျတယ်လို့ တချို့ တိုင်းရင်းသားဒေသတွေက ခံစားရတယ်။ ဆိုရင် ဥပမာ ကျနော်တို့ ချောင်းဆုံတံတား အမည်ပေးတဲ့ဟာမျိုး၊ ဒီ ကယားမှာ ဗိုလ်ချုပ်ရုပ်တုကို တိုင်းရင်းသားတွေကန့်ကွက်နေတဲ့ကြားထဲက အတင်းဆောင်ရွက်တဲ့ကိစ္စမျိုးကတော့ ကျနော်တို့ အစိုးရအနေနဲ့ တော်တော်လေး စဉ်းစားဂရုစိုက်ပြီးလုပ်ရမယ့် အနေအထားဖြစ်တယ်။ ဒါကို အတင်းလုပ်ယူလိုက်တဲ့အတွက် ဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ ခုန တိုင်းရင်းသားတွေရင်ထဲမှာရှိနေတဲ့ ဗမာတွေဟာ လူမျိုးကြီးဝါဒ သွတ်သွင်းတယ်ဆိုတဲ့ ခံစားချက်မျိုး ဝင်သွားတဲ့အခါကျတော့ ခုနပြောတဲ့ ယုံကြည်မှုတည်ဆောက်ဖို့က ပိုပြီးတော့ အလှမ်းဝေးလာတယ်။ ယုံကြည်မှုတည်ဆောက်လို့မရရင် ငြိမ်းချမ်းရေးရဖို့ဆိုတာလည်း တော်တော်ခဲယဉ်းတယ်။

ပြောချင်တာကတော့ တိုင်းရင်းသားတွေရဲ့ရင်ထဲမှာ ဘာရှိသလဲ၊ ဒါတွေကို အစိုးရခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ နားလည်ဖို့လိုတယ်။ သူတို့ယုံကြည်လာအောင် ကျနော်တို့ဘက်ကလည်း ညှိနှိုင်းဆောင်ရွက်နိုင်ဖို့၊ ပေးဆပ်နိုင်ဖို့လိုသလို တိုင်းရင်းသားတွေ လိုအပ်ချက်တွေကိုလည်း ကျနော်တို့က ဖြည့်ဆည်းပေးဖို့လိုတယ်။ သူတို့ရဲ့ဆန္ဒတွေကိုလည်း အကောင်အထည်ဖော်ပေးနိုင်ဖို့လိုတယ်။ သူတို့နားလည်မှုလွဲနေတဲ့ကိစ္စတွေကို ကျနော်တို့က ပြန်တည့်မတ်ပေးဖို့လိုတယ်။ စည်းလုံးညီညွတ်ဖို့အချိန်က တန်တာမဟုတ်ဘူး၊ တော်တော့်ကိုနောက်ကျနေပြီ။ မျိုးဆက်ကို အမွေကောင်းတွေပေးဖို့ ကျနော်တို့ စိုးရိမ်စိတ်ရှိတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com