All News interview

“ကျောင်းဆရာမှ ဒုရဲမှူး ၊ ဒုရဲမှူးဘဝမှသည် အမှန်တရားဘက်တော် သားအဖြစ်သို့ ဦးမိုးရန်နိုင်ဘဝခရီးလမ်း”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ဒုရဲမှူးဟောင်းဦးမိုးရန်နိုင်ဘဝခရီးလမ်း အပိုင်း ၁

“ရိုက်တာသတင်းထောက် ၂ ဦးကို ရဲမှူးချုပ် တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းခိုင်းခဲ့တယ်”၊ “အမှန်တရားကို ထုတ်ဖော်ရတာက ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာနဲ့ သူရှိပါတယ်” ဆိုတဲ့ စကားတွေ မြောက်ပိုင်းခရိုင်တရားရုံးနဲ့ ပြည်သူများကို ချပြပြီး ရာထူးဖြုတ်ခံရ၊ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ဟာ ထောင်က ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ထွက်ဆိုချက်တွေကြောင့် မှားယွင်းနေတဲ့ မြန်မာ့တရားစီရင်ရေး၊လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့သတင်းလွတ်ခွင့်ကို အာဏာနဲ့ ဖိနှိပ်နေမှုတွေကို ကမ္ဘာက သတိထားမိခဲ့ပါတယ်။ ရန်ကုန်ခေတ်သစ်က သူ့ဘ၀ အကြောင်း တစေ့တစောင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ပထမဆုံးမေးခွန်းအနေနဲ့ စမေးချင်တာက ငယ်စဉ်ဘဝပေါ့ မိုးရန်နိုင် ဆို တဲ့ လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝကနေပြီးတော့ ဘယ်လိုတွေဖြတ် သန်းပြီး တော့ ဘယ်လိုတွေ ကြီးပြင်းခဲ့လဲ။


ဖြေ ။ ။ ငယ်စဉ်ကဆိုရင် ကျနော်က မောင်နှမ ၉ ယောက်ရှိပါတယ်။ အဲဒီ ၉ ယောက်ထဲမှာ ကျနော်က တတိယမြောက်သားပေါ့။ မောင်နှမ ၉ ယောက်မှာ ယောကျာ်းလေး ၆ ယောက်၊ မိန်းကလေး ၃ ယောက်ရှိပါတယ်။ ကျနော်က အဲဒီအထဲမှာ ၃ ယောက်မြောက်ပေါ့။
တတိယမြောက်သားတစ်ယောက် ဖြစ်တယ်။ ငယ်စဉ်ကတော့ မူလတန်း ကျောင်း သား ကတည်းက ကျနော်က အလယ်တန်းကျောင်းသား ၇ တန်းအထိ မိခင်ကြီးနဲ့အတူ ကျောင်းဈေးတွေ၊ ကျနော်မူလတန်းကဆို မိခင်ကြီးနဲ့အတူ ကျနော်တက်ခဲ့တဲ့ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာ ကျောင်းမှာ မူလတန်းကျောင်းမှာ ကျောင်းနေတော့ အမေနဲ့အတူ ဈေးရောင်း တယ်၊ ဈေးရောင်းတယ်ဆိုတာလည်း ကြီးကြီးကျယ်ကျယ်ကြီး မဟုတ်ပါဘူး။


အဲဒီတုန်းကဆိုရင် ၅ ပြား ၁၀ ပြားခေတ်၊ ပြားတွေသုံးရတဲ့ခေတ်ဆိုတော့ အဲဒီမှာ အမေက ကပ်ဈေးနှဲတုတ်ရစ် ရောင်းတာ၊ ကပ်ဈေးနှဲတုတ်ရစ်ရောင်းတယ်။ နောက် မန်ကျည်းသီး ထုပ်ရောင်းတယ်။ အဲဒါ အမေနဲ့အတူတူရောင်းတာ။ ဒီလိုနဲ့ ၄ တန်းအောင်လာတယ်။ နောက် အလယ်တန်းကျောင်းသားဘဝမှာ တစ်ခါ မိခင်ကြီးနဲ့အတူ ကျနော်တို့ အလယ်တန်းကျောင်းသားဘဝက ကျနော်တို့ ခင်ဦးမြို့မှာက ပိတ်ကားရုပ်ရှင်ကြီးတွေ ရှိတယ်။ အဲဒီမှာလည်း ကျနော်က မိခင်ကြီးနဲ့အတူ အဲဒီလိုပဲ ညတိုင်းဈေးရောင်းတယ်။ ဈေးရောင်းပြီးပြန်လာမှ ကိုယ့်ကျောင်းအိမ်စာတွေ လုပ်စရာရှိတာလုပ်တာပေါ့။ ကျနော်ကတော့ ကျောင်းသားဘဝမှာ အဲဒီလိုကြီးပြင်းခဲ့တယ်။


အထက်တန်းကျောင်းသားဘဝမှာလည်း ကျနော်က ဘာလုပ်တုန်းဆိုတော့ နွေရာသီကျောင်းပိတ်တိုင်းဆိုလို့ရှိရင် ကျနော်တို့က ဆင်းရဲတော့ ကျူရှင်တွေဘာတွေ မတက်နိုင်ဘူး။ မတက်နိုင်တော့ ကိုယ့်ဘာသာကိုယ် ကိုယ့်စရိတ်ရှာတယ်။ နွေကျောင်းပိတ်ရက်ဆို အလုပ်လုပ်တယ်။ တစ်ခါတလေဆို ရွှေဘိုအထိသွားအလုပ်လုပ်တယ်။ ရွှေဘိုမှာဆိုရင် ကျနော် ၈ တန်း ၉ တန်းကျောင်းသားဘဝမှာဆိုရင် နွေကျောင်းပိတ်ရက်မှာဆိုရင် ရေစည်လှည်းတိုက်တယ်။ ရွှေဘိုမြို့က အဖေ့ရဲ့သူငယ်ချင်း ဆရာကြီးတစ်ယောက်ဆီမှာ သွားပြီး တပည့်ခံပြီးတော့ အဲဒီလို အလုပ်လုပ်ပြီး တော့ ပိုက်ဆံစုတယ်။ ကျောင်းပြန်ဖွင့်လို့ရှိရင် အဲဒီ ရတဲ့ပိုက်ဆံနဲ့ အမေ့ကို အပ်တယ်။ အဲဒီကနေ ကျောင်းစာအုပ်စာတမ်းတွေဝယ်ပြီးတော့ ဒီလိုနဲ့ပဲ ၁၀ တန်းတွေ ဘာတွေ အောင်လာတယ်။ ၁၀ တန်းတွေအောင်လာတော့ အလုပ်ရောက်တော့ အဖေက ကျနော် ကျောင်းဆရာလောကကို ရွေးဖြစ်တယ် ပေါ့။ ၁၀ တန်းအောင်တော့ ကျနော်က မူလတန်းပြကျောင်းဆရာအဖြစ် ကျနော့်ခင်ဦးမြို့မှာပဲ စပြီးတော့တာဝန်ထမ်းဆောင်ခဲ့တာဆိုလို့ရှိရင် ၆ နှစ်ခွဲကြာတယ်ပေါ့။


၁၉၉၁ ကနေ ၁၉၉၈ ဇွန်လကုန်အထိ ကျနော် ကျောင်းဆရာဘ၀ နဲ့ရပ်တည်ခဲ့ပြီး တော့ ဒီကျောင်းဆရာဘဝနဲ့ ကျနော်က ၁၉၉၁ ကနေ ၉၆ အထိက မူလတန်းပြ ဖြစ်ခဲ့ပြီးတော့ ၉၆ မှာ မူလတန်းကျောင်းအုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီးတော့ ခင်ဦးမြို့နယ်ရဲ့အစွန်ဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ သီဟတောဆိုတဲ့ရွာ အညာသီဟတောဘုရား နာမည်ကြီးရှိတဲ့ အညာသီဟတောကျောင်းမှာ မူလတန်းကျောင်းအုပ်ကလေးနဲ့ ရောက်ရှိခဲ့ပြီးတော့ တာဝန်ထမ်းဆောင်ခဲ့တာ စာသင်နှစ် ၂ နှစ်ပေါ့၊ အဲဒီမှာတာဝန်ထမ်းဆောင်ပြီးတော့ ကျနော်က ဖခင်ကြီးက ခေါ်ပြီးတော့ မင်း ဒုရဲအုပ်စာမေးပွဲဖြေပါ၊


ကျနော့်အဘိုးကလည်း အင်္ဂလိပ်ခေတ်က ကျနော်တို့ ရဲဝတ်စုံနဲ့ဆို ဘောင်းဘီ တိုနဲ့ ဌာနအုပ်ကြီးဆိုတော့ ဒီ အဘိုးအမွေလည်း ဆက်ခံရင်းနဲ့ မင်းရဲအရာရှိ စာမေးပွဲဖြေပါဆိုတော့ ကျနော်က Entrance ဖြေလိုက်တာ။ ဖြေပြီးတော့ အောင်တာပေါ့နော်။ အောင်လိုက်တော့ အဲဒီမှာ ကျောင်းဆရာ လောက ကထွက်ပြီးတော့ ရဲအရာရှိသင်တန်း အပတ်စဉ် (၃၇) မှာ သင်တန်း တက်ပြီး တော့ သင်တန်းတက်ပြီးဆင်းတာနဲ့ ကျနော် ၁၉၉၉ မှာ ဒုရဲအုပ်စဖြစ်တယ်။


အဲဒီ ဒုရဲအုပ်စဖြစ်ပြီးတော့ ကရင်ပြည်နယ်မှာ ၅ နှစ်ခွဲ၊ အဲဒါပြီးတော့ တစ်ခါ စစ်ကိုင်းတိုင်းမှာ ၈ နှစ်၊ နောက် ကယားပြည်နယ်မှာလည်း ၁ နှစ်ခွဲ တာဝန် ထမ်းဆောင်ပြီးတော့ နောက်ပြီးတော့ နေပြည်တော်မှာရောက်တယ်။ နေပြည်တော်မှာ ၃ နှစ်လောက်တော့ကြာမယ်ထင်တယ်။ အဲဒါပြီးတော့ ကျနော် ဒုရဲမှူးဖြစ်ပြီးတော့ ဒီ ရန်ကုန်ရဲတပ်ရင်း လုံခြုံရေးတပ်ခွဲ ၈ ကို ရောက်ခဲ့တယ်။

မေး ။ ။ မိဘတွေရဲ့ သားတစ်ယောက်ကို နေ့စဉ် ဆုံးမတဲ့စကားက ဘာလဲ။


ဖြေ ။ ။ ကျနော့်အဖေရဲ့နာမည်ကတော့ ဦးလတ်မောင်လို့ခေါ်တယ်၊ အမေက တော့ ဒေါ်ဝေေ၀လို့ခေါ်ပါတယ်။ ဖခင်ကြီးက သမဝါယမဦးစီးဌာနမှာ သူက ဌာနခွဲစာရေးကြီးပေါ့။ ကျနော်တို့မောင်နှမ ၉ ယောက်ရှိတဲ့အချိန်မှာ သူက ဌာနခွဲစာရေးကြီးဖြစ်တယ်။ ရုံးအုပ်စာရေးကြီးလစာက ကျနော်ထင်ပါတယ်၊ အဲ့ဒီတုန်းကလစာ ၃၀၀ လောက်ပဲ ထင်ပါတယ်။
မောင်နှမများတော့ မလောက်ဘူးပေါ့။ မလောက်တော့ ဒီလိုပဲ အမေနဲ့အတူတူ ခေါင်းရွက်ဗျတ်ထိုး ဈေးရောင်းတယ်။ နွေကျောင်းပိတ်ဆိုရင် ကျနော်အားရင် ကျနော်နဲ့အမေနဲ့ ရေခဲချောင်းတွေဘာတွေကအစ ကျေးရွာအနှံ့ ရောင်းတယ်။ နောက် ကျနော်မအားရင် ကျနော့်ညီတွေ၊ စဉ်ဆက်ပါပဲ အောက် ၃ ယောက် လောက်အထိက အကုန်လုံး အမေနဲ့ ဒိုးတူပေါင်ဖက် ဈေးရောင်းပြီး အစ်မတွေက အစပေါ့နော် အဲဒီလို ဈေးရောင်းပြီးတော့ ကျနော်တို့ မိသားစုကို အဲဒီလိုချီတက် တာပါပဲ။


အဖေကတော့ နည်းနည်းစိတ်ထက်တယ်၊ စိတ်မြန်တယ်ပေါ့နော်။ အဲဒီတော့ အဖေကတော့ သူကတော့ သူ့သား ယောကျာ်းလေးတွေဆိုရင် သူက လက်နက်ကိုင်ဆောင်ပြီးတော့ တိုင်းပြည်တာဝန်ထမ်းဆောင်တာကို သူက ဝါသနာပါတယ်။ အဲဒါကြောင့်မို့ထင်ပါတယ် ကျနော့်အစ်ကိုအကြီးဆုံးက သူက တပ်မတော်သားဟောင်းတစ်ဦးပါ။ တပ်မတော်အရာရှိဟောင်းတစ်ဦးပါပဲ။ ကျနော်ရောက်တော့ တပ်မတော်ထဲတာဝန်ထမ်းဆောင်ဖို့ ၁၀ တန်းအောင်တော့ အဖေက တိုက်တွန်းပါတယ်။


ဒါပေမယ့် ကျနော်ကတော့ စစ်တိုက်ရတာတော့ ဝါသနာမပါဘူး အဖေ ဆိုပြီးတော့ ပြောပြီးတော့ ကျနော် ကျောင်းဆရာအလုပ်ကို ရွေးခဲ့တာပါ။ မိခင်ကြီးကတော့ သူကတော့ ကျောင်းဆရာအလုပ်ကို အမေကတော့ အရမ်းသဘောကျတယ်။ အမေက အေးအေးဆေးဆေး၊ ကျနော်တို့က စိတ်မြန်တဲ့အထဲမှာပါတယ်။ အဲဒီတော့ အမေကတော့ ကျောင်းဆရာနဲ့ အေးအေးဆေးဆေး နေစေချင်တယ်။ ကျနော့်အမေရဲ့ အမြဲတမ်းဆုံးမ စကားကတော့ သူကတော့ မေတ္တာတရားကို အမြဲတမ်းလက်ကိုင်ထားဖို့ အမေကတော့ အမြဲတမ်းဆုံးမပါတယ်။ ကျနော့်အမေကတော့ ၂၀၁၂ မှာ ဆုံးသွားတာပါ။ ကျနော် ရဲထဲရှိနေတဲ့အတွင်းမှာပါ။

မေး ။ ။ ကျောင်းဆရာမှာလည်း တော်တော်လေးကြာပြီဆိုတော့ ဘာကြောင့်မို့ ရဲထဲကိုပြောင်းခဲ့တာလဲ။


ဖြေ ။ ။ ရဲထဲပြောင်းတာတော့ အဓိကကတော့ ကျနော်ကတော့ ဖခင်ကြီး စိတ်ချမ်းသာ စေချင်တာပေါ့နော်၊ ဖခင်ကြီး စိတ်ချမ်းသာစေချင်တယ်။ နောက် ဖခင်ကြီးစိတ်ချမ်းသာမယ်ဆို မိခင်ကြီးကလည်း လက်ခံမယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အမေရော အဖေရော လက်ခံတဲ့အနေအထားမျိုးဖြစ်တော့ ကိုယ်ကလည်း မျိုးရိုးစဉ်ဆက်ကလည်းဖြစ်တယ်၊ ကိုယ်ကလည်း သင့်တော်ပါ တယ်ပေါ့၊ ကိုယ်ကလည်း ရဲအရာရှိဆိုတော့လည်း ဘာစိတ်ဝင်စား တာလဲဆိုတော့ ကိုယ်ကလည်း ကျောင်းသားဘဝမှာ ပြောရမယ်ဆိုရင် မင်းသိင်္ခရဲ့ဝတ္ထုတွေကလည်း အတော်ဖတ်ခဲ့တာ။


အဲဒီတော့ မဆိုးဘူး၊ စုံထောက်အနေနဲ့ဆိုရင်လည်း ဒါ အမှုတွေဘာတွေ စုံစမ်းဖော်ထုတ်ရင်လည်း တိုင်းပြည်ကို အကျိုးပြုရာရောက်တာပါပဲဆိုပြီးတော့ အဲဒီဟာတစ်ခုတော့ စိတ်ဝင်စားတယ်ပေါ့နော်။ ငါ စစ်တိုက်ရတာမှ မဟုတ် တာပဲပေါ့ သဘောမျိုးနဲ့ ဝင်ဖြေလိုက်တာပါ။ နောက်ပြီးတော့ ကျနော်တို့က ဘာဖြစ်လဲဆိုတော့ ကျောင်းသားဘဝမှာလည်း ကျနော်တို့ အားကစားလည်း ထူးချွန်တဲ့အထဲမှာပါတာပေါ့။


မြို့နယ်ဘောလုံးလက်ရွေးစင်တို့ဘာတို့ကအစ မီနီမာရသွန်ဆိုလို့ရှိရင်လည်း ကျနော်က အမြဲတမ်း ပထမ၊ ဒုတိယ၊ တတိယ မြို့နယ်မှာ ရခဲ့တဲ့လူတွေဆိုတော့ ဖြေလိုက်တော့လည်း ပြေးဆို ထိပ်က ကျနော်ကရောက်သွားတာ၊ လျှော့မရဘူး။ ဖြေတော့လည်း အခက်အခဲမှန်သမျှလည်း အခက်အခဲ ၁၄ ခုဆိုလို့ရှိရင်လည်း ကျနော်တို့ အဲဒီခေတ်က ၁၄ ခုဆိုရင် ကျနော်က အကုန်လုံးကိုအောင်တာ။ ပေါ့ပေါ့ပါးပါးပဲဖြတ်သွားပြီးတော့ အလိုလိုအောင်သွားတာပေါ့လေ။ ဒီသဘောလည်းပါတယ်။

မေး ။ ။ မူလတန်းကျောင်းအုပ်ကနေ ရဲရောက်သွားတဲ့အချိန်မှာ Life နှစ်ခုက ချိန်းသွားတာပေါ့။ အစ်ကိုက ပထမတုန်းက ကလေးတွေစာသင်ရတာ၊ ရဲဆိုတာ လူဆိုးတွေထိန်းရတာ၊ Life နှစ်ခုချိန်း၊ ဘဝနှစ်ခုက မတူတဲ့ဘဝပေါ့၊ ကလေးထိန်းတဲ့ဘဝကနေ လူဆိုးထိန်းတဲ့ဘ၀ နှစ်ခုမှာ ဘယ်လို ကွာခြား သွားသလဲ။


ဖြေ ။ ။ ကိုယ် စစချင်းပြောင်းတဲ့အချိန်မှာ သူက ဘာဖြစ်လဲဆိုတော့ ဒီလူဆိုး တွေကို၊ သူများတွေက ဆိုးပေမယ့် ကျနော်ကတော့၊ ကျောင်းဆရာက လာတာ ဆိုတော့ ဘာကြောင့်မို့ဆိုးရသလဲဆိုတဲ့ အချက်အလက်ကို အခြေခံပြီးတော့ ပြည်သူလူထုနဲ့ ကျနော်က ဆက်ဆံရတာ ပိုပြီးတော့ ကျနော်ကျောင်းဆရာ ရဲ့အတွေ့အကြုံက ပိုကောင်းခဲ့တာပေါ့နော်။ သူများတွေ ကိုယ့်ကိုယ်ကိုယ် ပြည်သူကိုဆက်ဆံတဲ့အခါမှာ ငါ ရဲအရာရှိတစ်ယောက်ဆိုတဲ့ မာန်မာနမထားဘူး၊ ကိုယ်က သူတို့ကို ဒီ ကိုယ်ရဲထဲရောက်လို့ရှိရင် ကူညီပါရစေတဲ့ဆောင်ပုဒ်ဆိုတာ ပေါ်တောင်မပေါ်သေးပါဘူး။


အဲဒီလိုမတိုင်ခင်ကတည်းက ကိုယ်ချင်းစာစိတ်နဲ့ပေါ့၊ အမေကလည်း အမြဲမှာ တယ် ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာတရားလက်ကိုင်ထား၊ ဒီသဘောမျိုးနဲ့ ကျင့်သုံး ပြီး ပြည်သူလူထုကို ဆက်ဆံတဲ့အခါ ကိုယ်လိုချင်တဲ့သတင်းတွေ ရတယ်။ ဒီလူဆိုး သူခိုးတွေနဲ့ပတ်သက်လို့ သတင်းတွေဘာတွေက ကိုယ်က သူများ ထက်ကို အမြန်ရတဲ့အခါ ရဲအရာရှိနဲ့တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း ဒီ လူဆိုးသူခိုးတွေ ဖမ်းရဆီးရတဲ့တဲ့နေရာမှာလည်း ထူးထူးချွန်ချွန် ဆောင်ရွက် နိုင်ခဲ့တဲ့ အနေအထားရှိပါတယ်။ တအားကြီးတော့ ပြောင်းလဲမသွားဘူး။ အဓိက ပြောင်းလဲမသွားတာက လူထုကို ဆက်ဆံတဲ့နေရာမှာပဲ စကားပြောတယ်လို့ ကျနော်က ယူဆပါတယ်။

မေး ။ ။ ရဲဆိုလို့ရှိရင် လာဘ်ပေးလာဘ်ယူ အကြီးအကျယ်ရှိတယ်၊ နောက်ပြီးတော့ ငိုစားရယ်စားဆိုတဲ့ဟာမျိုးတွေကလည်းရှိတယ်အခါကျတော့ အဲဒီဒဏ်တွေကိုရော ဘယ်လိုကြံ့ကြံ့ခံခဲ့လဲ။ ကိုယ်ကိုယ်တိုင်ကရော အဲဒီရဲ့ အများမိုးခါရေ သောက်နေတဲ့အချိန်မှာ ဘယ်လိုဖြတ်ကျော်ခဲ့လဲ။


ဖြေ ။ ။ ဘယ်လိုဖြတ်ကျော်လဲဆိုတော့ ကျနော် ကရင်မှာဆိုလို့ရှိရင် ဘားအံမြို့နယ်၊ ဇာသပြင်ရဲစခန်း စကျတော့ ကျနော်က ကျနော်ကျတဲ့အခန်းရဲ့ဘေးမှာဆိုရင် တပ်ကြပ်ကြီးစာရေးပေါ့နော်၊ သူ့သားက ၁၀ တန်းကျောင်းသားပေါ့၊ ဘေးက စာကျက်နေတယ်။ ၁ နာရီလောက်ကြာတဲ့ အထိ စာတစ်ပိုဒ်ကို မပြီးဘူး။ အဲဒီတော့ ကျောင်းဆရာလုပ်တော့ စိတ်ကမရှည်ဘူး၊ မင်း လာစမ်းပါကွာဆိုပြီးတော့ ကိုယ်ပဲခေါ်သင်၊ အဲ့ဒီလိုနဲ့ အလုပ်လုပ်ရင်းတစ်ဖက်၊ ကိုယ် စနေ တနင်္ဂနွေအားရင် အားတဲ့အချိန်လောက်ကို အဲ့လိုပဲ စခန်းထဲကလေးတွေ စာသင်၊ အဲ့လိုကျော်ဖြတ်တာပေါ့နော်။ အဲ့လိုလည်းကျော်ဖြတ်တယ်၊ ရောက်တဲ့နေရာတိုင်းလည်း ကျောင်းဆရာဘဝနဲ့ ရဲအရာရှိဘဝနဲ့ တအားကြီးကင်းမသွားဘူး။ ကင်းမသွားတဲ့အကြောင်းအရင်းက ကျနော် နေပြည်တော်မှာ ရဲအုပ်ဘဝနဲ့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်တော့တောင် ကျနော်က ၇ တန်းကလေးမလေး တစ်ယောက်ကို သင်္ချာကို ရဲတာဝန်ပြီးတဲ့အချိန် ကျနော်သွားပြီးပြတာ တစ်လ စရိတ်ငြိမ်းပေါ့၊


ကျနော် သူ့သွားပြတယ်၊ ဆီဖိုးတွေကအစ အကုန်ခံတာပေါ့၊ အသလွတ် ငါးသောင်း၊ ဒါမျိုးပေါ့။ အဲ့ဒီလိုမျိုးလေးတွေ အပိုဝင်ငွေရှာတယ်။ နောက် ဘယ်ရောက်ရောက်၊ စစ်ကိုင်းတိုင်းနေတုန်းကလည်း ကျွန်းလှစခန်းမှာ အမှုစစ်နဲ့တာဝန် ထမ်းဆောင်တုန်းကလည်း ကျနော် ဆိုင်ကယ်တက္ကစီကအစ တရားဝင်ဆွဲတာ၊ ထွက်ပြီးတော့ မြို့ထဲမှာရှိတဲ့ ဆိုင်ကယ်တက္ကစီဂိတ် တွေဘာတွေနဲ့ ချိတ်ထားတယ်၊ တည်းခိုခန်းပိုင်ရှင်တွေနဲ့ချိတ်ထားတယ်၊ ညကြီး သန်းခေါင်သန်းလွဲဗျာ သွားမယ့်သူ လာမယ့်သူရှိရင် ကျနော့်ပြောပါ၊ ကျနော်က ဘာပဲဖြစ်ဖြစ် ရဲဆိုတော့ လုံခြုံပါတယ်၊


စောင့်ရှောက်ပေးရာလည်းကျပါတယ်ဆိုပြီးတော့ ကျနော် အဲဒီလို တက္ကစီ ဆွဲတာတွေ ကအစ ကျနော် အဲဒီလိုပဲ တရားဝင်ချီတက်ခဲ့တာ။ အမြဲတမ်း အပိုဝင်ငွေကိုလည်း တရားဝင်ချီတက်တာပါ။ အဲဒီလိုပြောလို့ မင်းကင်းလားဆိုရင်တော့ ကျနော်ကတော့ ဒီနေရာမှာ ဟံသာဝတီသတင်းစာ ဆရာကြီး ဦးဝင်းတင်စကားကိုပဲ ငှားသုံးရမှာပေါ့နော်။ သူပြောတဲ့အထဲမှာ ဆိုလို့ရှိရင် ရဲအရာရှိတာဝန်ထမ်းဆောင်တဲ့အထဲမှာ ပါရာဇိကကျအောင် အထိတော့ ကျနော် ကျူးလွန်တဲ့အမှုတွေ မရှိပါဘူး၊ အနည်းအကျဉ်းတော့ အာပတ်သင့်တဲ့ဟာမျိုးလေးတွေတော့ ရှိပါတယ်။

မေး ။ ။ ရဲဆိုရင် ဟာ ဒီရဲတွေ မကောင်းပါဘူးဆိုတဲ့ Mindset စိတ်နေစိတ်ထား တွေက တော်တော်များများရှိနေကြတော့ အဲဒီအမြင်တွေကိုပြောင်းဖို့ ကြိုးစားခဲ့ရ တဲ့ အဖြစ်မျိုးတွေရှိလား။


ဖြေ ။ ။ ရှိတယ်ဗျ၊ အဲဒါတော့ ကျနော်က ရဲထဲမှာရောက်တဲ့အချိန်မှာ ဘာထူးခြား လဲဆိုတော့ ရဲတွေမကောင်းပြောတဲ့ဟာ ကိုယ်က ရဲတစ်ယောက်ဖြစ်ပေမယ့် ကျနော်က ဘယ်လက်ဖက်ရည်ဆိုင်ပဲရောက်ရောက်၊ ဘယ်နားရောက်ရောက် ကျနော့်ဝေဖန်လို့ရှိရင် ကျနော် အမြဲတမ်းလက်ခံတာ။ အဲဒါ ကျနော့်ရဲ့ထူးခြား ချက်ပေါ့။ ဘာကြောင့်မို့လက်ခံလဲဆို ကျနော်က ဒါ သူတို့ပြောလိုက်တဲ့ဟာက ဘယ်အချက်ကတော့ ငါတို့အတွက်မကောင်းဘူးဆို ကျနော်က အမြဲတမ်း ပြုပြင်ဖို့ စိတ်ဓာတ်ရှိတာပေါ့နော်။ အဲ့ဒီလိုချီတက်တာ။ အမှတ်တရဆုံးဆိုရင် ဥပမာ ကျနော် ကျွန်းလှရဲစခန်းမှာ အမှုစစ်ဘဝနဲ့ ဒုရဲအုပ်ဘဝမှာဆိုရင် မုဒိမ်းမှုတရားခံပါ။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့ လာတိုင်တဲ့အမှုဆိုလို့ရှိရင် အဲဒီတုန်းက ကျနော်တို့စခန်းက ပြောလို့လည်းမကောင်းပါဘူး၊ စခန်းမှူးရဲ့ အပေါ်မှာ အားမရတော့ တရားလိုတွေဘက်က အထင်မှားပြီးတော့နေတဲ့အချိန် ကျနော် အဲဒီအမှုကို လူကြီးတွေက မိုးရန်နိုင် မင်းပဲစစ်၊ အဲဒီတရားခံကို ရအောင်ဖမ်းပါဆိုတော့ ကျနော် အဲဒီမှာ ဘယ်လိုဆောင်ရွက်ခဲ့ရတုန်းဆိုတော့ ဒီ တရားလိုတွေလည်း ကျေနပ်အောင်၊ ကိုယ်လည်း အမှုစုံစမ်းတာ၊


ရဲတပ်ဖွဲ့ကိုလည်း အထင်မမှားအောင်ဆိုပြီး ကျနော်ကိုယ်တိုင် အဲဒီ တောထဲမှာ အမှုဖြစ်တဲ့ရွာမှာကို ကျနော်ကိုယ်တိုင်ကို တောင်သူကို တစ်ပတ် ၁၀ ရက် မလုပ်တတ် လုပ်တတ်နဲ့ နွားကျောင်းတာတို့ ဘာတို့ကအစ ကျနော်ကိုယ်တိုင် ထဲထဲဝင်ဝင်ကို စုံစမ်းပြီးတော့ တကယ်ဖော်ထုတ်ခဲ့ရတာ။ အဲဒီတုန်းကဆိုရင် ရွာက တရားလိုမိသားစုနဲ့ မိသားစုကလွဲရင် အဲဒီကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောင် မသိဘူးပေါ့၊ အဲဒီလို မသိဘဲနဲ့ကို ကျနော် သိုသိုသိပ်သိပ်နဲ့ဆောင်ရွက်ပြီး တရားခံကိုမိသွားမှ ဟာ အဲဒီတော့မှ ငါတို့ရွာမှာ ဘယ်သူ့အိမ်မှာလာပြီးတော့ စာရင်းငှားလုပ်နေတဲ့သူက ရဲအရာရှိဖြစ်ပါလား ဆိုပြီးတော့ သူတို့ အဲဒီရောက်မှ အံ့သြတာပေါ့။

ဪ ဒီလိုရဲတွေ ရှိသေးပါလားဆိုတဲ့အချက်ရောက်တော့မှ ကိုယ်က ရဲတိုင်းဆိုးတာမဟုတ်ပါဘူး၊ ကောင်းတဲ့သူရှိပါသေးတယ်၊ ကျနော်က ကျနော်ချည်းကောင်းတယ်လို့ ပြောတာမဟုတ်ပါဘူး၊ ကျနော့်လိုကောင်းတဲ့ သူတွေ အများကြီးရှိပါသေးတယ်။ သိတာနဲ့ မသိတာ ကွာတာပါလို့ ကျနော်က ပြောပြခဲ့ပါတယ်။ အဲဒီတုန်းကဆို ဒီလို မီဒီယာတွေခေတ်စားတဲ့ကာလ မဟုတ်ဘူးလေ။ ကျနော်တို့တောင် ဖုန်းမကိုင်နိုင်တဲ့ခေတ်ဆိုတော့ ဒါ တော်တော်စောတဲ့ခေတ်ပေါ့။ အဲဒီရွာကတော့ ကျနော့်ကို အမြဲတမ်း အမှတ်ရကြတယ်။ နောက် ကျနော် ယူနီဖောင်းနဲ့ရောက်တော့မှ အံ့သြကြတယ်။ ဒါ ကျနော်ကိုယ်တိုင်ကို ပြည်သူလူထုကို အမြင်ပြောင်းလဲခဲ့တဲ့ အထင်ရှားဆုံး အဖြစ်လေးတစ်ခုပါ။ ဒါလေးကတော့ တကယ် မှတ်မှတ်ထင်ထင်ရှိခဲ့တာပါ။

မေး ။ ။ တစ်လျှောက်လုံး အာဏာရှင်စနစ် ရဲဆိုတာ သူတို့လိုရင်လိုသလို လုပ်နေတယ်ဆိုတဲ့အမြင်ပေါ့နော်၊ လူထုကို နှိပ်ကွပ်တယ်ဆိုတဲ့အမြင်တွေက ဒါတွေက တကယ်ရောဟုတ်လား၊ တကယ် ရဲဆိုတာက တကယ်တော့ ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းစဉ်က ဘာလဲ။


ဖြေ ။ ။ ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းစဉ် အဓိကကတော့ ဒီ ရပ်ရွာအေးချမ်းသာယာရေး၊ ကျေးရွာတွေ အေးချမ်းသာယာရေး၊ မြို့တွေအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး ဒါတွေက ရဲတပ်ဖွဲ့ရဲ့ အဓိက တာဝန်ပါပဲ။ ဒီလိုတာဝန်ယူဆောင်ရွက်တဲ့ ရဲအရာရှိတွေကို အုပ်ချုပ်တဲ့၊ အမိန့် ပေးတဲ့ တချို့အရာရှိကြီးတွေပေါ့နော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့မှူးတွေရဲ့ ကွပ်ကဲမှု အားနည်းချက် ရှိလို့ရှိရင်ရှိသလို ရဲတပ်ဖွဲ့ကို ပြည်သူက အမြင်ကတ်တဲ့သဘောရှိပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com