interview Peace political news

“ငြိမ်းချမ်းရေး လုပ်တယ်ဆိုတဲ့နေရာမှာ အစုအဖွဲ့တစ်ခုတည်းက ဦးဆောင် လို့မရဘူး”

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းတွင် ငြိမ်းချမ်းရေး ညီလာခံ တစ်ကြိမ် ကျင်းပပြုလုပ်မည်ဟု ပြောဆိုခဲ့သော်လည်း ယင်းပြောဆိုချက်မှာ လက်တွေ့ အကောင်အထည်မပေါ်လာတော့ဘဲ တိုင်းရင်းသားလက်နက်ကိုင် များနှင့် တပ်မတော်အကြား တင်းမာမှုများက ပိုမိုများပြားလာနေသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့်နေချိန် တိုင်းရင်းသားလက်နက်ကိုင် EAO များက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ PPST အထူးအစည်းအဝေး ကျင်းပပြီး ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။ PPST အစည်းအဝေး တက်ရောက်ခဲ့သူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးစိုင်းငင်း ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးစိုင်းငင်းနှင့်ဆက်သွယ်မေးမြန်းချက်

မေး ။ ။ PPST အစည်းအဝေးကနေ ထုတ်ပြန်ချက်လေး တွေ့လို့ပါ၊ အဲဒီမှာ RCSS နဲ့ KNU က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့မှာ ပါဝင် မှုက ကိုယ်စားလှယ် လွှဲပြောင်း တယ်ဆိုတဲ့ အဓိပ္ပာယ်က ဘယ်လိုလဲ မသိဘူး။
ဖြေ ။ ။ ပြီးခဲ့တဲ့ PPST မှာလေ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးကို တာဝန် ပေးတာကိုး၊ အခု အဲဒီ ဥက္ကဋ္ဌကြီးရဲ့နေရာမှာ KNU ရဲ့ အထွေထွေ အတွင်း ရေးမှူး ဖြစ်တဲ့ ဖဒို စောသာဒူမိုးနဲ့ အစားထိုးလိုက်တာဖြစ်တယ်။ နောက်ပြီး RCSS ရဲ့ ကိုယ်စားလှယ် အရင်တုန်းကတော့ ဥက္ကဋ္ဌပေါ့နော်၊ အဲဒီ ဥက္ကဋ္ဌရဲ့နေရာကိုကျတော့ ကျနော်တို့အဖွဲ့ အစည်းက နေပြီး တော့ ဗဟို ကော်မတီဝင်၊ နောက်ပြီးတော့ RCSS ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်စဝ်ဘောင်ခေးနဲ့ အစားထိုးပါတယ်။

မေး ။ ။ ၂၀၁၉ မေလမှာ NCA ထိုးထားတဲ့ EAO တွေကို အစည်း အဝေး လုပ် သွား မယ်ဆိုတဲ့ဟာလေ၊ အဲဒါကကျတော့ အဓိက ဘယ်လိုမျိုးလဲမသိဘူး။
ဖြေ ။ ။ အခု ကျနော်တို့ PPST အစည်းအဝေးက စုဖွဲ့မှုက အပြောင်း အလဲဖြစ် တာ ခင်ဗျ။ အခု PPST ကို ဖွဲ့စည်းပေးလိုက်တာက ခုန ပြောတဲ့ NCA က EAO တွေရဲ့ ထိပ်သီးအစည်းအဝေးဖြစ်တယ်။ ဒါကြောင့်မို့ အခုစုဖွဲ့မှုကို ပြုပြင် ပြောင်း လဲ၊ အဲဒီ Summit ကို ပြန်ခေါ်ရမယ့် အနေအထားရှိတယ်။ ဒါကြောင့် ခေါ်လိုက် ရတဲ့ အနေအထားဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း အရေးကြီးတဲ့ လုပ်ငန်း စဉ် တွေကလည်း အဲဒီမှာပဲ ကျနော်တို့ဆွေးနွေးဖို့ရှိတယ်လေ။

မေး ။ ။ အဲဒီမှာ PPST ကို ပြောင်းလဲလိုက်တယ်ဆိုတော့ ဘယ်လိုမျိုးလဲဆရာ၊ အဖွဲ့ကို အပြောင်းအလဲလုပ်တယ်ဆိုတဲ့ဟာကလေ ဘယ်လိုမျိုး အပြောင်း အလဲ လည်း မသိဘူး။
ဖြေ ။ ။ အပြောင်းအလဲဖြစ်တာ ခုနကျနော်ပြောသလို လူပုဂ္ဂိုလ်တွေပဲ အပြောင်း အလဲ ဖြစ်တာဖြစ်ပါတယ်။ ခုန အဖွဲ့ခေါင်းဆောင်တို့၊ ဒုတိယအဖွဲ့ ခေါင်းဆောင် တို့ကိစ္စ ကျတော့ လာမယ့် PPST အစည်းအဝေးမှာ ပြန်လည်ရွေးချယ် တင် မြောက် မှာဖြစ်ပါတယ်။ ထိပ်သီးအစည်းအဝေးမှာ ဘယ်လို စုဖွဲ့ကြမလဲ၊ အဖွဲ့ ခေါင်းဆောင် တစ်ယောက်ကိုလည်း ပြန်လည်ပြီးတော့ ရွေး ကောက် တင် မြောက် မှာဖြစ်ပါတယ်။ စုဖွဲ့မှုကလည်း ဘယ်ပုံစံသွားမလဲ ဆိုတာ အဲဒီမှာ အသေး စိတ်ပြောမှာ၊ ဆွေးနွေးမှာဖြစ်ပါတယ်။ Summit ကနေ ပြန်ပြီး အတည် ပြု မှာဖြစ်ပါတယ်။

မေး ။ ။ NCA စာချုပ်ကို တည့်မတ်စွာ အကောင် အထည် ဖော်နိုင်ပြီး ဆွေးနွေး ဆောင်ရွက်ရန် အလုပ်အဖွဲ့ကို ဖွဲ့စည်းမည် ဆိုတော့ ဒါ PPST ကနေ နောက် ထပ် တစ်ဖွဲ့ ထပ်ဖွဲ့တာပေါ့နော်၊ လုပ်ငန်း အဖွဲ့ဆိုပြီးတော့။
ဖြေ ။ ။ လုပ်ငန်းအဖွဲ့ဆိုတာ အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိတ်ဆို့နေတဲ့ အချက် လေးတွေ ရှိတယ်၊ အဲဒီပိတ်ဆို့နေတဲ့အချက်လေးတွေကို ကျနော်တို့က ပြန်ပြီး တော့ ရေးချလိုက်တယ် ဆွေးနွေးပွဲမှာလေ။ အဲဒီတော့ ပြန်ပြီးတော့ ထွက်လာ တယ်။ ရတော့ ထွက်လာတဲ့ ပိတ်ဆို့မှုတွေ ဘယ်လိုကျော်လွှားမလဲ၊ ဘယ်လို လုပ်မလဲ ခုန ဖွဲ့လိုက်တဲ့အဖွဲ့ကနေ အသေးစိတ်ပြန်လည်ရေးဆွဲမယ်၊ ပြီးရင် လာမယ့် ထိပ်သီးအစည်းအဝေး Summit မှာ တင်ပြမယ်။

မေး ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ PPST ထုတ်ပြန်ချက်မှာ ပါနေတာ တွေ့တယ်။ NCA လမ်းကြောင်းကနေ ပြင်မှလြား။
ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ EAO အနေနဲ့ကျတော့ လွှတ်တော် အတွင်းမှာလုပ်နေတာဆိုတော့ တိုက်ရိုက်ပါဝင်လို့မှ မရတာ။ အဲဒါကြောင့် ကျနော်တို့က NCA လမ်းကြောင်းကနေ မလုပ်ထားဘူးဆိုရင် အဲ့ဒီလိုမျိုး လုပ်တဲ့နေရာမှာ အဆင့်ဆင့်ညှိဖို့လိုတယ်။ တော်ကြာ လွှတ်တော်ထဲတစ်မျိုး ကျနော်တို့က တစ်မျိုး အဲဒီလိုမျိုးမဖြစ်အောင်ဆိုပြီးတော့ ကြားထဲမှာ ဘယ်လိုချိတ်ဆက်လုပ်မလဲဆိုတဲ့အနေအထားပါ။

မေး ။ ။ အဲဒီတော့ လွှတ်တော်နဲ့ ညှိချင်တာပေါ့။
ဖြေ ။ ။ အဲဒီလိုအနေအထားရှိတယ်၊ ကျနော်တို့ တလောက ပူးပေါင်းရေး ကော်မတီ ဖွဲ့လိုက်တယ်မလား။ အဲဒီကော်မတီနဲ့ EAO နဲ့ ဘယ်လိုချိတ်ဆက် လဲ စသည်ဖြင့်ပေါ့။ သဟဇာတဖြစ်သွားအောင်ပေါ့။ တော်ကြာ (အခြေခံဥပဒေ ) လွှတ်တော်ပြင်တဲ့ ဟာနဲ့ ကျနော်တို့ပြင်တဲ့ဟာ မကိုက်ဘူးဆိုရင် အဲ့လိုမျိုးတော့ မဖြစ်စေချင်ဘူး။

မေး ။ ။ အားလုံးပါဝင်ရေးမူဆိုတာကလေ ဒီဟာကိုပဲ အရင်တုန်းကအတိုင်းပဲ All Inclusive ကိုပဲ ပြန်တောင်းတာပေါ့နော်။


ဖြေ ။ ။ အဲဒီသဘောပါပဲ။ အခုက အားလုံးသိတဲ့အတိုင်း စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိဖို့က ကျနော်တို့ ဘယ်အဖွဲ့နဲ့မဆို၊ မထိုးရတဲ့သေးတဲ့အဖွဲ့တွေရော အဖွဲ့တွေအားလုံးပါဝင်ဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။

မေး ။ ။ ရခိုင်မှာဖြစ်နေတဲ့ AA နဲ့ အစိုးရနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာရှိသေးလား ။


ဖြေ ။ ။ ဆွေးနွေးတာရှိပါတယ်။ အသေးစိတ်တော့ ပြောလို့မရဘူးပေါ့နော်။ ဒီကိစ္စ ဘယ်လိုဖြေရှင်းကြမလဲ၊ ကျနော်တို့ ဒီဘက်က လက်မှတ်ရေးထိုးထားတဲ့ EAO တွေလည်း ရှေ့ဆက်ပြီးတော့ ကူညီနိုင်မယ့်ဆိုတဲ့ဟာတွေ ဆွေးနွေးခဲ့ပါတယ်။ ထုတ်ပြန်ဖို့တော့ မရှိပါဘူး။

မေး ။ ။ အစည်းအဝေးတစ်ခုလုံးကို ခြုံငုံကြည့်လို့ရှိရင် တိုင်းရင်းသားတွေဘက်က ငြိမ်းချမ်းရေးအတွက်ကို အရင်လို အစိုးရတို့၊ တပ်မတော်တို့လုပ်တာ မစောင့်တော့ဘဲနဲ့ တိုင်းရင်းသားတွေကိုယ်တိုင်က EAO တွေကိုယ်တိုင်က စပြီးတော့ ခြေလှမ်းလှမ်းတယ်ဆိုတဲ့သဘောပေါ့နော်။


ဖြေ ။ ။ အဲ့ဒီလိုယူဆလည်း ရနိုင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး လုပ်တယ်ဆိုတဲ့နေရာမှာ အစုအဖွဲ့တစ်ခုတည်းက ဦးဆောင်လို့မရဘူးလေ။ စုပေါင်းပြီးလုပ်သွားရမယ်ဆိုတဲ့ အခြေခံကိုတော့ ကျနော်တို့က လက်ခံထား ပါတယ်။

မေး ။ ။ အခု ငြိမ်းချမ်းရေးညီလာခံ ပင်လုံမှာ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောထားတာက ၂၀၁၈ နှစ်ကုန်ပိုင်းမှာ တစ်ကြိမ်လုပ်မယ်ဆိုပြီးတော့၊ အခု မလုပ်ဖြစ်တော့ဘဲနဲ့ တောက်လျှောက်ကြီးရွှေ့နေတယ်။ အဲဒီအပေါ်မှာရော ၂၁ ပင်လုံကလည်း မဖြစ်တဲ့အပေါ်မှာ ဆရာတို့ ဘယ်လိုသဘောထားလဲ။


ဖြေ ။ ။ အဲ့ဒီကိစ္စလည်း ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ခုနပြောသလို ကျနော်တို့ဘက်က ပြင်ဆင်စရာလေးတွေ ရှိတယ်။ အားလုံးလက်ခံနိုင်တဲ့ ကောင်းမွန်တဲ့ရလဒ်ရအောင် နည်းနည်းတော့ အချိန်ယူရမယ်။ ကျနော်တို့က ခုနပြောသလို Summit ပြီးတာနဲ့ ဒီကိစ္စတွေ အစိုးရနဲ့ ထိပ်တိုက် ဆွေးနွေးဖို့ရှိတယ်လေ။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်တဲ့ သဘောထား ထွက်လာမှာပါ။ အဲဒီထွက်လာတဲ့ ဘုံသဘောထားကိုယူပြီးမှ အစိုးရနဲ့ တပ်မတော်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်။ အဲဒီအတိုင်း ကျနော်တို့သွားကြရအောင်ဆိုတဲ့ အနေအထားဆိုတော့ ငြိမ်းချမ်းရေးလမ်းစဉ် —ရှေ့ဆက် သွားနိုင်အောင် ကျနော်တို့ဘက်ကလည်း စဉ်းစားနေပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com