All News Local News

NLD ၏ ဖွဲ့စည်းပုံ ပြင်ရေး ပူးပေါင်းကော်မတီတွင် မည်သည့်မူဝါဒဖြင့် ဆွေးနွေးရမည်ကို လမ်းညွှန်ချက်မရှိဟု ကြံ့ခိုင်ရေးအမတ်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

NLD က ဦးဆောင်ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတွင် မည်သည့် မူဝါဒဖြင့် ဖွဲ့စည်းပုံပြင်ရေး ပါဝင်ဆွေးနွေးရမည်ကို ကြံ့ခိုင်ရေး ပါတီက လမ်းညွှန်မှု မပြုသေးကြောင်း ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးဆီဟူးဒွေ့က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်မည့် ကြံ့ခိုင်ရေး လွှတ်တော်အမတ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အမတ်များ၏ အမည်စာရင်းများကို ယနေ့ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ကြေညာပြီး ကချင် အမျိုးသားလွှတ်တော်အမတ် ဦးဆီဟူးဒွေ့ လည်း ကော်မတီတွင် အပါအဝင်ဖြစ်သည်။

“ကျနော်တောင်အခု နေပြည်တော်ကို ပြန်လာနေတာ။ အခုမှ သိတာ။ ဘယ်လိုမူဝါဒနဲ့ ဆွေးနွေးရမလဲဆိုတာ လမ်းညွှန်ထားတာမရှိသေးဘူး။ အခုတော့ ဘာမှ မှတ်ချက် မပေးချင်သေးဘူး” ဟု ဦးဆီဟူးဒွေ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ကြံ့ခိုင်ရေးပါတီမှ ၂ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ၁၀ ဦးပါဝင်ပြီး ကော်မတီတွင် အဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးရှိသည်။

အဆိုပါကော်မတီဖွဲ့စည်းရေးကို NLD ပါတီမှ ဦးအောင်ကြည်ညွန့်က အရေးကြီးအဆို တင်သွင်း၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com