All News Local News

“စောရဂုဏ်ဖြုတ်ရခက်နေသော ပြည်ခိုင်ဖြိုး” ဆောင်းပါးသည် သူခိုးဟု စွပ်စွဲခြင်းဖြစ်၍ မီဒီယာကောင်စီသို့ ကြံ့ခိုင်ရေးပါတီ တိုင်ကြား

ရန်ကုန်၊ မတ် ၂၁

ဧရာဝတီသတင်းဌာနတွင် ဖော်ပြသည့် “စောရဂုဏ်ဖြုတ်ရခက်နေသော ပြည်ခိုင်ဖြိုး” ဆောင်းပါး သည် သူခိုးဟုစွပ်စွဲခြင်းဖြစ်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြား ထားကြောင်း ရန်ကုန်တိုင်းကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းအဆင့်ပါတီဝင် ဦးမိုးဝင်းကျော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။

မတ်လ ၄ ရက်နေ့ ဧရာဝတီမြန်မာပိုင်းWebsite တွင် ဖော်ပြခဲ့သည့် အဆိုပါဆောင်းပါးတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင်မြေ ၆၆ ကွက် ဝန်ကြီးဟောင်း များဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအုန်းမြင့်တို့က စီမံသည့် မြန်မာ နိုင်ငံတကာ ပူးပေါင်း ဆောင် ရွက်ရေး အေဂျင်စီက လက်သိပ်ထိုးချပေးခြင်း၊ မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ နှင့် တိုင်းဖွံ့ဖြိုးရေးရန်ပုံငွေ ပျောက်ဆုံးမှု၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် သည် NLD အစိုးရသစ်သို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ များ လွှဲပြောင်းရန် ပျက်ကွက်မှု တို့ကို ထောက်ပြထားခြင်းဖြစ်သည်။

“တိုင်ထားတဲ့သဘောလည်း ဟုတ်ပါတယ်။ နောက်နောင်လည်း ဒီလို မရေးဖို့ပါ။ ဘယ် ဆောင်းပါး လဲဆိုတော့ ကျနော်တို့ကို သူခိုးစွပ်စွဲတဲ့ဟာပါ။ လူပုဂ္ဂိုလ်နဲ့ အထောက်အထား ရှိတယ် ဆိုရင်တော့ မီဒီယာအပိုင်းပေါ့။ အစိုးရချင်းလုပ်ရမယ့် ကိစ္စကို သူတို့ကြားထဲက ဝင်ပြီးရေးတာကို မရေးဖို့ နောက်တစ်ခုကလည်း ရေးမယ်ဆိုရင် ပုဂ္ဂိုလ်ရေး ရေးပေါ့ဗျာ။ ခင်ဗျားတို့ဘက်ကလည်း မှန်မှန်ကန်ကန်အထောက်အထားနဲ့ ရေးပေါ့။ ကျနော်တို့ ပါတီက သူခိုးဆိုတာကြီး က ကျနော်ကိုယ်တိုင်ပဲ အကြောင်းကြား အသိပေးတာ။ ကျနော်ကိုယ်တိုင် သည်ပင်လျှင် ဒီခေါင်းစဉ်အောက်မှာ ရှိနေတဲ့သူလေ။ ကျနော်သည် သူခိုးမဟုတ်ဘူးလေ။ ဥပမာပြောတာပါ။ ဒီလိုသဘောပဲ။ ပြေလည်းပြေလည်သွားချင်ပါတယ်။ သူတို့က တော့ နောက် နောင် အခြားကိစ္စတော့ အခြားခေါင်းစဉ်ရှိမှာပေါ့။ သူတို့လည်း ဟိုဘက် ကို ပြေလည်အောင် နားလည်အောင် ညှိပေးမယ်ပြောပါတယ်။ ဒီကိစ္စက ဘာမှ မခဲယဉ်းတော့ ညှိနှိုင်းလို့ရမယ်ထင်ပါတယ်။ အပြုသဘောနဲ့ လုပ်တာပါ” ဟု ပါတီဝင် ဦးမိုးဝင်းကျော်က ပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ ၂ စာရေးဆရာ ထက်မြက်က ကြံ့ခိုင်ရေးပါတီ တိုင်ကြားမှုကို ကောင်စီက ပါတီတာဝန်ရှိသူများကို ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ခေါ်ယူ မေးမြန်းခဲ့ကြောင်း ပြောသည်။

“ဧရာဝတီက ဆောင်းပါးကို တင်ခဲ့အခါကျတော့ အဲ့ဒါက ကြံ့ခိုင်ရေးပါတီကလို့သုံးတဲ့ အသုံးအနှုန်းကို သူတို့ကဖယ်စေချင်တယ် ၊ ပြည်ခိုင်ဖြိုးပါတီဆိုတာကို ဖယ်ပြီးတော့ ဒီပုဂ္ဂိုလ်တွေကိုပဲထည့်ပေးပါ ပြည်ခိုင်ဖြိုးပါတီကို အဓိကထားပြီးတော့ မတိုက်ပါနဲ့ဆိုတဲ့သဘောမျိုးသူတို့ကတော့။ ပါတီကခုနပြောတဲ့ အကျင့်ပျက်ခြစားတာနဲ့ပတ်သက်ပြီးတော့ ကင်းရှင်းတယ်ဆိုတာကို ပြချင်တဲ့သဘောလို့ထင်တယ်။ ပါတီအနေနဲ့ထည့်မပေးပါနဲ့ ပါတီဆိုတာကို မထည့်ရင် သူတို့တော်ပါပြီဆိုတဲ့သဘောပဲသူတို့ပြောတာ။ ဒါပေမယ့် အဲ့ဒါကတော့ သတင်းသမားဘက်က သူဘယ်လိုဆက်ရေးလို့ဘယ်လိုသဘောထားလဲတော့ မပြောတတ်ဘူးပေါ့လေ ။ဒါကတော့ပြောမယ်ဆိုရင်တော့ ပြောစရာတွေအများကြီးပါပဲ ။တိုင်စာထဲမှာတော့ ပါတီကိုမထည့်ပါနဲ့ပေါ့” ဟု စာရေးဆရာထက်မြက်က ပြောသည်။

ဧရာဝတီမြန်မာပိုင်းအယ်ဒီတာ ဦးရဲနည်က ကြံ့ခိုင်ရေးပါတီ၏ တိုင်ကြားမှုကို သွားရောက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“အခုဟာက မီဒီယာကောင်စီကို အကြောင်းကြားထားတယ်ပြောတယ်။ ကျနော်တို့ကို ဖိတ်ထားတယ်။ ကျနော်တို့အနေနဲ့ မီဒီယာကောင်စီကို ဖြေရှင်းရမှာပေါ့။ မီဒီယာကောင်စီကနေပြီးတော့ ဘာများ ညှိနှိုင်းပေးနိုင်မလဲ စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့ရေးထားတဲ့ ဥစ္စာက မီဒီယာကျင့်ဝတ်နဲ့ နောက်ပြီးတော့ မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းဘောင်ထဲက ရေးထားတဲ့ ဥစ္စာပါပဲ။ ဒါပေမယ့် သူတို့ဘက် တိုင်ကြားလာတယ်ဆိုတော့ သူတို့ဘက်က ဘာမကျေနပ်တာလဲ ကျနော်တို့ သွားနားထောင်မှာပေါ့။ အဲဒီကျတော့မှ သိမှာပေါ့” ဟု ဧရာဝတီမြန်မာပိုင်းအယ်ဒီတာ ဦးရဲနည်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts